ကျော်ဇေယျ ရေးသည်
မြစ်တန်း၊ ဇွန် ၂၀၁၈
မြန်မာပြည်ရဲ့စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသကို လွန်ခဲ့တဲ့ ၁၀နှစ်က နာဂစ်မုန်တိုင်း ဝင်မွှေလို့ ဒေသ တစ်ခုလုံးနီးပါး အတုန်းအရုန်းနဲ့ ဘုန်းဘုန်းလဲတုန်းက မြစ်တန်းရွာလည်း မရှုမလှ ခံခဲ့ရတယ်။
နာမည်နဲ့လိုက်အောင် မြစ်ဘေးမှာ အတန်းလိုက်တည်ရှိတဲ့ မြစ်တန်းရွာဟာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ထဲမှာ တည် ရှိတာပါ။ ဘိုကလေးမြို့ကနေ အောက်ဘက်ပင်လယ်ပိုင်းကို ဘိုကလေးမြစ်အတိုင်း စက်လှေနဲ့ တစ်နာရီခွဲလောက် မောင်းဆင်းသွားရင် ညာဘက်ကမ်းဘေးမှာ ဒီရွာကို တွေ့ရပါလိမ့်မယ်။
နာဂစ်မုန်တိုင်းတိုက်တုန်းက လူ ၇၀၀ လောက်နေထိုင်တဲ့ ဒီရွာမှာ ၆၀ နီးပါးသေခဲ့သလို အသက်ဘေးကလွတ်သူတွေလည်း သူတို့ ပိုင်ဆိုင်သမျှ မုန်တိုင်းကယူသွားလို့ လက်ချည်းဗလာနဲ့ ကျန်ခဲ့ရတာပါ။ အုန်းပင်၊ကွမ်းသီးပင်နဲ့ အခြားဒီရေတောအပင်တွေသာ မရှိခဲ့ရင် အသေအပျောက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ရွာသားတွေက ခန့်မှန်းကြတယ်။
“တံမြတ်စည်းအလှဲခံလိုက်ရသလိုပဲ။ ပြောင်ထွက်သွားတာ” လို့ မြစ်တန်းရွာသား ဦးဝင်းစိုးသန်းက နာဂစ်အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြတယ်။ ဟိုတုန်းက အိမ်ခြေ ၁၈၀ လောက်ရှိခဲ့တဲ့ ဒီရွာကို နာဂစ်မုန်တိုင်းဝင်တော့ နေအိမ်သုံးလုံးလောက်ပဲ သစ်ပင်တစ်ချို့နဲ့ ညပ်ပြီးပျက်စီးကျန်ခဲ့တာ။ အခြားအိမ်အားလုံးကတော့ မုန်တိုင်းဒီရေနဲ့အတူ မျောပါပျောက်ဆုံးသွားကြတယ်လို့ မြစ်တန်းရွာသားတွေကပြန်ပြောပြတယ်။
ဒီရွာကအိမ်အများစုက ဧရာဝတီတိုင်းက ကျေးလက်တွေမှာ ပေါပေါများများတွေ့နိုင်တဲ့ ဓနိမိုး၊ ထရံကာ အမျိုးအစား အိမ်လေးတွေပါပဲ။ လက်ရှိ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိတဲ့ ဒီရွာမှာ အဓိကအသက်မွေးအလုပ်တွေက မြစ်ထဲမှာ ရေလုပ်ငန်းလုပ်ရင်လုပ်၊ မဟုတ်ရင် ကုန်းပေါ်မှာ လယ်ယာလုပ်၊ ဒါပဲရှိတယ်။

(Photo: Kyaw Zayya)
ဖျာပုံမြို့နယ်၊ အဖောင်ကျေးရွာမှ ခိုလှုံရာအဆောက်အအုံ (Photo: Kyaw Zayya)
ဧရာဝတီတိုင်းအပါအဝင် ရန်ကုန်၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့ကို ၂၀၀၈ မေ ၂ နဲ့ ၃ မှာ ဖြတ်လို့ မြန်မာ-ထိုင်းနယ်စပ်မှာ အားကုန်အဆုံး သတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူနှစ်သန်းခွဲနီးပါး ထိခိုက်ခံစားခဲ့ရကာ ၁၄၀,၀၀၀ ကျော်လောက်အသေအပျောက်ရှိခဲ့ပါတယ်။
ကမ္ဘာ့မိုးလေဝသတင်းတွေကို ဆယ်စုနှစ်များစွာ စောင့်ကြည့်ဖြန့်ချိနေတဲ့ Weather Underground ရဲ့ သုတေသနပြုချက်အရ ဘင်္ဂလားပင်လယ်အော်မှာဖြစ်သမျှ မုန်တိုင်းတွေထဲမှာ လူအသေအပျောက်အများဆုံးအဆင့် ၈ ရှိတဲ့ အဲဒီသဘာဝဘေးနဲ့ မြစ်တန်းရွာသားတွေ ကြုံခဲ့ရတာ အခုဆို ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါပြီ။ ဒါပေမဲ့ နာဂစ်လိုမုန်တိုင်းမျိုး နောက်တစ်ကြိမ်များ ထပ်ကြုံရမယ်ဆိုရင် တုံ့ပြန်ခုခံနိုင်ဖို့ အသင့်ဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းကိုတော့ အခုအထိ မြစ်တန်းရွာသားတွေ ဖြေဖို့ ခက်ခဲနေတုန်းပါပဲ။
မြစ်တန်းသားတွေတင်မဟုတ်ပါဘူး။ ဒေသတွင်းသဘာဝဘေးကြိုတင် တုံ့ပြန်ကာကွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်နေသူတွေလည်း ဒီမေးခွန်းကို ၁၀ နှစ်ကြာတဲ့အထိ တိတိကျကျမဖြေနိုင်ကြသေးပါဘူး။
“ဒေသလုံးဆိုင်ရာအမြင်ကိုပြောရရင်တော့ သဘာဝဘေးတုံ့ပြန်ကာကွယ်ရေးအတွက်က အရမ်းလိုအပ်နေပါသေးတယ်” လို့ ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာပြန်လည်ထူထောင်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနဲ့ ရပ်ရွာဖွံ့ဖြိုးရေးတွေကို ကူညီနေတဲ့ World Vision-Myanmar အဖွဲ့ရဲ့ ဘိုကလေးဒေသ စီမံချက်တာဝန်ခံ ဦးဌေးလင်းက ပြောပြတယ်။
အဓိကကျတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေ လုံလုံလောက်လောက်မရှိတာ၊ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိနေတာ၊ ဘေးအန္တရာယ်ကြိုတင်သတိပေးစနစ်တည်ဆောက်နိုင်မှု အားနည်းနေတာတွေဟာ နောက်တစ်ကြိမ်မုန်တိုင်းများဝင်ခဲ့ရင် ရင်ဆိုင်ဖို့ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့ ဒေသအတွင်းမှာ သဘာဝဘေးတုံ့ပြန်ကာကွယ်ရေး ဆောင်ရွက် နေကြသူတွေက ပြောကြတယ်။
လိုအပ်နေဆဲမုန်တိုင်းဒဏ်ခံအဆောက်အအုံ
မြန်မာနိုင်ငံမှာသဘာဝဘေးတွေဖြစ်လာရင် အဓိကစီမံခန့်ခွဲရတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဧရာဝတီတိုင်းမှာ လက်ရှိတည်ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၇၀ ရှိနေပြီလို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဆောက်လုပ်ဆဲ ငါးလုံးနဲ့ ဒီဘဏ္ဍာနှစ်အတွင်းထပ်မံဆောက်လုပ်ဖို့ တင်ဒါခေါ်နေတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး ဧရာဝတီတိုင်းအတွက်ရှိနေတယ်လို့ ဒီဝန်ကြီးဌာနက စာရင်းမှာဖော်ပြတယ်။ အဲဒါတွေအားလုံးဆောက်ပြီးရင် ဧရာဝတီ တိုင်းအတွင်းမှာ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၃၀ ကျော်ရှိလာမှာဖြစ်ပါတယ်။
