ရန်ကုန် – ၂၀၂၃ ဇွန် ၂၁ (မော်ကွန်း)
ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ စိုးရိမ်မှုတွေရှိလာတယ်လို့ အဆိုပါလုပ်ငန်းရှင်တွေကပြောပါတယ်။
အမေရိကန်အစိုးရက စစ်ကောင်စီအပေါ် ထပ်မံ ဖိအားပေးမှုပြုလုပ်တဲ့အနေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို ပိတ်ဆို့အရေးယူမှာဖြစ်တယ်လို့ သံတမန် သတင်းအရင်းအမြစ်တွေကိုကိုးကားပြီး Thai PBS World သတင်းဌာနက မနေ့ကသတင်းဖော်ပြခဲ့ပါတယ်။
အဆိုပါနိုင်ငံပိုင်ဘဏ်နှစ်ခုမှာ နိုင်ငံခြားငွေနဲ့ ကုန်သွယ်မှုလုပ်နေတဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းအများစု ဘဏ်စာရင်းဖွင့်ကာလုပ်ဆောင်နေရတဲ့အတွက် ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်မှုတွေရှိတယ်လို့ ရေထွက်ပို့ကုန် ပြည်ပတင်ပို့နေသူတစ်ဦးက ပြောပါတယ်။
“လက်ရှိပြည်တွင်းမှာ ဒေါ်လာကရှားပါးဖြစ်နေတယ်၊ အကန့်အသတ်ရှိနေတော့ တကယ်လို့ ဒီဘဏ်တွေကို နိုင်ငံတကာကပိတ်ဆို့ခဲ့ရင်တော့ ကုန်သွယ်ရေးတော့ ထိခိုက်မှာသေချာတယ်၊ ငွေပေးချေရာမှာ ပြဿနာတွေတက်လာနိုင်တယ်၊ အခုက ပြည်တွင်းနဲ့ပြည်ပငွေပေးချေမှုတွေ တော်တော်များများက အဲ့ဒီဘဏ်တွေမှာ အကောင့်ဖွင့်ထားရတာ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီဘဏ်တွေကို အရေးယူပိတ်ဆိို့မယ့်သတင်းကြောင့် ဒေါ်လာဈေးကွက်မှာလည်း လှုပ်ခတ်မှုရှိလာပြီး ဒေါ်လာဈေး ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
“အခုက တရားဝင်မထုတ်ပြန်သေးတော့ စောင့်ကြည့်နေကြတယ်၊ ဈေးကွက်ထဲမှာ အရောင်းအဝယ်တော့အေးသွားတယ်၊ ဈေးကတော့ အတက်မှာပဲရှိနေတယ်၊ ဈေးကွက်ထဲမှာ ဒေါ်လာလှုပ်လာတာပေါ့” လို့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဆိုပါသတင်းထွက်ပေါ်နေမှုကိုမစိုးရိမ်ကြဖို့ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် မနေ့ကညပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီဘဏ်နှစ်ခုဟာ အမေရိကန်ဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိတာကြောင့် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ မိဘပြည်သူတွေကို အသိပေးလိုတာကတော့ အဲဒီ့ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေတဲ့ မိဘပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ အသိပေးလိုပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်ထဲက ဆောင်ရွက်နေတာမဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်များရဲ့ဘဏ်ခွဲတွေကလည်း ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ သူကပြောပါတယ်။
အဆိုပါ MFTB နဲ့ MICB ဘဏ်နှစ်ခုဟာ နိုင်ငံပိုင်ဘဏ်တွေဖြစ်ပြီး ဗဟိုဘဏ်ရဲ့ လက်အောက်မှာ နိုင်ငံခြားသုံးငွေ လွှဲပြောင်းလက်ခံတာ၊ ပို့ကုန်၊ သွင်းကုန်တွေ ငွေပေးချေတာနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာငွေလွှဲပို့မှုတွေကို ဆောင်ရွက်နေတဲ့ ဘဏ်တွေဖြစ်ပါတယ်။
ပုံစာ – အရေးယူပိတ်ဆို့ခံရမယ့် နိုင်ငံပိုင်ဘဏ်နှစ်ခု
ဓာတ်ပုံ – MICB, MFTB
#Dailynews

