“နိုင်ငံတော်အဆင့်အနေနဲ့တောင်မကဘဲ နိုင်ငံတကာရဲ့အကူအညီနဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ရန်ပုံငွေတွေရှာပြီးတော့ လုပ်ဆောင်မှ အဆင်ပြေမယ့်အခြေအနေတွေရှိတယ်”

“နိုင်ငံတော်အဆင့်အနေနဲ့တောင်မကဘဲ နိုင်ငံတကာရဲ့အကူအညီနဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ရန်ပုံငွေတွေရှာပြီးတော့ လုပ်ဆောင်မှ အဆင်ပြေမယ့်အခြေအနေတွေရှိတယ်”

ရန်ကုန် – ၂၀၂၃ မေ ၁၉ (မော်ကွန်း)

မေလ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ အလွန့်အလွန်အင်အားပြင်း ဆိုက်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသတွေဖြစ်တဲ့ ရခိုင်၊ ချင်း၊ မကွေး၊စစ်ကိုင်းနဲ့ကချင်ပြည်နယ်တွေဟာ မုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ရှည်လျားစွာနယ်နမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဖြစ်ပြီး ပြည်နယ်ရဲ့မြို့တော် စစ်တွေအပါအဝင် မြောက်ဘက်ပိုင်းက ဒေသတွေဟာ ဆိုးရွာစွာပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်ကို သဘာဝဘေးကျရောက်တဲ့ဒေသအဖြစ်ကြေညာခဲ့ပြီး မုန်တိုင်းကြောင့် လူပေါင်း ၁၅၀ နီးပါးသေပြီး အအောက်အအုံပေါင်း ၄၅,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းကြောင့် ၄၅၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

ရခိုင်ပြည်နယ်အတွင်း လတ်တလော ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပုံတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မြေပြင်မှာကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)က အတွင်းရေးမှူးဖြစ်သူ ကိဇော်ဇော်ထွန်းကို ဆက်သွယ်မေးမြန်းထားတာတွေထဲကတစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းအပျက်အစီးတွေနဲ့ ပတ်သက်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပြီလို့သိရတယ်။ ကယ်ဆယ်ရေးတွေ ဘယ်နေရာတွေမှာ၊ ဘယ်လိုတွေ စတင် လုပ်ဆောင်နေပြီလဲ။

ကိုဇော်ဇော်ထွန်း။ ။ အဓိကတော့ ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရတဲ့ မြို့နယ်တွေဖြစ်တဲ့ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ပေါ့၊ အဲဒီမြို့နယ်တွေမှာ ကယ်ဆယ်ရေးတွေလုပ်ဆောင်ဖို့အတွက် စတင်ပြီးလုပ်နေကြတယ်။ တချို့တွေ
စပြီးတော့ လုပ်နေပြီပေါ့။ ကျွန်တော်တို့ဆိုရင်လည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ စပြီးတော့ လုပ်ဆောင်နေတယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေးတွေနဲ့ အရေးပေါ်တုန့်ပြန်ရေး ဆောင်ရွက်နေတာများတယ်။
ကူညီထောက်ပံ့တဲ့ကိစ္စမျိုးတွေကတော့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ စပြီးတော့လုပ်နိုင်မယ့် အခြေအနေတော့များတယ်။

မော်ကွန်း။ ။ ကယ်ဆယ်ရေးတွေစတင်လုပ်ပြီဆိုပေမယ့် တချို့ကျေးရွာတွေဆိုလည်း အခုထိ ကယ်ဆယ်ရေးအဖွဲ့တွေမရောက်သေးတာတွေလည်းရှိတယ်လို့ သိရတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ကိုဇော်ဇော်ထွန်း။ ။ လောလောဆယ်အနေအထားက သွားလာရတာမျိုးတွေက မလွယ်သေးဘူးပေါ့။ သွားလို့လာလို့ မလွယ်ကူသေးတဲ့နေရာတွေ မြို့နယ်တွေကလည်း အများကြီးရှိသေးတယ်။ အဲဒီလိုဆိုတော့ ကူညီကယ်ဆယ်ရေး ကတော့ နှောင့်နှေးနေသေးတဲ့ သဘောမျိုးတော့ မြင်ရတယ်။

မော်ကွန်း။ ။ မုန်တိုင်းသင့်ပြည်သူတွေက ဘာတွေကို အဓိကလိုအပ်နေလဲ။ ဘယ်အပိုင်းတွေမှာ ထောက်ပံ့ဖို့လိုအပ်နေသလဲ။

ကိုဇော်ဇော်ထွန်း။ ။ ကျွန်တော်တို့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်ကို သွားခဲ့တယ်ပေါ့။ လောလောဆယ်တွေ့ရတာတော့ လိုအပ်နေတဲ့အပိုင်းတွေမှာတော့ ပြည်သူတွေအရေးပေါ် တောင်းဆိုနေတာကတော့ အမိုးအကာတွေအတွက်ကို ဖြည့်ဆည်းပေးဖို့ပေါ့။ အမိုးအကာတွေမရှိတော့
မိုးကလည်း တောက်လျှောက်ရွာနေတဲ့အခါ သူတို့လည်း တော်တော်လေး အခက်အခဲဖြစ်တယ်။

