ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း)
ရန်ကုန်မြို့ကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ပုံမှန်ပြန်ထုတ်ပေးနေပေမယ့် နယ်မြို့တွေက ဘဏ်တချို့မှာတော့ အကန့်အသတ်တွေရှိနေဆဲဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ KBZ ၊ ဧရာဝတီ၊ ရိုးမဘဏ် စတဲ့ ပုဂ္ဂလိကဘဏ်တွေဟာ ငွေကျပ် ၁၀ သိန်းထိပဲ ထုတ်လို့ရတာကနေ မနေ့ကစပြီး ကျပ်သိန်း ၁၀၀ ထိ တိုးမြှင့်ထုတ်ပေးခဲ့ပါတယ်။
ပုသိမ်မြို့က ဘဏ်တွေကတော့ ၁၀ သိန်းကျပ်ထိပဲ ထုတ်ပေးနေတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
“သူများဘဏ်တွေ အပြင်မှာ သိန်း ၁၀၀ ထိ ထုတ်လို့ရတယ်ဆိုပြီး ဘဏ်ကိုမေးကြည့်တော့ သူတို့ဆီမှာ မရသေးဘူးပဲပြောတယ်။ ရိုးမဘဏ်တစ်ခုပဲ လိုသလောက်ရသေးတာ။ ကျန်တဲ့ဘဏ်တွေက အရင်လိုပဲ” လို့ အဲဒီမြို့ခံက ပြောပါတယ်။
အလားတူပဲ ဘားအံမြို့က ဒေသခံတစ်ဦးကလည်း သူတို့ဆီက ပုဂ္ဂလိကဘဏ်တွေမှာလည်း ငွေသားလိုသလောက် ထုတ်ယူလို့မရသေးဘဲ ငွေကျပ် ၁၀ သိန်းထိသာထုတ်လို့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ အကန့်အသတ်တွေနဲ့ပဲ ငွေထုတ်ပေးခဲ့တာကြောင့် ပြည်သူတွေအကြား ဂယက်ထခဲ့ပါတယ်။ မနေ့ကစတင်ပြီး ပုဂ္ဂလိကဘဏ်တွေဟာ ငွေသားတွေ ပုံမှန်အတိုင်း ထုတ်ယူနိုင်ပြီဖြစ်ပြီး ATM စက်တွေမှာလည်း ငွေထုတ်ယူနိုင်ပြီလို့ ဘဏ်တွေက လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ ဘဏ်တွေမှာ ငွေထုတ်ယူရတာ အခက်အခဲမရှိတော့ပေမယ့် အရင်ကထက် လူများနေပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဘဏ်ထဲတခါဝင်ဖို့ နေ့တစ်ဝက်လောက် တန်းစီလိုက်ရတယ်။ အရင်ပုံမှန်ထက်ကို လူပိုများတယ်” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ကန့်သတ်လိုက်ပြီးနောက်မှာ ပြည်တွင်းမှာအသုံးပြုနေတဲ့ ငွေလွှဲဝန်ဆောင်မှုတွေဖြစ်တဲ့ Kpay ၊ Wave Money စတဲ့ ငွေလွှဲဝန်ဆောင်မှုဆိုင်တွေ ပိတ်ထားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။
အဲဒီနောက်ပိုင်း ယခုလ ၁၀ ရက်နေ့မှာ စစ်ကောင်စီဟာ ပြည်တွင်းက ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်မှာ ငွေသားထုတ်ယူမှု ပြန်လည်တိုးမြှင့်ထုတ်ပေးခဲ့တာပါ။
ပုံစာ – ရန်ကုန်မြို့က ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေကြသူတွေ
ဓာတ်ပုံ – ပေးပို့

