နယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ KIA ပြော

နယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ KIA ပြော

ရန်ကုန်- ၂၀၂၄ ဧပြီ ၅ (မော်ကွန်း)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ လွယ်ဂျယ်မြို့ကို ယခုရက်ပိုင်းမှာ ထိန်းချုပ်လိုက်နိုင်ပြီးနောက် နယ်စပ်ဒေသတစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ဆက်လက်ပြီး ထိုးစစ်ဆင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ကနေ မိုးမောက်၊ လွယ်ဂျယ်ထိ မိုင် ၅၀ ကျော်ရှည်လျားတဲ့ လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်ပြီး ဒေသတွင်းမှာ နယ်မြေစိုးမိုးမှု လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို ပြောပါတယ်။

ဒါ့အပြင် နယ်စပ်တစ်လျှောက်မှာ KIA ထိန်းချုပ်ဒေသတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ရှင်းလင်းသွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

“ ကျွန်တော်တို့ နယ်စပ်ဒေသကို သူတို့လက်နက်ကြီးနဲ့ပစ်တာ၊ ထင်သလို ရမ်းကားပစ်ခတ်ပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့စခန်းတွေ ကျန်ပါသေးတယ်။ ရှင်းလင်းဖို့ လိုသေးတဲ့စခန်းတွေဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဘယ်ဒေသကစခန်းတွေကို ရှင်းလင်းတိုက်ခိုက်သွားမယ်ဆိုတာကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားတာမရှိပါဘူး။

KIA ဟာ ပြီးခဲ့တဲ့လ ၇ ရက်က စတင်ပြီး လိုင်ဇာအနီးတစ်ဝိုက်နဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်က စစ်ကောင်စီစခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ယခုလ ၃ ရက်မှာတော့ မိုးမောက်-လွယ်ဂျယ်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ အခိုင်အမာဗျူဟာ စခန်းကုန်းတွေဖြစ်တဲ့ စိန်လုံဗျူဟာစခန်းနဲ့ ယောယုံဗျူဟာကုန်းအပါအဝင် စခန်းကြီး၊ စခန်းငယ် ၆၀ ကျော်ကို သိမ်းပိုက်နိုင်ကာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုလည်း ထိန်းချုပ်လိုက်နိုင်တာပါ။

တရုတ်နယ်စပ်က လွယ်ဂျယ်၊ မိုင်ဂျာယန် ဒေသတွေရဲ့ တောင်ကြောအပေါ်မှာရှိတဲ့ အဲဒီ့စစ်ဗျူဟာကုန်းတွေကို သိမ်းလိုက်ပြီးနောက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို KIA အနေနဲ့ ပထမဦးဆုံး ထိန်းချုပ်လိုက်နိုင်တာပါ။

လွယ်ဂျယ်မြို့မရဲစခန်း၊ မြို့မဈေး၊ နယ်စပ်ကုန်သွယ်ရေးစခန်းတို့အပါအဝင် ဌာနဆိုင်ရာရုံးတွေကို KIA တပ်သားတွေက ချိပ်ပိတ်ကာ ဌာနဆိုင်ရာ ရုံးတွေက အလံတွေကို ဖြုတ်ချပြီး KIA အလံတွေကို လွှင့်ထူနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ဗန်းမော်-မိုးကုတ် ကားလမ်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ပုံစာ – လွယ်ဂျယ်မြို့ကို ထိန်းချုပ်ကာ စစ်ကောင်စီဌာနဆိုင်ရုံးတွေကို ချိပ်ပိတ်ထားတဲ့ မြင်ကွင်း

ဓာတ်ပုံ – The Kachin Sub-state Media

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."