ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့သီပေါမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
နောင်ချိုမြို့နယ်က စစ်ကောင်စီအမြောက်တပ်စခန်းတွေရှိတဲ့ တောင်ခမ်းကျေးရွာအနီးမှာ အခုလ ၁၄ ရက်ကနေ ဒီနေ့ ထိ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ကနေ နောင်ချိုဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ပြင်ဦးလွင်ဒေသခံတချို့ဆီကသိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းတောင်ပိုင်း ရပ်စောက်ကနေ နောင်ချိုကို စစ်အင်အားဖြည့်တင်းနေကာ နောင်ချိုနဲ့ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်ရင်း အမတ (၃၅၄) တပ်စခန်း၊ (၉၀၂) တပ်စခန်းနဲ့ မကျီးရေရွာအနီးက တပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတာပါ။
အခုလ ၁၄ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဟာ TNLA စိုးမိုးထားတဲ့ နောင်ချိုမြို့ရဲ့ တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရား အနီးတစ်ဝိုက်ကို လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် မနေ့ကလည်း စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၅၄ တပ်စခန်းအနီး၊ တောင်ခမ်းရွာအနီးနဲ့ မကျီးရေရွာအနီးတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ရှမ်းမြောက်က သီပေါမြို့ရဲ့ စစ်ကောင်စီအခြေစိုက် ခလရ -၂၃ တပ်ရင်းကို TNLA က မနေ့ကစတင်ကာ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။
စစ်ရေးသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီတပ်က ရှမ်းတောင်ကနေ လာလို့ရသမျှ ထုတ်နုတ်အင်အားတွေနဲ့ တောင်ခမ်းကို တောင့်ခံနေပြီး TNLA က တောင်ခမ်းဒေသကို သိမ်းယူနိုင်ဖို့ နီးစပ်လာပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီနေ့ရေးသားထားပါတယ်။
နောင်ချိုနဲ့ သီပေါမြို့တွေဟာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးခံစစ်မြို့တွေဖြစ်ပြီး ဒီဒေသတွေမှာ TNLA နဲ့ တိုက်ပွဲတွေပြင်းထန်နေတာ တစ်လနီးပါး ရှိလာပြီဖြစ်ပါတယ်။
နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာဟာ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်အခြေစိုက် ပြင်ဦးလွင်မြို့နဲ့ လက်တကမ်းမှာရှိနေပြီး ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွားထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်နေတာပါ။
ဒီတိုက်ပွဲတွေမှာ TNLA အပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကျောက်မဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ကျောက်မဲ-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတာပါ။
ပုံစာ – ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ TNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – TNLA သတင်းနှင့်ပြန်ကြားရေး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