ဒါပေမဲ့ပြဿနာက ဧရာဝတီတစ်တိုင်းလုံးအတွက် လိုအပ်တဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ဘယ်နှစ်ခု၊ မုန်တိုင်းဒဏ်ခံရနိုင်တဲ့ အခြားဒေသတွေအတွက် လိုအပ်တဲ့အဆောက်အအုံ ဘယ်နှစ်ခုဆိုတာနဲ့ပတ်သက်ပြီး လိုအပ်တဲ့အရေအတွက်ကို သုတေသန ပြုလုပ်ထားတာမျိုး အခုထိတော့ မရှိသေးဘူးလို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဘေးအန္တ ရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဒေါ်နီလာထွန်းက မော်ကွန်းကို တယ်လီဖုန်းက တစ်ဆင့်ပြောပါတယ်။
“ဆိုင်ရာ ပြည်နယ်၊တိုင်းတွေက ဆောက်လုပ်ပေးပါလို့ တင်ပြလာတဲ့အပေါ် စိစစ်ပြီး အရေးပိုကြီးတဲ့နေရာတွေကို ဦးစားပေး ဆောက်လုပ်ပေးနေတာတော့ ရှိတယ် ” လို့ သူက ပြောတယ်။
လက်ရှိဆောက်လုပ်ထားတာတွေရှိနေသလို ထပ်မံတည်ဆောက်မှုတွေလည်း ပြုလုပ်သွားမယ့် မြို့နယ်နဲ့ မြို့အရေအတွက် ဧရာဝတီတိုင်းမှာ ၁၆ ခုရှိနေတယ်လို့ ဝန်ကြီးဌာနစာရင်းမှာဖော်ပြတယ်။ အဲဒါတွေကတော့ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်ကျွန်း၊အိမ်မဲ၊ သာပေါင်း၊ပုသိမ်၊ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ အင်္ဂပူ၊ ဖျာပုံ၊ အမာ၊ ဒေးဒရဲနဲ့ ဘိုကလေးမြို့နယ်တို့ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းဒေသအတွင်း ဆောက်လုပ်ထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံနဲ့ ရှိတဲ့လူအရေအတွက်ဟာ တော်တော်ကွာဟနေပါတယ်။ မုန်တိုင်းဒဏ်ခံအဆောက်အအုံ အများဆုံးရှိတဲ့ထဲက တစ်မြို့ဖြစ်တဲ့ ဘိုကလေးမြို့နယ်ကို ကြည့်ရအောင်ပါ။
အဲဒီမှာ လက်ရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၁ လုံးရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် သာမန်အချိန်မှာ စာသင်ကျောင်းအဖြစ် အသုံးချပြီး မုန်တိုင်းဘေးနဲ့ကြုံရင် အရေးပေါ်ခိုလှုံနိုင်တဲ့အဆောက်အအုံ ၉၁ လုံးလည်းရှိထားပါတယ်။
ဒါပေမဲ့ အဲဒီအဆောက်အအုံတွေမှာ ခိုလှုံနိုင်တဲ့ လူဦးရေဟာ ၁၆,၀၀၀ လောက်ပဲရှိတယ်လို့ ဘိုကလေးမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဌလည်းဖြစ်သလို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးအောင်ဇင်ဦးက ဆိုပါတယ်။ ဘိုကလေးမြို့နယ်ရဲ့ လူဦးရေဟာ သုံးသိန်းခွဲနီးပါးရှိတာကြောင့် မုန်တိုင်းဘေးနဲ့ကြုံရင် အထက်က အဆောက်အအုံတွေမှာ ခိုလှုံနိုင်တဲ့ အရေအတွက်ဟာ တစ်မြို့နယ်လုံးလူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်ပဲရှိတဲ့ သဘောပါ။
“ဆက်လုပ်ဖို့လိုတာကတော့ လူဦးရေထက်စာရင် ခိုလှုံစရာနေရာတွေက အရမ်းနည်းနေသေးတာတွေ၊ ပြီးတော့ ဝေးနေသေးတာ တွေပေါ့။ အရေးအကြောင်းဆိုရင် မိုးထဲလေထဲမှာ ဧရာဝတီမှာက မြစ်တွေချောင်းတွေပေါတဲ့အခါ ချက်ချင်းမသွားနိုင်ဘူး” လို့ ဦးအောင်ဇင်ဦးက ဆိုတယ်။
ဖျာပုံမြို့နယ်မှာ သဘာဝဘေးကြိုတင်ကာကွယ်ရေးနဲ့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ActionAid Myanmar အဖွဲ့က ဦးလှသိန်းကလည်း လက်ရှိ သူတို့ဒေသမှာ တည်ဆောက်ပေးထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံဟာ လုံလောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဆိုအရ တစ်နိုင်ငံလုံးအတွက် ၂၀၁၈ ဘဏ္ဍာနှစ်အထိ တည်ဆောက်ပြီးသားနဲ့ ထပ်မံတည်ဆောက်မယ့် မုန်တိုင်းဒဏ်ခံအဆောက်အအုံအရေအတွက် စုစုပေါင်းဟာ ၂၀၀ ကျော်သာရှိပါသေးတယ်။ အဲဒီထဲက ၁၃၀ ကျော်ကို ဧရာဝတီတိုင်းဒေသကြီးမှာ ဆောက်မှာ ဖြစ်ပါတယ်။
အဆောက်အအုံတစ်လုံးကို လူတစ်ထောင်ဝင်ဆန့်တယ်လို့ ယေဘုယျထားမယ်ဆိုရင် အထက်ပါ မုန်တိုင်းဒဏ်ခံ အဆောက်အအုံအလုံး ၂၀၀ ကျော်မှာ ခိုလှုံနိုင်တဲ့အရေအတွက်ဟာ နှစ်သိန်းကျော်ပဲရှိတယ်လို့ အာရှသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးအဖွဲ့ (Asian Disaster Preparedness Center – ADPC) မြန်မာနိုင်ငံရုံးက စွမ်းဆောင်ရည် ဖွံဖြိုးမှုဆိုင်ရာကျွမ်းကျင်သူ (Capacity Development Specialist) ဦးမြတ်သာက တွက်ပြတယ်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းမှာနေထိုင်သူ လူဦးရေဟာ အနည်းဆုံး ငါးသန်းဝန်းကျင်ရှိတာကြောင့် အထက်က မုန်တိုင်းဒဏ်ခံ အဆောက်အအုံအားလုံးကို ကမ်းရိုးတန်းဒေတွေမှာဆောက်မယ်ဆိုရင်တောင် ကမ်းရိုးတန်း လူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်သာ လွှမ်းခြုံသေးတဲ့ ပမာဏသာဖြစ်တယ်လို့ ဦးမြတ်သာက ဆိုတယ်။
“ဒါကြောင့် လောလောဆယ်အခြေအနေအရ မလုံလောက်သေးဘူးလို့ပြောတာ” လို့ သူက ထောက်ပြတယ်။
မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ တိုင်းနဲ့ပြည်နယ်ခြောက်ခုရှိပါတယ်။ အဲဒါတွေကတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ဖြစ်ပါတယ်။
အဲဒီထဲမှာ ဧရာဝတီတိုင်းဟာ မုန်တိုင်းအန္တရာယ်၊ ဒီရေအန္တရာယ်နဲ့ အများဆုံးကြုံ ရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သူရဲ့ နာဂစ်မှတ်တမ်းစာအုပ်မှာဆိုထားပါတယ်။
ဧရာဝတီတိုင်းဟာ ကမ်းခြေရေတိမ်ဒေသဖြစ်ခြင်း၊ မြေနိမ့်နှုန်းပို့ချရာဒေသဖြစ်ခြင်း၊ မြစ်ဝရေဝင်ရေထွက်ပေါက် ပေါများခြင်း၊ လူဦးရေထူထပ်ခြင်း၊ တစ်နေရာမှတစ်နေရာကို အလွယ်တကူမရွေ့ပြောင်းနိုင်ခြင်း၊ အရေးပေါ် အသက်ကယ်စနစ် မရှိခြင်း၊ စီးပွားရေး ၊လူမှုရေးမဖွံ့ဖြိုးခြင်း၊ သဘာဝဘေး လူထုစနစ်နှင့်ကြိုတင်ကာကွယ်နိုင်မှုစနစ်မရှိခြင်း၊ ဒီရေတောလို သဘာ၀ အကာအကွယ်တောများ ပျောက်ကွယ်ကုန်ခြင်း စတာတွေကြောင့် ဒီဒေသဟာ ဘေးအန္တရာယ်ကျရောက်နိုင်ခြေအမြင့်မားဆုံးဒေသ ဖြစ်တယ်လို့ ဦးထွန်းလွင်က ထောက်ပြတယ်။
