အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဩဂုတ် ၁၇ (မော်ကွန်း)
နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအပေါ်မူတည်သည်ဟု ယင်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့နံနက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၁ (MICCC-I) တွင် စတင်ကျင်းပနေသည့် (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သူက ပြောခြင်းဖြစ်သည်။
“စေ့စပ်ညှိနှိုင်းရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဝင်ရောက်လာရင် စေ့စပ်ညှိနှိုင်းမှုတွေ အမှန်တကယ် လုပ်နိုင်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အပေးအယူအလျှော့အတင်း တစ်စုံတစ်ရာ လုပ်ကိုင်နိုင်စွမ်းမရှိပါက UPDJC ၏ အနစ်သာရသည် အချည်းနှီးပဲ ဖြစ်မည်ဟုလည်း သူကပြောသည်။
“နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြရာမှာ စိတ်ရှည်မှု ၊ သီးခံမှု၊ အပြန်အလှန် နားလည်မှုတွေကို အရင်းခံ့ပြီး ဆွေးနွေးညှိနှိုင်းကြဖို့ အရေးကြီးပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
UPDJC ဒုတိယဥက္ကဌဖြစ်သူ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း ၁၀ နှစ်ကြာလာသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များတွင် တစ်ဆို့မှုများ ဖြစ်ပေါ်ဆဲဟု ဆိုသည်။
အစည်းအဝေးဆွေးနွေးချက် ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်သည် မည်သည့်ဆုံးဖြတ်ချက်မျှ ချမရသည့် ဆွေးနွေးချက်များဖြစ်နေခြင်း၊ ဆုံးဖြတ်ချက်ချပြီးဖြစ်သည့် အချက်များတွင် လည်း ၅၀ ရာခိုင်နှုန်းခန့်သည် အကောင်အထည်ဖော်မရသည့် ဆုံးဖြတ်ချက်များဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ အစည်းအဝေးမှာ တစ်နေ့လုံးဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် တစ်ယောက်ယောက်က ထပြီး ‘ကျွန်တော်တို့ စိုးရိမ်မိပါတယ်၊ အချိန်မတန်သေးဘူးထင်ပါတယ်’ လို့ ပြောလိုက်ရင် ဘယ်လိုမှ ဆုံးဖြတ်ချက် ချလို့မရတော့ဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
ယခုအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် ကိစ္စရပ်များ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။
ယနေ့ ကျင်းပသည့် UPDJC အစည်းအဝေးအား တွေးရစဉ်
ဓာတ်ပုံ – NCA-S EAO
#Dailynews