၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ အင်တာဗျူးဖြစ်ပါသည်။
နယ်စပ်လုံခြုံရေးလုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ တိကျပြတ်သားတဲ့ နယ်စပ်လုံခြုံရေးမူဝါဒ ရှိသင့်တယ်….
မြန်မာနိုင်ငံဟာ က္ဘာ့လူဦးရေအများဆုံး နိုင်ငံတွေ၊ ကမ္ဘာ့အရွယ်အစား အကြီးမားဆုံးရှိတဲ့ နိုင်ငံတွေရဲ့ ကြားထဲမှာ ပထဝီအနေအထား အရတည်ရှိနေသလို နိုင်ငံအနောက်ဘက်ခြမ်း မှာဆိုရင် နှစ်ပေါင်းများစွာ နယ်စပ်စည်းရိုး မလုံခြုံမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လည်း ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်မှု ပြဿနာတွေကို ကာကွယ်ဖို့၊ လူကုန်ကူးမှု ပြဿနာတွေတားဆီးဖို့၊ တရားမဝင် ဝင် ရောက်မှုတွေကို ထိန်းသိမ်းဖို့၊ မူးယစ်ဆေးဝါး ပြဿနာတွေကို ဟန့်တားနိုင်ဖို့ဟာ နယ်စပ် လုံခြုံရေး အားကောင်းခြင်း၊ မကောင်းခြင်း နဲ့လည်း စပ်ဆိုင်နေပြန်ပါတယ်။
နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်နယ်စပ်လုံခြုံရေးကို ဘယ်လို ထိန်းသိမ်းသင့်တယ်၊ နိုင်ငံတကာမှာ ဘယ်လိုတွေ ဆောင်ရွက်နေ ကြတယ်၊ နယ်စပ်လုံခြုံရေး ထိန်းသိမ်းမှုအတွက် စဉ်းစားတွေး ခေါ်ပုံတွေနဲ့ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေး ထိန်းသိမ်း နေမှုအပိုင်းမှာ အားကောင်းမောင်းသန်အခြေအနေ ရှိ၊ မရှိ ဆို တာတွေကို Myanmar Institute for Peace and Security-MIPS အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနဲ့ မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့တာတွေထဲမှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ အင်အားကြီးတဲ့ နိုင်ငံတွေ၊ လူဦးရေများတဲ့ နိုင်ငံ တွေရဲ့ ကြားထဲမှာရှိနေတဲ့ မြန်မာနိုင်ငံအဖို့ နယ်စပ်လုံခြုံရေး ကဏ္ဍက ဘယ်လောက် အရေးကြီးပါသလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ တခြားနိုင်ငံတွေမှာ စဉ်းစားကြတဲ့ ပုံစံ တွေကို ပြန်ကြည့်ရမယ်ဆိုရင်တော့ နယ်စပ်လုံခြုံရေးကို စဉ်း စားကြတဲ့အခါ လူဦးရေများတာ၊ နည်းတာနဲ့တော့ တိုက်ရိုက်ကြီး မသက်ဆိုင်ပါဘူး။ ဥပမာပြောရရင် အမေရိကန်ဆိုရင် သူတို့ အမေရိကတိုက်မှာ လူဦးရေအများဆုံးပဲ။ ဒါပေမဲ့ တရားမဝင် ခိုးဝင်တာ၊ နယ်စပ်ပြဿနာရှိတာက သူ့အထဲကို အဝင်ခံနေရတာ လေ။ သူ့အထဲကနေ သူများဆီကို သွားဝင်တာမဟုတ်ဘူး။
အဲဒီတော့ နံပါတ်တစ်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ကိုယ့် နိုင်ငံကြားမှာရှိတဲ့ မိတ်ဖက်ဆက်ဆံရေးပေါ့။ ဒါက အရေးကြီးတယ်။