အဲ့ဒါကြောင့် အမိုးအကာကို အဓိကအကူအညီ တောင်းကြတယ်။ နောက်တစ်ခုကတော့ အစားအသောက်ပေါ့။
အရေးပေါ် အစားအသောက်တွေ အရေးတကြီးလိုနေတယ်။ နောက် သောက်ရေသုံးရေတွေ လိုအပ်နေတယ်။ ဒီသုံးခုကတော့ အခုလောလောဆယ်မှာ အရမ်းကိုအရေးတကြီးလိုအပ်နေတာပါ။

မော်ကွန်း။ ။ လက်ရှိ ကယ်ဆယ်ရေး မရောက်သေးတဲ့ကျေးရွာတွေမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ။ ကူညီကယ်ဆယ်ရေးတွေမရှိဘဲ သူတို့ ဘယ်လိုနေထိုင်နေကြလဲ။

ကိုဇော်ဇော်ထွန်း။ ။ လောလောဆယ် သူတို့ကတော့ အပြိုအပျက်တွေကြားထဲမှာပဲ အဆင်ပြေသလို နေကြရတာပေါ့။ အဲဒီတော့ နောက်ဆက်တွဲအနေနဲ့ လူတွေက တော်တော်လေးကို စိတ်ဒဏ်ရာတွေရသလို ဖြစ်လာနိုင်တာရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးချို့ယွင်းတာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး ကျွဲ၊နွားတွေကလည်း သေဆုံးမှုတွေ အရမ်းများတယ်။ အဲဒီ သေဆုံးတဲ့ကျွဲနွားတွေကလည်း လမ်းတစ်လျှောက်မှာအပုပ်နံ့တွေ ဟောင်နေတယ်။ နောက်ပြီး ရေတွင်း၊ ရေကန်တွေကလည်း ပင်လယ်ရေတွေဝင်ပြီးတော့မှ ရေချိုတွေမရှိတော့ဘူး။ အဲဒီတော့ ရှိတဲ့ရေကိုပဲ အဆင်ပြေသလို ကျိုချက်ပြီးသောက်နေရတာ။ ဆေးဖြန်းပြီး သောက်နေရတာလည်း ရှိတယ်။ အဲဒါတွေကလည်း လုံလောက်မှုမရှိဘူး။ အဲဒီတော့ နောက်ဆက်တွဲမှာတော့ ကျန်းမာရေး ပြဿနာကတော့ အကြီးအကျယ်တက်လာဖို့ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အထူးလိုအပ်နေတယ်။

မော်ကွန်း။ ။ ရခိုင်ပြည်နယ်မှာ နေအိမ်တွေ၊ အဆောက်အအုံတွေ မုန်တိုင်းကြောင့် တော်တော်လေး ပျက်စီးသွားတဲ့ အခြေအနေတွေ့ရတော့ ရခိုင်ပြည်နယ်ကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့အတွက် ဘယ်လောက်အထိ လုပ်ဆောင်ဖို့လိုအပ်သလဲ။

ကိုဇော်ဇော်ထွန်း။ ။ အခုက ပျက်စီးတဲ့ အိမ်တွေ၊ ရွာတွေက ရွာတိုင်းလိုလိုမှာက ၉၀ ရာခိုင်နှုန်းနဲ့ အထက်ကို ပျက်စီးသွားတာ။ တစ်ရွာလုံး ၁၀၀ ရာခိုင်နှုန်းအထိပျက်စီးတဲ့ ရွာတွေလည်း ရှိတယ်။ နောက်ပြီးတော့
လမ်းပမ်းဆက်သွယ်ရေးအတွက် လိုအပ်တဲ့ တံတားတွေ ကျိုးကျကုန်တယ်။ နောက်ပြီး လမ်းတွေပိတ်ဆို့နေတာလည်းရှိတယ်။ အဲဒါတွေကို လမ်းပန်းဆက်သွယ်ရေး ပြန်ရအောင် တော်တော်လေး လုပ်ရဖို့ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးရပြီးမှ သွားနိုင်လာနိုင်မယ့် အနေအထားတွေရှိတယ်။

ပြီးတော့ အဓိကလိုအပ်တာက လျှပ်စစ်မီးပေါ့။ လျှပ်စစ်မီးမရှိတာကတော့ ဒေသခံတွေအတွက် အတော်လေး အခက်အခဲဖြစ်တယ်။ ပြီးတော့ လမ်းတစ်လျှောက်မှာလည်း ဓာတ်အားလိုင်းတွေ၊ Power Supply တွေကော၊ ဓာတ်တိုင်တွေကော အကုန်လုံး ကျိုးသွားတယ်။ ဒါတွေက အရမ်းကို ဦးစားပေးပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ ဖြစ်တယ်လို့တော့ မြင်တယ်ပေါ့။ ဒါက
နိုင်ငံတော်အဆင့်အနေနဲ့တောင်မကဘဲ နိုင်ငံတကာရဲ့ အကူအညီနဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ရန်ပုံငွေတွေရှာပြီးတော့ လုပ်ဆောင်မှ အဆင်ပြေမယ့်အခြေအနေတွေရှိတယ်။ ပြီးတော့ ဒေသတွင်းမှာလည်း ကုန်စည်စီးဆင်းမှုတွေ နှေးကွေးသွားတာ၊ စားနပ်ရိက္ခာမလောက်ငှတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ဆက်တိုက်ကို ရှိလာမယ့်အခြေအနေရှိပါတယ်။

ပုံစာ- ကိုဇော်ဇော်ထွန်း၊ အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC)
Photo – Supplied


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."