ဒီလိုဒေသမှာ နေထိုင်သူတွေအဖို့ မုန်တိုင်းလို သဘာဝဘေးကို ရင်ဆိုင်ရတဲ့အခါ “ပွဲခင်းထဲခဲပစ်သလိုဖြစ်မယ့်ဒေသ၊ ပစ်မလွဲပါပဲ” လို့ ဦးထွန်းလွင်က သူ့စာအုပ်မှာ သုံးသပ်ထားတယ်။
သန်းခေါင်စာရင်းအချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးဟာ တစ်နိုင်ငံလုံးမှာ ဒုတိယလူဦးရေအများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပြီး လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းဝင်ရောက်တုန်းက သဘာဝဘေးဆိုင်ရာအသိပညာဗဟုသုတနဲ့ ကြိုတင်ပြင်ဆင်နိုင်မှုတွေမရှိခဲ့တာတွေကြောင့် ဧရာဝတီတိုင်းရဲ့အခြေအနေဟာ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရတယ်လို့ အဲဒီကာလတုန်းက မိုးလေဝသဌာနနှင့်ဇလဗေဒဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းလွင်က သူရဲ့နာဂစ်မှတ်တမ်းမှာ ရေးသွင်းခဲ့တယ်။
ဒါကြောင့်လည်း ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးတွေအတွက် ပြင်ဆင်ကြဖို့ကို ပညာရှင်တွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
နည်းပါးလွန်းသေးတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေက ဒေသခံတွေရဲ့ သဘာဝဘေးတုံ့ပြန်ရေးကဏ္ဍကို အခက်အခဲ ဖြစ်စေတာတွေထဲကတစ်ခုလို့ သဘာဝဘေးအန္တရာယ်လျော့ကျရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြသူတွေက ဆိုပါတယ်။
လူဦးရေတည်ရှိမှုအပေါ် မူတည်ပြီး ဒေသအလိုက် မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေကို လုံလောက်အောင် တည်ဆောက်ပေးနိုင်မယ်ဆိုရင် ရပ်ရွာလူထုတွေရဲ့ သဘာဝဘေးအပေါ် ခုခံတုံ့ပြန်နိုင်စွမ်းဟာ ပိုမိုအားကောင်းလာနိုင်တယ်လို့ World Vision-Myanmar အဖွဲ့က ဦးဌေးလင်းကသုံးသပ်ပါတယ်။

(Photo: Kyaw Zayya)
ဘိုကလေးမြို့နယ်၊ မြစ်တန်းရွာမှ ခိုလှုံရာအဆောက်အအုံ (Photo: Kyaw Zayya)
မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေ ကြံ့ခိုင်ရည်စစ်ဖို့လို
ဦးအောင်ဇင်ဦးကတော့ အခုတစ်ကြိမ် မုန်တိုင်းထပ်ဝင်လာမယ်ဆိုရင်တောင် နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့တုန်းကလောက် “ အခြေ အနေ ဆိုးသွားစရာ မရှိတော့ဘူး” လို့ သူ့မြို့နယ်အခြေအနေကို ချိန်ချိန်ဆဆပြောတယ်။
၂၀၀၈ တုန်းက မရှိခဲ့ဖူးတဲ့ ဆက်သွယ်ရေးကွန်ယက်တွေ၊ ခိုလှုံရာအဆောက်အအုံတွေနဲ့ ယခင်က ရေလမ်းသာအားကိုးရတဲ့ ဒီဒေသမှာ ကုန်းလမ်းကြောင်းဖွံ့ဖြိုးမှုတွေ ရှိလာတာကြောင့် ဒီလိုသုံးသပ်တာလို့ သူကပြောပြတယ်။
ဒါပေမဲ့ စိန်ခေါ်မှုက လက်ရှိတည်ဆောက်ပြီးသား မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေရဲ့ ကြံ့ခိုင်ရေးဟာ ကျဆင်းလာနေတယ်လို့ သူက ဆိုတယ်။
အရေးအကြောင်းပေါ်လာတဲ့အခါ ဒေသခံတွေအနေနဲ့ ဒီအဆောက်အဦးတွေကို အားကိုးတကြီးသွားရောက်ခိုလှုံကြမှ အဆောက် အဦးရဲ့ ကြံ့ခိုင်ရေးပြဿနာကြောင့် ထပ်မံဒုက္ခမရောက်ရလေအောင် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ စစ်ဆေးပြုပြင်မှုတွေ လုပ်ပေးရ မယ်လို့ ဦးအောင်ဇင်ဦးက ဆိုတယ်။
သူ့မြို့နယ်အတွင်းက တချို့ မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆိုရင် အမိုးအကာတွေအက်ကွဲတာ၊ ရေပိုက်တွေပြုတ်ကျ ပျက်စီးတာတွေ ဖြစ်ပေါ်လာနေတယ်လို့ သူကပြောတယ်။
“Shelter (မုန်တိုင်းဒဏ်ခံအဆောက်အအုံ) တွေကို ထပ်ဆောက်ရဦးမှာဖြစ်သလို ဘာလုပ်ရဦးမလဲဆိုရင် လက်ရှိဆောက်ပြီးသား Shelter တွေကိုလဲ ၁၀ နှစ်နီးနီး သက်တမ်းရှိလာပြီဆိုတော့ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ပြန်လည်စစ်ဆေးပေးဖို့ လိုတယ်” လို့ ဦးအောင်ဇင်ဦးက ပြောပါတယ်။
နောက်အရေးကြီးတဲ့အချက်က အဆောက်အအုံတွေကို ဆောက်လုပ်တဲ့အခါမှာ စနစ်တကျဖြစ်ဖို့ကိစ္စပါ။
ဧရာဝတီတိုင်းမှာ တည်ဆောက်ထားပြီးတဲ့ သဘာဝဘေးခိုလှုံရာအဆောက်အအုံအများစုဟာ နာဂစ် ဖြစ်ပြီးပြီးချင်း အရေးပေါ် တည်ဆောက်ခဲ့ရတာတွေကြောင့် စနစ်ကျတဲ့သဘာဝဘေးဆိုင်ရာ လေ့လာစူးစမ်းမှုတွေ မလုပ်ခဲ့နိုင်ကြဘူးလို့ World Vision – Myanmar က ဦးဌေးလင်းက ရှင်းပြတယ်။
ကျေးရွာတွေမှာ ဘေးအန္တရာယ်ခိုလှုံရာအဆောက်အအုံတွေကို လှူဒါန်းကြတဲ့အခါ အလှူရှင်အဖွဲ့အစည်းတွေဟာ မြေလှူသူအပေါ် မူတည်ပြီး အဆောက်အအုံတွေကို တည်ဆောက်ရတာတွေရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျေးရွာရဲ့ ဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေပြမြေပုံတွေကို ကိုးကားပြီး တည်ဆောက်ပေးခဲ့တဲ့ အဆောက်အဦးက နည်းတယ်” လို့ သူကဆိုတယ်။
သဘာဝဘေးဒဏ်ခံအဆောက်အအုံတွေကို တည်ဆောက်တဲ့အခါ ဘေးအန္တရာယ်ကျရောက်နိုင်ခြေတွေကို သေချာဆန်းစစ် လေ့လာမှုမရှိခဲ့ရင် “ဒီအဆောက်အအုံကြောင့် ပြန်လည်ဘေးအန္တရာယ်ကျရောက်သွားနိုင်တာမျိုးတွေ ဖြစ်ပေါ်သွားနိုင်တယ်” လို့ ဦးဌေးလင်းက ထောက်ပြတယ်။
ဘေးအန္တရာယ်ပြမြေပုံမရှိဘဲ တည်ဆောက်တဲ့အခါ ဘေးဖြစ်နိုင်ခြေအမြင့်ဆုံးဧရိယာမှာ အဆောက်အအုံကို တည်ဆောက်မိနိုင် တာကြောင့် သဘာဝဘေးနဲ့တွေ့ရတဲ့အခါ အဆောက်အအုံက အထောက်အကူမဖြစ်တော့တာ၊ တည်ဆောက်ထားတဲ့ နေရာဟာ ဒေသတွင်းနေထိုင်သူအများစုနဲ့ အလှမ်းကွာပြီး အသွားအလာခက်သွားတာမျိုးတွေဖြစ်နိုင်တာကြောင့် ကျေးရွာတွေမှာ ဘေးဒဏ်ခံအဆောက်အအုံတွေတည်ဆောက်တဲ့အခါ ဒီမြေပုံဟာ အရေးကြီးတယ်လို့ သူက ပြောပြတယ်။