နံပါတ်နှစ်က ကိုယ့်နိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက ဘယ် လောက် တည်ငြိမ်မှုရှိသလဲ ဆိုတာကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်မှုမရှိတဲ့နိုင်ငံတွေ ကိုယ့်ဘေးနား မှာ ရှိနေရင်၊ ဖြစ်နေရင် အဲဒီနိုင်ငံဟာ နိုင်ငံသေးသေးလေး ဖြစ် တောင်မှ အဲဒီနိုင်ငံက မတည်ငြိမ်ခဲ့ရင် အဲဒီက လူတွေဟာ ကိုယ့် နိုင်ငံထဲ ရောက်လာလိမ့်မယ်။ အခုဆိုရင် မြန်မာပြည်မှာဆို ရခိုင် ဘက်မှာ မတည်ငြိမ်မှုတွေဖြစ်တော့ အဲဒီဘက်က လူတွေဟာ ဟိုး အိန္ဒိယနိုင်ငံထဲအထိ ရောက်သွားကြတာတွေရှိတယ်။ အိန္ဒိယ အာသံနယ်ဘက်မှာ အခုဖြစ်နေတဲ့ ပြဿနာတွေဆိုရင် ဒီဟာနဲ့ ဆက်စပ်နေတယ်။
အဲဒီတော့ နိုင်ငံအရွယ်အစားထက် ကိုယ့်ဘေးပတ်ဝန်း ကျင်မှာရှိတဲ့ နိုင်ငံတွေဟာ ဘယ်လောက်တည်ငြိမ်မှုရှိသလဲ။ စီး ပွားရေးအရ ဘယ်လောက်အထိ ကိုယ်နဲ့ ကွာနေသလဲပေါ့။ နိုင်ငံ ကသေးနေသည်ဖြစ်စေ၊ ကြီးနေသည်ဖြစ်စေ။ ကိုယ့်နိုင်ငံက စီးပွားရေးကောင်းပြီး ဘေးနိုင်ငံတွေမှာ စီးပွားရေးကျပ်တည်း နေတယ်ဆိုရင်လည်း ပြဿနာတွေရှိတယ်။ ဥပမာ-အခု ကျွန် တော်တို့ မြန်မာနိုင်ငံက လူတွေဟာ ထိုင်းမှာ သွားပြီး အလုပ် လုပ်နေကြတယ်လေ။ ထိုင်းကိုကြည့်လိုက်ရင် သူ့ဆီမှာ မြန်မာ တွေ ရှိတယ်။ လာအိုတွေရှိတယ်။ က္ဘောဒီးယားတွေ ရှိတယ်ပေါ့။ စီးပွားရေးအနေအထားအရ ရေကြည်ရာ မြက်နုရာကို သွားပြီး ရှာဖွေကြတဲ့ဟာတွေ ရှိတာပေါ့။
နောက်တစ်ခုက မတည်မငြိမ်ဖြစ်တဲ့၊ လုံခြုံရေးမကောင်း တဲ့ ဒေသတွေ ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေထဲမှာရှိနေရင် အဲဒီ ပတ်ဝန်းကျင်နိုင်ငံက လူတွေဟာ ကိုယ့်နိုင်ငံထဲရောက်လာနိုင် တာတွေ ရှိတာပေါ့။
နောက်တစ်ခု နယ်စပ်ပြဿနာကို ကြည့်မယ်ဆိုရင် ဥပမာ-ဥရောပသမဂ္ဂပေါ့။ ဥရောပသမဂ္ဂမှာပါတဲ့ နိုင်ငံတော်တော်များ များဆိုရင် သူတို့ရဲ့နယ်စပ်ပေါက်တွေဟာ ဟင်းလင်းပေါက်ကြီး တွေပါ။ တိုးလျှိုပေါက်ကြီးတွေ။ ဘာအတားအဆီးမှမရှိဘူး။ နိုင်ငံ တွေအကုန်လုံးက ကူးလူးဆက်ဆံလို့ရတယ်။ ဒါက ဘာလဲဆို တော့ ကိုယ့်နယ်စပ်နဲ့ သူ့နယ်စပ်ကြားမှာ၊ ပတ်ဝန်းကျင် နိုင်ငံ တွေကြားမှာ နိုင်ငံရေး၊ စီးပွားရေးအရ သိပ်မကွာလှဘူး။ မတည် မငြိမ်မှုပြဿနာတွေ များများစားစားမရှိဘူး။ ဒီတော့ သူတို့နိုင်ငံ တွေဟာ နယ်စပ်ကို ဒီလောက်ကြီး အဓိကထားပြီး ကြည့်စရာ မလိုတော့ဘူးဆိုတဲ့ သဘောမျိုးကို တွေ့ရတယ်။
ဒီဟာကို နိဂုံးချုပ်လိုက်မယ်ဆိုရင် ဒီအင်အားကြီးတယ်၊ အင်အားနည်းတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး နယ်စပ် ပြဿနာ တွေကို ထည့်စဉ်းစားလို့ မရဘူး။ အဓိက နယ်စပ်ပြဿနာကို ထည့်စဉ်းစားရမှာက လုံခြုံရေးအရ ခြိမ်းခြောက်မှု ဘယ်လောက် ရှိသလဲ။ စီးပွားရေးအရ ခြိမ်းခြောက်မှု ဘယ်လောက်ရှိသလဲ။ တရားမဝင် ဝင်ရောက်မှုတွေ ဘယ်လောက် ရှိသလဲ။ ဒါတွေကို ထည့်စဉ်းစားဖို့ လိုတယ်။
မော်ကွန်း။ ။ နိုင်ငံတစ်ခုအနေနဲ့ နယ်စပ်လုံခြုံရေးပြဿနာကို ဘယ်လို စဉ်းစားပြင်ဆင်သင့်သလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ သမားရိုးကျ စဉ်းစားခဲ့တဲ့ ပုံစံတွေကတော့ ကိုယ့်ရဲ့ အိမ်နီးချင်း နိုင်ငံ၊ တစ်ဖက်နိုင်ငံတွေကနေပြီးတော့ စစ်ရေးအရ အသုံးပြုပြီး ကိုယ့်ကို မကျူးကျော်အောင် ဘယ်လို ကာကွယ်မလဲဆိုတဲ့ အခြေခံနဲ့ စဉ်းစားခဲ့ကြတယ်။ ဒါက ဟိုအရင်တုန်းက စဉ်းစားခဲ့ကြ တဲ့ဟာပေါ့။
