ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၃ (မော်ကွန်း)
ညီနောင်မဟာမိတ်အဖွဲ့ တွေဖြစ်တဲ့ TNLA ၊ MNDAA၊ AA တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ယခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပေမယ့် ဒီနေ့အထိ တိုက်ပွဲတွေဆက်လက်ဖြစ်နေဆဲဖြစ်ပြီး ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေဆဲဖြစ်ပါတယ်။
အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး စစ်ရေးရည်မှန်းချက် အလားအလာနဲ့ ဆွေးနွေးပွဲသက်ရောက်မှု အခြေအနေတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
မော်ကွန်း – စစ်ကောင်စီက မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တယ်။
ဒါပေမယ့် ညီနောင်မဟာမိတ်အဖွဲ့တွေကလည်း တိုက်ပွဲတွေ ဆက်ပြီးဖော်ဆောင်နေသလို သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်အတိုင်း ဆက်သွားမယ်ဆိုတာမျိုး ထုတ်ပြန်ထားတယ်။
အဲ့ဒီအခြေအနေမှာ ပြည်သူလူထုအနေနဲ့ ဒီအခြေအနေကို ဘယ်လိုယူဆလို့ ရပါသလဲ။
ဦးသန်းစိုးနိုင် – လက်ရှိအခြေအနေကတော့ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း ပြည်သူတွေကိုလိမ်လည်ခဲ့တာ သုံးလေးခါလောက်ရှိပြီဖြစ်တဲ့အတွက် ဒီကြားထဲမှာ သူပြောတဲ့စကားက မှန်သလား၊ မှားသလားဆိုတာ မပြောတတ်သေးဘူး။
နောက်တစ်ခုက အဲ့ဒီဆွေးနွေးပွဲမှာပါတယ်ဆိုတဲ့ ညီနောင်သုံးဖွဲ့ထဲကလည်း အချို့က မတက်ရောက်ဘူးလို့ ပြောနေတယ်။ နောက်တစ်ခုက သူတို့ပြောနေတဲ့ စစ်ရပ်စဲရေး အစီအစဉ်တွေမှာ AA နဲ့ TNLA မပါဘူးလို့လည်း ပြောနေတယ်။
အဲ့ဒီကိစ္စတွေအားလုံးက ညီနောင်သုံးဖွဲ့က ကြေညာချက်တစ်ခု ထုတ်ပြန်ပြီး ရှင်းလင်းပါလိမ့်မယ်။ အဲ့ဒါမှပဲ ရှင်းလင်းသွားလိမ့်မယ်။ ကျွန်တော်တို့တော့ ဒီအချိန်မှာ အတိအကျ မပြောတတ်သေးပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာကိုတော့ တွေ့နေရပါတယ်။
မော်ကွန်း – ညီနောင်မဟာမိတ်တွေနဲ့ ဒီဘက်က တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG ၊ PDF အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အခြေအနေကိုရော ဘယ်လိုသုံးသပ်လို့ရပါလဲ။
ဦးသန်းစိုးနိုင် – အဆက်အသွယ်တော့ ရှိကြပါတယ်။ အထူးသဖြင့် TNLA နဲ့တော့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိကြပါတယ်။ ဒါပေမယ့် တစုတစည်းတည်း Joint Command နဲ့ မဟာဗျူဟာ တစ်ခုတည်းနဲ့ သွားနေတဲ့ အဆင့်ထိတော့ မရောက်သေးဘူးထင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ မှန်းဆချက်ပဲဖြစ်ပါတယ်။
မော်ကွန်း – တရုတ်နိုင်ငံက အခုအခြေအနေမှာ ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီအကြား ကြားဝင်ပြီး ဆွေးနွေးလာရင် ညီနောင်မဟာမိတ်တပ်တွေရဲ့ စစ်ရေး ရည်မှန်းချက်အတိုင်း ဆက်သွားနိုင်ပါလား။