ဒါ့ကြောင့် သဘာဝဘေးဒဏ်ခံနိုင်တဲ့အဆောက်အအုံတွေကို တည်ဆောက်တဲ့အခါ အရင်ဆုံးကျေးရွာတွေအလိုက် ဘေးအန္တရာယ်ကျရောက်လာနိုင်ခြေပြမြေပုံတွေကို စနစ်တကျဖော်ထုတ်၊ ပြီးမှ မြေပုံတွေက ညွှန်ပြတဲ့ သက်ရောက်နိုင်ခြေ အနေအထားတွေကို သုံးသပ်ပြီး အဆောက်အအုံတွေကို တည်ဆောက်သင့်တယ်လို့ သူက အကြံပြုတယ်။ ဒါမှ ဘေးအန္တရာယ်ကျရောက်လာတဲ့အခါ ရွှေ့ပြောင်းမှုတွေ၊ ဆက်သွယ်မှုတွေနဲ့ ဘေးဒဏ်ခံနိုင်မှုတွေ ပိုမိုအားကောင်းလာမယ်လို့ သူက ဆိုပါတယ်။
သူပြောတဲ့မြေပုံဆိုတာက လက်ရှိနိုင်ငံတကာသဘာဝဘေးကြိုတင်ကာကွယ်ရေးအစီအစဉ်တွေမှာ အသုံးပြုနေတဲ့ စနစ်တစ်ခုဖြစ်ပြီး ဒီဟာကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေပြမြေပုံ (Hazard Map) လို့ ခေါ်ကြပါတယ်။
ဒီမြေပုံမှာဆိုရင် သဘာဝဘေးဖြစ်လာတဲ့အခါ ရွာရဲ့ဘယ်နေရာတွေဟာ အထိခိုက်ဆုံးဖြစ်မယ်၊ ဘယ်နေရာတွေကတော့ ရေအရင်ဆုံးမြုပ်မယ်၊ ဘယ်အပိုင်းတွေက လမ်းတွေပိုကောင်းပြီးတံတားတွေက ခံနိုင်ရည်ရှိတယ်၊ ခိုလှုံရာအဆောက်အအုံကို ဘယ်အပိုင်းမှာ တည်ဆောက်သင့်ပြီး အဲဒီကိုရောက်နိုင်တဲ့ အနီးဆုံးလမ်းကြောင်းတွေက ဘယ်နေရာတွေမှာရှိတယ် စသဖြင့် အသေးစိတ် တွက်ချက်ဖော်ပြပေးတယ်လို့ ဦးဌေးလင်းက ရှင်းပြတယ်။
မဖွံ့ဖြိုးသေးတဲ့လမ်းကွန်ယက်
ဒါ့အပြင် မုန်တိုင်းကျရောက်လာတဲ့အခါ ခိုလှုံရာအဆောက်အအုံတွေဆီ အချိန်မီသွားနိုင်ဖို့ဆိုရင် လမ်းကွန်ယက်စနစ် ကောင်းဖို့လည်း လိုအပ်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။
နာဂစ်မုန်တိုင်းတုန်းက ၁၀ယောက်မှာ တစ်ယောက်နှုန်းလောက်သေခဲ့ရတဲ့ မြစ်တန်းရွာမှာဆိုရင် မုန်တိုင်းကျလာတဲ့အခါ ခိုလှုံနိုင်မယ့် အဆောက်အအုံတစ်ခု တည်ရှိနေပါပြီ။
ခြေတံရှည်အမျိုးအစား၊ သံကူကွန်ကရစ်၊ သွပ်မိုးထားတဲ့ ဒီအဆောက်အအုံဟာ ဒီရွာမှာတော့ အကြီးဆုံးအဆောက်အအုံပါပဲ။ မြစ်တန်းရွာလမ်းဘေးမှာရှိပြီး ဘိုကလေးမြစ်နဲ့ဆိုရင် ပေ ၂၀၀ ဝန်းကျင်လောက် အကွာမှာ ဒီအဆောက်အအုံ ရှိပါတယ်။
ဒီအဆောက်အဦးကို ရွာစာသင်ကျောင်းအဖြစ် လက်ရှိအသုံးပြုကြပါတယ်။ မုန်တိုင်းကျလာတဲ့အခါ ဒီအဆောက်အအုံကို ခိုလှုံရာအဖြစ် အသုံးပြုဖို့ ဒီရွာက သတ်မှတ်ထားပါတယ်။
ဒီလိုပြင်ဆင်ထားပေမယ့် မြစ်တန်းသားတွေအတွက် စိန်ခေါ်မှုက ရှိနေပါသေးတယ်။ ဒါကတော့ ကျဉ်းမြောင်းလွန်းတဲ့ လမ်းတွေပါပဲ။
မြစ်တန်းရွာမှာရှိတဲ့ လမ်းတွေဟာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်မောင်းလာတဲ့အခါ တစ်စီးရပ်ထားပေးမှ နောက်တစ်စီး သွားလို့ရတဲ့ အကျယ်အဝန်းပဲ ရှိပါတယ်။ ဒါတောင် အခြေအနေ အများကြီးတိုးတက်လာတာဖြစ်ပြီး နာဂစ်မုန်တိုင်း မကျခင်တုန်းက ဆိုရင် ဒီဒေသမှာ တစ်ရွာနဲ့တစ်ရွာသွားဖို့ ဆိုင်ကယ်လမ်းတောင် မရှိပါဘူး။ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းကြောင်းတွေပဲ အားကိုးခဲ့ရတာလို့ ရွာသားတွေက ပြောပြတယ်။
“လမ်းတွေက ကျဉ်းလွန်းတော့ တကယ့်အရေးအကြောင်းဆို ရွာကလူတွေ ရွှေ့လို့ကုန်နိုင်မှာ မဟုတ်ဘူး” လို့ မြစ်တန်းရွာရဲ့ သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးသန်းက ပြောတယ်။
ဒီဆိုင်ကယ်လမ်းတွေကို ထော်လာဂျီတို့၊ ကားတို့ဝင်လို့ရတဲ့အထိ အဆင့်မြင့်ပေးနိုင်မယ်ဆိုရင် ဒေသခံတွေအနေနဲ့ သဘာဝဘေး ကြုံရတဲ့အခါ ရွေ့ပြောင်းသွားလာနိုင်မှု မြန်ဆန်ကာ ဘေးဒဏ်ကို တုံ့ပြန်နိုင်စွမ်းဟာ ပိုအားကောင်းလာစေမယ်လို့ သူက ပြောပါတယ်။
မုန်တိုင်းနဲ့အတူပါလာတတ်တဲ့ မုန်တိုင်းဒီရေတွေရဲ့ စိန်ခေါ်မှုကလွတ်ကင်းဖို့ မြို့နယ်အတွင်း အဓိကလမ်းမတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ရမယ်လို့ ဘိုကလေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်ဇင်ဦးကလည်းပြောတယ်။
“အခုလက်ရှိလမ်းတွေက ကျောက်လမ်းလောက်ပဲဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက်မှာ လေးပေလောက်ပဲရှိတာဆိုတော့ ပင်လယ်ရေ လေးပေလောက်မြင့်လာခဲ့ရင်ကို ဒီလမ်းတွေဟာ အကုန်ဆက်သွယ်ရေး ပြတ်သွားမယ့် အနေအထားဖြစ်တယ်” လို့ သူက ပြောတယ်။
ပြီးတော့ ချောင်းမြောင်းပေါများတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကျေးရွာချင်းဆက်လမ်းတွေ၊ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ကို ဆက်သွယ်တဲ့ လမ်းတွေကို ရာသီမရွေး အသုံးချနိုင်တဲ့ လမ်းတွေအဖြစ် ပြုပြင်ပြောင်းလဲပေးထားနိုင်မယ်ဆိုရင် သဘာဝဘေး တွေကို တုံ့ပြန်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေဖြစ်ပေါ်မယ်လို့ သူကဆိုပါတယ်။
“ ဧရာဝတီမှာက မြစ်တွေချောင်းတွေပေါတဲ့အခါ ချက်ချင်းမသွားနိုင်ဘူး။ မုန်တိုင်းဒဏ်ခံအဆောက်အအုံကြီးကို မြင်နေရင် တောင်မှ ချက်ချင်းရောက်ဖို့ အတော်ခက်တယ်။ ကွေ့ပတ်ပြီးသွားနေရတာတွေရှိတယ်” လို့ သူက ပြောတယ်။
အခုထိ ရေလမ်းကြောင်းအသုံးပြုရတဲ့အတွက် တစ်ရွာနဲ့တစ်ရွာရောက်ဖို့ အချိန် နှစ်နာရီကနေသုံးနာရီအထိ ကြာနေသေးတဲ့ ရွာတွေ ရှိနေသေးတယ်လို့ သူက ပြောတယ်။
ပြီးတော့ လမ်းတွေနဲ့အတူတံတားတွေကိုလည်း ပြုပြင်တည်ဆောက်မှုတွေလုပ်ပေးရမယ်လို့ သူက ဆိုပါသေးတယ်။ ဒီမြို့နယ်အတွင်း အဓိကလမ်းတွေပေါ်က တံတားတချို့ဟာ “ ကားသေးသေးဖြတ်ရင်တောင် ယမ်းခါနေတာတွေ ဖြစ်နေတယ်” လို့ သူက ဥပမာပေး ရှင်းပြတယ်။
ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စုက ကျုံစိန်ကြီးရွာလမ်းဆိုရင် မြစ်တန်းရွာလို ကွန်ကရစ်အပြည့်မရှိတဲ့ ခပ်ကျဉ်းကျဉ်းပြတ်တောင်း၊ ပြတ်တောင်း မြေသားလမ်းပါ။ ပွင့်လင်းရာသီမှာတောင် တချို့နေရာတွေက ဆိုင်ကယ်မောင်းဖို့ ခက်တဲ့အတွက် ဆင်းတွန်းရတာတွေ ရှိပါတယ်။ ဒီရွာဟာ ဘိုကလေး-ကဒုံကနိကားလမ်းဘေးမှာ တည်ရှိပြီး ဘိုကလေးကနေ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် တစ်နာရီဝန်းကျင်လောက်နဲ့ ရောက်ပါတယ်။
သဘာဝဘေးတုံ့ပြန်ကာကွယ်ရေးဆိုင်ရာသင်တန်းတွေကို တက်ရောက်ဖူးတဲ့ ကျုံစိန်ကြီးရွာက အသက် ၅၉ နှစ်အရွယ် ဦးတင်လှိုင်ကတော့ သဘာဝဘေးတွေကို ကောင်းမွန်စွာ ခုခံတုံ့ပြန်နိုင်ဖို့ သူတို့ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ တွေကို အခုထက် ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။
သူဟာ နာဂစ်မုန်တိုင်းကာလတုန်းက ရေမြုပ်နေတဲ့ ရွာလမ်းမှာ ခက်ခက်ခဲခဲသွားလာရင်း ရွာသားတွေကို ရွာထိပ်မှာရှိတဲ့ ဘိုကလေး-ကဒုံကနိ ကားလမ်းပေါ်ကချောင်းကူးတံတားပေါ်ကို ခေါ်တင်ကယ်ဆယ်ခဲ့ဖူးသူ တစ်ယောက်ပါ။
“ ရင်စို့လောက်ရေထဲမှာ တစ်ညလုံးနေခဲ့ရတာကလွဲရင် ဦးလေးခေါ်ခဲ့တဲ့ လူအားလုံး အသက်ရှင်ခဲ့တယ်” လို့ မုန်တိုင်းအတွင်း လူ ၇၀ လောက်ကို နေရာရွေ့ပြောင်းပေးခဲ့နိုင်သူ ဦးတင်လှိုင်က ဆိုတယ်။
နာဂစ်မုန်တိုင်းဝင်တုန်းက ကျုံစိန်ကြီးရွာအပါအဝင် မဂူကျေးရွာအုပ်စုအတွင်း လူပေါင်း ၈၀ နီးပါး အသေအပျောက်ရှိခဲ့ပါတယ်။

(Photo: Kyaw Zayya)
ဘိုကလေးမြို့နယ်၊ ကျုံစိန်ကြီးကျေးရွာတွင် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်နေစဉ် (Photo: Kyaw Zayya)
အရေးကြီးတဲ့ကြိုတင်သတိပေးစနစ်
မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးလို့ဆိုရင် အရေးကြီးဆုံးကတော့ ကြိုတင်သတိပေးစနစ် အားကောင်းမောင်း သန်ဖြစ်နေဖို့ပဲလို့ အာရှသဘာဝဘေးကြိုတင်ပြင်ဆင်ရေးအဖွဲ့က ဦးမြတ်သာက ဆိုပါတယ်။
“မုန်တိုင်းကိုပဲ ကွက်ပြီးပြောမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလို့လည်း ရပါတယ်။ မုန်တိုင်းဆိုတာက ကြိုပြီးသိနိုင်တယ်။ အချိန်တစ်ခုရှိတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းလည်း လူတွေကို ဆွဲထုတ်နိုင်တဲ့ လုံလောက်တဲ့ အချိန်ရှိတယ်” လို့ သူက ပြောတယ်။
“တိကျတဲ့ သတိပေးချက်ကို အချိန်စောပြီးပေးနိုင်တာနဲ့အမျှ အသက်တွေအများကြီး ကယ်ထုတ်နိုင်မှာပဲ။ ဒါဟာ ပထမဆုံး အဓိက ကျတဲ့အချက်” လို့ ဦးမြတ်သာကပြောပြတယ်။ ပြီးတော့အခုလိုလည်း သုံးသပ်ပါတယ်။
“ဒီဟာ ခိုင်ခိုင်မာမာဖြစ်နေရင် ကျန်တာတွေက တဖြည်းဖြည်းချင်းလုပ်ယူလို့ ရတယ်”
ActionAid – Myanmar က ဦးလှသိန်းကတော့ သူတို့စီမံချက်ဝင်နေတဲ့ ကျေးရွာတွေမှာ ကြုံရတဲ့ အတွေ့အကြုံအရ ဒေသတွင်းမှာ ကျင့်သုံးနေတဲ့ သဘာဝဘေး ကြိုတင်သတိပေးစနစ်ဟာ စိန်ခေါ်မှု ရှိနေသေးတဲ့ အကြောင်းအရာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ မုန်တိုင်းဆိုင်ရာ အသိပညာဗဟုသုတ အားနည်းနေတာ၊ ပထဝီအနေအထားအရ ရွာတွေဟာ ပျံ့နှံ့တည်ရှိတာကြောင့် သတင်းအချက်အလက်ပေးဖို့ အကန့်အသတ်ရှိနေတာ ၊ သဘာဝဘေးကြိုတင်သတိပေးစနစ်ကို ဖော်ဆောင်တဲ့ အာဏာပိုင်တွေ ကိုယ်တိုင် ဒီလုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နစ်ဝင်ဆောင်ရွက်ပေးနိုင်မှု အားနည်းနေသေးတာတွေကြောင့် စိန်ခေါ်မှုရှိနေတာလို့ သူက သုံးသပ်တယ်။
“ဖျာပုံဒေသမှာတော့ မုန်တိုင်းနဲ့ ပတ်သက်ပြီး မြို့နယ်တစ်ခုလုံးကို လွှမ်းခြုံတဲ့ မုန်တိုင်းကြိုတင်အသိပေးစနစ်မျိုးတွေ မတည် ဆောက်ထားနိုင်သေးဘူးလို့ ထင်ပါတယ်။ လုပ်နေပေမယ့် အားမကောင်းသေးဘူးလို့ ဆိုရမှာပေါ့ ” လို့ ဦးလှသိန်းက ပြောတယ်။
မုန်တိုင်းသတင်းဝင်လာတဲ့အခါ အာဏာပိုင်တွေဟာ မြို့ထဲမှာ အသံချဲ့စက်တွေနဲ့ အော်ဟစ်သတိပေးတာတွေ၊ ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားတာတွေ ရှိပေမယ့် “ အဲဒီလူတွေက ရွာတွေမှာ သတင်းပြန်ဖြန့်သလား၊ မဖြန့်ဘူးလား။ ဘယ်လို အခြေအနေရှိတယ်ဆိုတာကို အာဏာပိုင်တွေအပိုင်းက ပြန်လည်စုံစမ်းတာမျိုး အလေ့အထတွေတော့ မရှိသေးဘူး။ တာဝန်အရ သတင်းပေးရမယ်ဆိုတဲ့ဟာမျိုးနဲ့ သွားနေကြတာမျိုးတွေကို တွေ့ရတယ်။ တကယ်ဆိုရင် လိုက်ကြည့်ရမှာပေါ့” လို့ ဦးလှသိန်းက ထောက်ပြတယ်။
“အခုအထိ သေချာတာကတော့ သတင်းအချက်အလက်နဲ့ ပတ်သက်ရင် ကျေးရွာတွေမှာ (သတင်းအချက်အလက်)ပေးတဲ့ အုပ်ချုပ်ရေးမှူးတွေရှိသလို မပေးတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေဆဲပါပဲ” လို့ ကွင်းဆင်းဆောင်ရွက်နေတဲ့အတွေ့အကြုံကို အခြေခံလို့ သူက ပြောပြတယ်။
မုန်တိုင်းသတင်းတွေ ထုတ်ပြန်တဲ့အခါမှာ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်၊ အညိုရောင်အဆင့်နဲ့ အစိမ်း ရောင်အဆင့် ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလို အများပြည်သူဆိုင်ရာ မုန်တိုင်းသတိပေးချက်နဲ့ ပတ်သတ်တဲ့ အသိပညာပေးဆိုင်းဘုတ်တွေကို မော်ကွန်းက လေ့လာခဲ့တဲ့ ကျေးရွာတွေမှာဆိုရင် အများမြင်သာတဲ့နေရာမျိုးတွေမှာ ချိတ်ဆွဲ၊ သတိပေးထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။
