Transparency International က နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုအညွှန်းကိန်း ( Corruption Perception Index)
အောင်ပိုင်
ရန်ကုန်-၂၀၂၀ ဇန်နဝါရီ ၂၉ (မော်ကွန်း)
၂၀၂၀ ခုနှစ်အတွက် အဂတိလိုက်စားမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ထက် အဆင့်ခုနစ်ဆင့် ကျဆင်းခဲ့ကြောင်း Transparency Myanmar Initiative Group က အစီရင်ခံစာ ထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံအလိုက် ရမှတ်တွင်လည်း တစ်မှတ်ထပ်လျှော့ခံရကာ ၂၈ မှတ်သာ ရရှိခဲ့သည်ဟု အထက်ပါအဖွဲ့က ဖော်ပြသည်။
ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုအညွှန်းကိန်း ( Corruption Perception Index) ကို ကိုးကား၍ ယခုအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် ၂၀၁၉ တွင် အဆင့် ၁၃၀ ရခဲ့သည် မြန်မာနိုင်ငံသည် ၂၀၂၀ တွင် အဆင့် ၁၃၇ သို့ ကျဆင်းလာကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။ ယင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့ စတင်အာဏာရရှိစဉ် ၂၀၁၆ ခုနှစ်က အဆင့် ၁၃၆ အောက်သို့ ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ဒါအပြင် လက်ရှိအစိုးရ၏ သက်တမ်းအတွင်း အဆိုးဆုံးအဆင့်ကျ ဆင်းခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်ကရရှိခဲ့သည့် CPI အညွှန်းကိန်းရမှတ်အဆင့်မှ ကျဆင်းသွားရသည့် အကြာင်းအရင်းမှာ တရားဥပဒေစိုးမိုးရေးတွင် အဂတိလိုက်စားမှုများ၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဖိနှိပ်ကန့်သတ်မှုများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
ယင်းအပြင် အရပ်ဘက်အဖွဲ့အစည်းများက အများပြည်သူနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ ရယူနိုင်ရေးကန့်သတ်မှုများကြောင့်လည်းဖြစ်ကြောင်း Transparency Myanmar Initiative Group က ဖော်ပြသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အရေးယူဆောင်ရွက်နိင်ရေးအတွက် အပြောင်းအလဲများဖော်ဆောင်ရန် စစ်မှန်သည့် ကြိုးပမ်းအားထုတ်မှုများ မဖြစ်ပေါ်သေးသမျှ CPI ညွှန်းကိန်းရမှတ်များ ဆက်လက်ကျဆင်းနေမည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
CPI အညွှန်းကိန်းသတ်မှတ်ချက် ရမှတ်အဆင့်ဆိုးရွားမှုသည် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာစံနှုန်း ကျင့်ဝတ်များကို လိုက်နာလုပ်ဆောင်သည့် ကုမ္ပဏီများ၏ စိတ်ဝင်စားမှုကိုကျဆင်းစေနိုင်ရုံသာမက နိုင်ငံ၏အထွေထွေဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေသည်ဟုအစီရင်ခံစာတွင် သတိပေးထားသည်။
“ အဂတိလိုက်စားမှုများပါက ရင်းနှီးမြှုပ်နှံမှုနည်းပါးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းမည်”ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က သတိပေးထားသည်ဟု Transparency Myanmar Initiative Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ အညွန်းကိန်းတွင် မြန်မာနိုင်ငံသည် ဒိုမီနီကန်နိုင်ငံ၊ ဂီနီနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ ပါရာဂွေးနိုင်ငံတို့နှင့် အဆင့်အတူပင် ဖြစ်သည်။ မြန်မာပါဝင်သော အာရှ-ပစိဖိတ်ဒေသတွင်း(၃၁) နိုင်ငံ အနက် အဆင့် (၂၅) တွင်ရှိပြီး ဒေသတွင်း ပျှမ်းမျှရမှတ် (၄၅) မှတ်အောက် (၁၇) မှတ် ပိုလျော့နည်း ရရှိထားသည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် အမြင့်ဆုံးရရှိနိုင်သည့် အညွှန်းကိန်းရမှတ်မှာ (၁၀၀) မှတ်ဖြစ်၍ အဂတိလိုက်စားမှု ဖြစ်စဥ်များကိုတွေ့ရှိရသည်နှင့်အမျှ ရမှတ်လျော့နည်းသွားသည်ဟု Transparency Myanmar Initiative Group က ဖော်ပြသည်။
#Dailynews