တရုတ်ရဲ့ အခန်းကဏ္ဍရော ဘယ်လိုရှိနိုင်ပါသလဲ။
ဦးသန်းစိုးနိုင် – ဒါတွေကလည်း ပြောရခက်ပါတယ်။ တစ်ဘက်ကလည်း ဒီအဖွဲ့အစည်းတွေကို ထူထောင်ပေးခဲ့တာက တရုတ်ပြည်ရဲ့ ယူနန်ပြည်နယ်ရဲ့ အာဏာပိုင်တွေဖြစ်နေတယ်။
အခု တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒ ပေါ်လစီတွေကလည်း ငြိမ်းချမ်းရေးရယူဖို့ဆိုတဲ့ သဘောထားတွေရှိနေတဲ့အခါ အဲ့ဒီကြားထဲမှာ ဒီအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုရပ်တည်မလဲဆိုတာတော့ ကျွန်တော်တော့ အတိအကျပြောဖို့က ခက်ပါတယ်။
ဒါပေမယ့် ဒီအဖွဲ့အစည်းတွေလည်း နှစ်ရှည်လများ တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်တိုက်ခိုက်လာတဲ့အဖွဲ့တွေဖြစ်တယ်။ နိုင်ငံရေးရည်မှန်းချက်နဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက် သူတို့ကြေညာတဲ့အတိုင်း ဆက်လုပ်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါတယ်။
ဒါပေမယ့် တရုတ်ပြည်ရဲ့ ပါဝင်စွက်ဖက်မှုက ဘယ်လောက်များပြီး ဘယ်လောက်ထိ အရစ်ရှည်ဦးမယ်ဆိုတာ ကျွန်တော်တို့လည်း မပြောတတ်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုက ကျွန်တော်တို့ရဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ဘယ်သူကမှ ကူခဲ့တာမဟုတ်ပါဘူး။
ကျွန်တော်တို့ပြည်သူတွေ ကိုယ့်ဘာသာကိုယ် တိုက်ပွဲဝင်လာတာပါ။ အဲ့ဒါကြောင့် အချိန်တစ်စုံတစ်ရာ ကြာရင်ကြာသွားမယ်၊ ဒီတိုက်ပွဲကိုတော့ လူထုကတော့ ဆက်တိုက်မှာ။
ဒီတိုက်ပွဲက နောက်ဆုံးမှာ အောင်မြင်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ကျန်တဲ့ အနှောင့်အယှက်တွေ၊ အတွန်းအတိုက်တွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့လည်း ပြောရခက်ပါတယ်။
မော်ကွန်း – လက်ရှိမှာ ညီနောင်မဟာမိတ်အဖွဲ့တွေက တရုတ်နယ်စပ်က စခန်းတွေသိမ်းတယ်။ မြို့တွေသိမ်းတာတွေ ရှိတယ်။
ရှမ်းမြောက် လားရှိုးအစပ်နားလောက်ထိ ရောက်လာတာတွေတွေ့ရတယ်ပေါ့ဆရာ။ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်က ဘယ်လောက်အထိရှိမယ်လို့ ခန့်မှန်းပါသလဲ။ လက်ရှိစစ်ရေးအရှိန်ကရော ဘယ်လိုဖြစ်လာနိုင်လဲ။
ဦးသန်းစိုးနိုင် – ညီနောင်သုံးဖွဲ့ဆိုတာကလည်း ညီနောင်သာဖွဲ့ထားတာ၊ နေရာက တစ်နေရာစီ ဖြစ်နေတာပေါ့။ ဥပမာ AA နဲ့ ဆိုရင် ဘာမှ မဆိုင်ဘူးခင်ဗျ ဒီနေရာတွေက။
သို့သော်ငြားလည်း သူတို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်။ သူတို့အားလုံးရဲ့ ဦးတည်ချက်ကတော့ ကိုယ့်ဒေသကိုယ်အရင် လွတ်မြောက်အောင်လုပ်ဖို့ပါပဲ။
ပြီးတော့ သူတို့က ဒီနွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်မယ်လို့ ပြောထားတော့ အဲ့ဒါတွေကတော့ သူတို့ဒေသတွေ လွတ်မြောက်ပြီးမှပဲ သူတို့ရဲ့ လှုပ်ရှားမှုကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာပဲလို့ ပြောချင်ပါတယ်။