မော်ကွန်းက လေ့လာခဲ့တဲ့ ရွာ ၁၀ ရွာလောက်မှာ အသိပညာပေးပိုစတာ ချိတ်ဆွဲထားတဲ့ ရွာဆိုလို့ မြစ်တန်းရွာမှာပဲ တွေ့ခဲ့ရတယ်။
အဲဒီပိုစတာဟာလဲ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ရွာမှာလာလုပ်ရင်း ပေးခဲ့တာလို့ မြစ်တန်းသားတွေက ပြောပြပါတယ်။
ပြီးတော့ သူတို့ရွာမှာ ရွာသားတွေဦးဆောင်တဲ့ သဘာဝဘေးကြိုတင်သတိပေးစနစ်တစ်ခု ထူထောင်ထားတယ်လို့ မြစ်တန်းရွာသားတွေကပြောတယ်။
“ရွာထဲမှာ မုန်တိုင်းသတင်းကို ကျွန်တော်တို့ အသံချဲ့စက်နဲ့ ကြေညာပေးတယ်။ ပြီးတော့ မုန်တိုင်းဟာ ဘယ်အရောင်အဆင့်ဖြစ်နေ တယ်ဆိုတာကို ရွာပြင်မှာနေတဲ့သူတွေလဲ သိရအောင် ဝါးလုံးထိပ်မှာ အရောင်ပါတဲ့ အဝတ်စကို ချည်ပြီးတော့အသိပေးတာ ရှိတယ်” လို့ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းစိုးသန်းက ပြောပြတယ်။ မုန်တိုင်းအရောင်အလိုက် လိုက်ပါ လုပ်ဆောင်ရမယ့် အခြေခံလုပ်ဆောင်ချက်တွေကို နားလည်တယ်လို့လည်း တွေ့ဆုံမေးမြန်းခဲ့တဲ့ မြစ်တန်းရွာသားတွေက ပြောကြ တယ်။
ဒါပေမဲ့ သဘာဝဘေးကျရောက်တဲ့အခါအရေးပေါ်အသုံးပြုဖို့အတွက် ကြိုတင်ရိက္ခာစုဆောင်းတဲ့ စနစ်ကိုတော့ သူတို့ မဖော်ဆောင် နိုင်သေးဘူးလို့ ဦးဝင်းစိုးသန်းက ပြောပါတယ်။
“ဒီနှစ်တော့ ရွာမှာ တိုင်ပင်ထားတယ်။ ရိက္ခာကြိုတင်သိမ်းဆည်းတာကို စတင်လုပ်ကြဖို့” လို့ ကိုစိုးဝင်းသန်းက ပြောပြတယ်။
World Vision – Myanmar က ဦးဌေးလင်းကတော့ ဒေသခံတွေရဲ့ မုန်တိုင်းသတိရှိနေမှုနဲ့ ပတ်သက်ပြီး “ တစ်ခါသေဖူး၊ပျဉ်ဖိုးနားလည် ဆိုသလိုပဲ ဆုံးရှုံးမှုတွေ ကြီးမားခဲ့တဲ့ ဒီကိစ္စကို ရပ်ရွာလူထုတွေဟာ ဒီနောက်ပိုင်း ဂရုတစိုက်ရှိလာကြပါတယ်” လို့ သူတို့စီမံကိန်းဝင်ရောက်နေတဲ့ ကျေးရွာတွေရဲ့ အတွေ့အကြုံအပေါ်အခြေခံပြီး ပြောပါတယ်။
သဘာဝဘေးတွေကို ကြံ့ကြံ့ခံတုံ့ပြန်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့အတွက်ဆိုရင် အသိပညာပေးမှုတွေနဲ့ သတင်းအချက် အလက် ဖြန့်ဝေမှုစနစ်တွေ ယခုထက် ပိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်ရဦးမယ်လို့ သူက ဆိုပါတယ်။
“ဒီလိုတွေသာ လုပ်ထားပေးနိုင်ရင်တော့ ဆုံးရှုံးမှုဟာ နောက်တစ်ကြိမ်ကြုံရရင်တောင် အတော်ကြီးကို လျော့နည်းမယ်လို့ ထင်ပါ တယ်” လို့ သူက ဆိုပါတယ်။

(Photo: Kyaw Zayya)
ဘိုကလေးမြို့နယ်၊ မြစ်တန်းကျေးရွာတွင်တွေ့ရသော သဘာဝဘေး အသိပညာပေးပိုစတာ (Photo: Kyaw Zayya)
သတိထားရမယ့်မုန်တိုင်းဘေး
မုန်တိုင်းဘေးပြင်ဆင်ရေးအသင့်မဖြစ်သေးပေမယ့် ဘင်္ဂလားပင်လယ်ဘက်က မုန်တိုင်းတွေက မြန်မာ့ကမ်းရိုးတန်းဒေသတွေကို နှစ်စဉ်နီးပါး မပျက်မကွက် ခြိမ်းခြောက်လာနေကြပါတယ်။
ဒီနှစ်မေလထဲမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်တစ်လုံးဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသက ဖြတ်လို့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါသေးတယ်။ တစ်နာရီ ၄၅ မိုင်ကနေ ၆၀ မိုင်နှုန်းလောက်အထိ လေတိုက်နှုန်းရှိတဲ့ ဒီမုန်တိုင်းကြောင့် ဒေသတချို့မှာ နေအိမ်နဲ့လှျှပ်စစ်လိုင်း ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့သလို မာန်အောင်မြို့နယ်မှာဆိုရင် လူသုံးဦးသေခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆိုပါတယ်။။
မိုးလေဝသပညာရှင်တွေရဲ့အဆိုအရ မြန်မာနိုင်ငံဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီ၊ မေနဲ့ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ မုန်တိုင်းအန္တရာယ်နဲ့ ကြုံရတတ်ပြီး ဖြစ်ပေါ်လာတဲ့ မုန်တိုင်းတွေဟာလည်း အားကောင်းပြင်းထန်တတ်ကြတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂသတင်းအချက်အလက်စီမံခန့်ခွဲရေးယူနစ်-မြန်မာအဖွဲ့က မြန်မာနိုင်ငံကို ၁၉၅၇ကနေ၂၀၁၇ အထိ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မုန်တိုင်းတွေကို နာမည်တပ်ခေါ်ခဲ့တဲ့ ၁၉၈၀ နှောင်းပိုင်းကာလနောက်ပိုင်း အားကောင်းပြင်းထန်တဲ့ မုန်တိုင်းငါးလုံး မိုးကြို၊ မိုးနှောင်းကာလတွေမှာ မြန်မာပြည်ကို ဝင်ခဲ့တယ်။
အဲဒီမုန်တိုင်းတွေကတော့ တနင်္သာရီကမ်းရိုးတန်းကို ဝင်ခဲ့တဲ့ ဂေးမုန်တိုင်း(၁၉၈၉-နိုဝင်ဘာ)၊ ရခိုင်ကမ်းရိုးတန်းကိုဝင်ခဲ့တဲ့ ဖောရက်စ်မုန်တိုင်း(၁၉၉၂-နိုဝင်ဘာ)၊ မာလာမုန်တိုင်း(၂၀၀၆-ဧပြီ)၊ ဂီရိမုန်တိုင်း(၂၀၁၀- အောက်တိုဘာ)နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဝင်ခဲ့တဲ့ နာဂစ်မုန်တိုင်း (၂၀၀၈-မေ) တို့ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Germanwatch အဖွဲ့က ထုတ်ပြန်တဲ့ ရာသီဥတုဆိုင်ရာအန္တရာယ်ကျရောက်နိုင်ခြေညွှန်းကိန်း-၂၀၁၈ (Climate Risk Index-2018) မှာ ဟွန်ဒူးရပ်စ်နဲ့ဟေတီနိုင်ငံတွေရဲ့ နောက်မှာ မြန်မာနိုင်ငံဟာ တတိယအဆိုးရွားဆုံး ခံစားရတဲ့ နိုင်ငံအဖြစ် ဖော်ပြခံရပါတယ်။ ယခင်က ဒုတိယပါ။ ဒီအဖွဲ့က ၁၉၉၇ ကနေ ၂၀၁၆ အထိ နိုင်ငံအလိုက်ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးကျရောက်မှုတွေအပေါ်မှာ အခြေခံတွက်ချက်ထုတ်ပြန်တာဖြစ်ပါတယ်။
အစိုးရပိုင်းကလဲ သဘာဝဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် မူဝါဒတွေ၊ မဟာဗျူဟာတွေကို ရေးဆွဲဖော်ဆောင်နေ တာတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းမှာ “ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်” ဆိုတာကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံချက်ဟာ ၂၀၃၀ အထိ ဖော်ဆောင်မယ့် ရေရှည်စီမံချက်တစ်ခုဖြစ်ပြီး သဘာဝဘေးတုံ့ပြန်ရင်ဆိုင်ရေး ကဏ္ဍတွေ ပိုမိုအားကောင်းလာဖို့ ရေးဆွဲ ထားတာဖြစ်ပါတယ်။
ဒီစီမံချက်မှာ ပင်မမဏ္ဍိုင် လေးခု ခွဲခြားထားပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆိုင်ရာ သတင်းအချက်အလက်များနှင့် အသိပညာဖြန့်ဝေမှု၊ ဘေးအန္တရာယ်ဆိုင်ရာအုပ်ချုပ်ကွပ်ကဲမှု၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းသက်သာရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်တည်ဆောက်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက်ကြိုတင်ပြင်ဆင်ခြင်း ဆိုပြီး ခွဲခြား ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကလည်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီသင်တန်းကျောင်းက ဌာနဆိုင်ရာတွေမှာရှိတဲ့ စီမံခန့်ခွဲမှုအဆင့်တွေမှာ တာဝန်ထမ်းဆောင်နေ သူတွေကို သဘာဝဘေးကြိုတင်ပြင်ဆင်ရေးတွေနဲ့ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာသင်တန်းတွေကို ပို့ချဆောင်ရွက်ပေးပါတယ်။

ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာတွင် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်နေစဉ် (Photo: Kyaw Zayya)
အားနည်းနေဆဲ အဓိကဝန်ကြီးဌာန
ဒီလိုမူဝါဒပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်လာတာရှိပေမယ့် မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ လျော့ပါးသက် သာရေး အဓိကတာဝန်ယူ စီမံခန့်ခွဲရတဲ့ ဝန်ကြီးဌာနဖြစ်တဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ ရုန်းကန်နေရတုန်းပဲလို့ သဘာဝဘေးတုံ့ပြန်ရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေသူတွေက ပြောကြတယ်။
ဖွဲ့စည်းပုံပြည့်ဝန်ထမ်းအင်အားဖြစ်ပေါ်လာဖို့တောင် နောက်ထပ် ကိုးနှစ်လောက်စောင့်ရဦးမယ်လို့ မေလက ကျင်းပတဲ့ ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဒီဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ညည်းညူခဲ့ပါတယ်။ ပြီးတော့ မြို့နယ်တိုင်းမှာလည်း သူတို့ဝန်ကြီးဌာနဟာ ရုံးခွဲတွေ မဖွင့်လှစ်နိုင်သေးဘူးလို့ သူက ပြောခဲ့တယ်။
“လူအင်အားနဲ့ပတ်သက်ရင် ကျွန်တော်တို့ ဝန်ကြီးဌာနဟာ ဝန်ကြီးဌာနအားလုံးထဲမှာ အင်အားအနည်းဆုံး ဝန်ကြီးဌာနတစ်ခု လို့ ပြောရင် ရပါတယ်။ အခု တိုင်းရင်းသားရေးရာဝန်ကြီးဌာနတော့ ပေါ်လာပြီပေါ့နော်၊ ကျွန်တော်တို့နောက်မှာ” လို့ ဒေါက်တာ ဝင်းမြတ်အေးက သတင်းသမားတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှာဆိုရင် နိုင်ငံလုံးဆိုင်ရာ ဖြည့်တင်းရမယ့် ဝန်ထမ်းအင်အားဟာ ၇,၀၀၀ နီးပါးဖြစ်ပေမယ့် ရန်ပုံငွေရရှိမှုအခက်အခဲကြောင့် အခုခန့်အပ်တာဝန်ပေးထားနိုင်သေးတာက “ ၆၁၈ ဦးပဲ ရှိပါသေးတယ်။ အင်မတန်အံသြစရာကောင်းပါတယ်” လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ခန့်အပ်ရမယ့်ဝန်ထမ်း အင်အားရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်သေးဘူးဆိုတဲ့သဘောပါ။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဟာ အရင်တုန်းက ကယ်ဆယ်ရေးဦးစီးဌာနကို အမည်ပြောင်းထားတာပါ။ တစ်နိုင်ငံလုံးမှာ ဦးစီးဌာနရုံးခွဲပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ဖို့ ခွင့်ပြုမိန့်ရထားပေမယ့် ရန်ပုံငွေ အခြေအနေအရ ၈၀ ဝန်းကျင် (၂၀ ရာခိုင်နှုန်း) ပဲ ဖွင့်လှစ်နိုင်သေးတယ်လို့ ဝန်ကြီးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေကို ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးတွေမှာအရေးပါတဲ့ဝန်ကြီးဌာနရဲ့ လက်ရှိ ရနေတဲ့ ရန်ပုံငွေဟာလည်း အစိုးရစုစုပေါင်းအသုံးစားရိတ်ရဲ့ ဝဒသမ ၂၅ ရာခိုင်နှုန်းပဲ ခွဲတမ်းရတာဖြစ်ပါတယ်။
ဒီပမာဏဟာ “ နှစ်ဆခွဲကျော် ကျွန်တော်တို့ ဘတ်ဂျက်ချထားမှု (တိုး)ရလာတာပါ” လို့ ဝန်ကြီးက ပြောပါတယ်။ ယခင်တုန်းကဆိုရင် ဝန်ကြီးဌာနစုစုပေါင်းအသုံးစားရိတ်ရဲ့ ဝဒသမ၀၉ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိခဲ့တာလို့ ဝန်ကြီးက ပြောတယ်။
အာရှဒေသဆိုင်ရာ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအဖွဲ့က ဦးမြတ်သာကတော့ သဘာဝဘေးတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ အဓိက တာဝန်ယူထားရတဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ ဝန်ကြီးဌာန အခု ၂၀ ကျော်မှာ အနည်းဆုံး ရန်ပုံငွေရတဲ့ဌာနတွေထဲကတစ်ခု ဖြစ်နေသေးတာကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ အကြံပြုပါတယ်။
ဒီဝန်ကြီးဌာနဟာ နိုင်ငံတကာအလှူရှင်တွေရဲ့အကူအညီတွေ ရနေပြီးနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနဖြစ်တာကြောင့် သူ့ရဲ့အသုံးစားရိတ်ကို ပြည်ထောင်စုအစိုးရအနေနဲ့ ခွဲဝေသတ်မှတ်ရာမှာ “ ဒီဝန်ကြီးဌာနကို နည်းနည်း လျှော့ပေးလို့တော့ ရမယ်၊ ရပါတယ်ဆိုတဲ့ အိုင်ဒီယာမျိုး (အစိုးရမှာ) ဝင်နေပုံရတယ်” လို့ ဦးမြတ်သာက သုံးသပ်တယ်။
ဒါ့ကြောင့် သဘာဝဘေးတုံ့ပြန်ရင်ဆိုင်ရေးကဏ္ဍကောင်းမွန်တိုးတက်လာဖို့အတွက်ဆိုရင် အစိုးရရဲ့ အယူအဆ (Concept) တွေကို ပြုပြင်ပြောင်းလဲမှ ရေရှည်မှာ သဘာဝဘေးတွေကို ခုခံတုံ့ပြန်နိုင်တဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်နိုင်မယ်လို့ ဦးမြတ်သာက အကြံပြုတယ်။
ပြီးတော့ နိုင်ငံတော်မှာ သမ္မတအရေးပေါ်ရန်ပုံငွေဆိုပြီး ကျပ်ဘီလီယံ ၁၀၀ ကို အသင့်ဆောင်ထားတာ ရှိပေမယ့် ဒီငွေဟာလဲ ဘေးအန္တရာယ်တစ်ခုခုကျရောက်ပြီးမှ အရေးပေါ်ကဏ္ဍတွေမှာ အသုံးပြုဖို့ စည်းကမ်းသတ်မှတ်ထားတာဖြစ်တဲ့အတွက် အရေးကြီးတဲ့ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ထုတ်ယူသုံးစွဲလို့ မရတာဟာ ပြဿနာတစ်ခုလို့ သူက ထောက်ပြတယ်။
ဒါကြောင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးကဏ္ဍအတွက်လည်း ဒီလို ရန်ပုံငွေမျိုးထားရှိပြီး ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုတယ်။
“ တကယ်လို့ ကြိုတင်ပြင်ဆင်ရေးအပိုင်းမှာ အစိုးရဟာ တစ်နှစ်ကို ဒီလောက်ငွေသာ သုံးစွဲနိုင်ရင် မဆိုးဘူး” လို့ သူက ဆိုပါတယ်။
ပြီးတော့ သဘာဝဘေးဆိုင်ရာတုန့်ပြန်ရင်ဆိုင်နိုင်ဖို့အရေး နာဂစ်မုန်တိုင်းနောက်ပိုင်း မြန်မာပြည်ရဲ့ ပြင်ဆင်လာခဲ့မှုဟာ “ တစ်ကနေ ၁၀ အထိ ထားမယ်ဆိုရင် ကျွန်တော်တို့က ငါးလောက်တော့ ရောက်နေပါပြီ” လို့ ဦးမြတ်သာက သုံးသပ်ပါတယ်။
“ခရီးတစ်ဝက်လောက်တော့ ရောက်ပြီပေါ့။ အရင်ကထက် စာရင်တော့ အများကြီးကောင်းလာပါပြီ။ အရင်က ဘဲဥအဆင့်” လို့ သူက ဆက်ပြောပါတယ်။
ကြောက်ရွံ့နေဆဲ
ဦးမြတ်သာပြောတဲ့ “ဘဲဥအဆင့်”ကာလမှာ ပထမဆုံး သဘာဝဘေးဆိုတာနဲ့ နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ခဲ့ရတဲ့ မြစ်တန်းရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းနွဲ့က အခုတော့ သဘာဝဘေးတွေကို ဘယ်လို တုန့်ပြန်သင့်သလဲဆိုတာကို သင်ပြ၊ ပြောပြတဲ့ လူတွေ ရှိလာတာကြောင့် သိလာပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ နောက်တစ်ကြိမ်များထပ်ကြုံရရင် တုန့်ပြန်နိုင်ပြီလို့ထင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ “ အခုလည်း မိုးကျလို့ လေများပါလာ ရင် အလိုလိုနေရင်း ကြောက်စိတ်တော့ ဝင်နေတာပါပဲ” လို့ဆိုတယ်။
ဒီရွာမှာ တွေ့ဆုံမေးမြန်းမှုလုပ်တော့ လူခြောက်ယောက်လောက် ထိုင်နေတဲ့ စကားဝိုင်းမှာ နာဂစ်တုန်းက ကြုံခဲ့ရတဲ့ အခြေအနေ တွေကို ပြန်ပြောင်းပြောပြကြရင်း တချို့ဆို ငိုလိုငို၊ တစ်ချို့က မပြောချင်ကြတော့ဘူးထင်ရဲ့၊ စကားဝိုင်းနဲ့ဝေးရာကို ရှောင်ထွက် သွားကြတာတွေတောင်ရှိပါတယ်။
ဒေါ်သန်းနွဲ့ဆိုရင် အဲဒီတုန်းက အသက် ၈၀ အရွယ် လေသင်တုန်းဖြတ်နေတဲ့ ဖခင်ကို တူဖြစ်သူတစ်ယောက်ကချီပိုး၊ သူကတော့ ဘေးကနေတွဲလိုက်လို့ မုန်တိုင်းထဲမှာ သေဘေးကနေလွတ်အောင် ရုန်းကန်ကြပါတယ်။ ဒီလိုနဲ့ ရေတဗြုန်းဗြုန်း၊ လေတဝုန်းဝုန်းကြားထဲမှာ ရုန်းကန်ရင်း တူဖြစ်သူ ကျောကုန်းပေါ်က ဖခင်လွတ်ထွက်ပျောက်ဆုံးသွားတော့ လေထဲမိုးထဲ တူဖြစ်သူ ရေရွတ်လိုက်တဲ့ “ အဘရေ…ကမ္မ သကာပဲ” ဆိုတဲ့ အသံဟာ ဒီနေ့အထိ သူနားထဲက မထွက်သေးပါဘူးလို့ ဒီအမယ်အိုက ဆို့နင့်စွာနဲ့ ဆိုပါတယ်။ သူ့အဖေဟာနာဂစ်မုန်တိုင်းအတွင်းရေနစ်မြုပ်သေဆုံးခဲ့ရတယ်။
စကားဝိုင်းထဲက နောက်တစ်ဦးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်လှတိုင်းယဉ်ကတော့ နာဂစ်မတိုင်မီတုန်းက မြစ်တန်းရွာရဲ့ ကြေးရတက်တစ်ဦးပါ။ အိမ်ကြီးအိမ်ကောင်းနဲ့၊လယ်တွေ၊ရေလုပ်ငန်းတွေနဲ့ စီးပွားကောင်းခဲ့သလို ပညာရေးထူးချွန်ကြတဲ့ သားသမီး တွေနဲ့ စိုပြေချမ်းသာတဲ့ မိသားတစ်စုပေါ့။
နာဂစ်မုန်တိုင်းတိုက်ခတ်တော့ အသစ်စက်စက်ဆောက်ထားတဲ့ သူ့ပျဉ်ထောင်၊သွပ်မိုးအိမ်ထဲမှာ အခြားဆွေမျိုးနီးစပ်တွေလဲ လာရောက် ခိုလှုံကြရင်း နာဂစ်ညဆိုးကို တွန်းလှန်ဖို့ ကြိုးစားခဲ့ကြတယ်။
“ ခံခဲ့ရတာတော့ပြောမနေပါနဲ့တော့” လို့ မျက်နှာကို တစ်ချက်လွှဲလို့ ဒေါ်လှတိုင်းယဉ်က ပြောတယ်။
၁၀ နှစ်အရွယ်ကနေ အသက် ၂၀ အရွယ်ကြား သူ့ကလေးငါးယောက်လုံး မုန်တိုင်းဒီရေနောက်ကို ပါသွားခဲ့တယ်။ ကျန်ခဲ့တာဆိုလို့ မုန်တိုင်းထဲမှာလွင့်ပါမျောခဲ့တဲ့ သူတို့လင်မယားနဲ့ အဲဒီတုန်းက အခြားရွာရောက်နေပြီး မသေခဲ့တဲ့ သမီးတစ်ဦးပဲမိသားစုမှာ ကျန်ခဲ့တာ။
“ အိမ်အလုံးလိုက်ကို မြစ်ထဲကျွတ်ပါသွားတာ၊ ဘာမှကို ကျန်မနေခဲ့ဘူး” လို့ ပြောရင်း သူ့အသံက တုန်လာပါတယ်။
နာဂစ်နောက်ပိုင်း အဆင်မပြေတဲ့စီးပွားရေးကြောင့် သူ့လယ်တွေလည်း ရောင်းချခဲ့ရတယ်။ အခုတော့ အလှူရှင်ဆောက်ပေးတဲ့ အိမ်မှာ သူနဲ့အမျိုးသားဟာ နာဂစ်မုန်တိုင်းပြီးမှ မွေးထားတဲ့ ကလေးနှစ်ယောက်နဲ့အတူ နာဂစ်ဘေးဆိုးနဲ့ကြုံတုန်းက ကျန်ခဲ့တဲ့ သမီးကိုပါ ခေါ်လို့ စုပေါင်းနေထိုင်နေကြတယ်။
“ကျွန်မကိုယ်တုံးလုံးပဲ မြစ်ထဲက ပြန်တက်လာရတယ်ဆိုပါတော့” လို့ သူ့အဖြစ်ကိုပြောရင်း ဒေါ်လှတိုင်းယဉ် ရှိုက်ကြီးတငင် ငိုပါ တော့တယ်။တစ်ညလုံး လမုပင်လို့ခေါ်တဲ့ ဒီရေတောပင်တစ်ပင်ကို ဖက်လို့ ရေတောထဲမှာ ရှင်သန်ရေး ရုန်ကန်ခဲ့ရတာလို့ သူက ပြောပြတယ်။
မုန်တိုင်းနဲ့ပတ်သက်လို့ ရွာမှာ လာရောက်ဟောပြောမှုတွေရှိတာကြောင့် အခုတော့သိနေပြီလို့ သူက အားရအောင်ငိုပြီးတဲ့အခါ ဆက် ပြောတယ်။
“ ဒါပေမဲ့ လေလေးပြင်းပြင်းတိုက်လာရင်ကို ကျွန်မကြောက်နေမိတုန်းပါပဲ”
Ends//