ကိုယ့်နယ်မြေလုံခြုံရေးကို ကာကွယ်တဲ့အခါမှာ မိမိဘက် ကနေပြီးတော့ စစ်ရေးအရ ပြင်ဆင်ပြီးတော့ ကာကွယ်ရမယ်။ ဒီနယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရမယ်ဆိုတဲ့သဘောတရားတွေ ဟာ အရင်တုန်းက အများကြီးရှိခဲ့ကြတယ်။ အခုလည်း ရှိပါ တယ်။ ဥပမာ-အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာရှိတဲ့ နယ်မြေဆိုရင် စစ်ရေးကိုအခြေခံပြီးတော့ ထိန်းသိမ်းထားတဲ့ နယ်မြေပေါ့။
ဒါပေမဲ့ နောက်ပိုင်းတွေမှာ နယ်စပ်လုံခြုံရေးကို စဉ်းစား တဲ့အခါမှာ စစ်ရေးတစ်ခုတည်းကို စဉ်းစားတာမဟုတ်ဘဲနဲ့ အကြမ်းဖက်လုပ်ငန်းတွေလုပ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ က ကိုယ့်နိုင်ငံထဲကို လာပြီးတော့ ဖောက်ခွဲဖျက်ဆီးရေး လုပ်တာ မျိုးတွေ၊ ဒါမှမဟုတ် ကိုယ့်နိုင်ငံကို သုံးပြီး တခြားနိုင်ငံကိုသွားပြီး ဖောက်ခွဲဖျက်ဆီးရေး လုပ်တာမျိုးတွေအတွက်လည်း ဘယ်လို မျိုး ဟန့်တားမလဲ ဆိုတဲ့ဟာတွေကိုလည်း စဉ်းစားလာကြရတာ ရှိတယ်။
နောက်တစ်ခုက လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ တိုင်း ပြည်တွေမှာဆိုရင် အထူးသဖြင့် မြန်မာပြည်လိုဟာမျိုးပေါ့။ နယ် စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေရှိတော့ ဒီလက်နက်ကိုင်အဖွဲ့ အစည်းတွေကလည်း နယ်စပ်မတည်မငြိမ်မှုတွေကို အခြေခံပြီး တော့ တခြားနိုင်ငံတွေကနေ လှည့်ဝင်ပြီးတော့ စစ်ရေးအရ လှုပ်ရှားမှုတွေ လုပ်တာတွေ၊ တခြားနိုင်ငံထဲမှာ ခိုနေမယ်၊ အခွင့် သာရင် မြန်မာပြည်နယ်စပ်ကို ဖြတ်ပြီး တိုက်ခိုက်တဲ့ဟာမျိုး လုပ် တယ်ဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ ဒါမျိုးတွေလုပ်တဲ့ ကိစ္စမျိုးတွေ ကိုလည်း ထည့်သွင်းစဉ်းစားလာရတာတွေ ရှိတယ်။
နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးကိစ္စပေါ့။ ဒီနယ်စပ် လုံခြုံရေးနဲ့ ပတ်သက်လာပြီဆိုရင် အထူးသဖြင့် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်တဲ့ကိစ္စတွေဟာ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတယ်။ မြန်မာပြည်မှာဆိုရင် မြန်မာဟာ မူး ယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံထဲမှာပါတယ်ဆိုတော့ ဒီလိုထုတ် လုပ်ပြီး ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်ကနေပြီး တော့ တခြားနိုင်ငံကို ရောက်သွားတယ်။ ပင်လယ်ထဲကိုရောက်သွားတာတွေလည်းရှိတယ်။
ဥပမာ-အခုဆိုရင် မြန်မာပြည်မှာ ရခိုင်ကမ်းရိုးတန်းက အရင်တုန်းက တရုတ်တို့၊ ထိုင်းတို့က ထုတ်နေတဲ့ မူးယစ်ဆေးဝါး ထက်တောင် ရခိုင်ကမ်းရိုးတန်းကနေ ထွက်နေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတယ်။ ၂ဝ၁၁ ကနေ ၂ဝ၁၆ အထိ ငါးနှစ်အတွင်းမှာ ရခိုင်ကမ်းရိုးတန်းမှာမိတဲ့ မူးယစ်ဆေးဝါး ပမာဏက ငါးဆ၊ ခြောက်ဆလောက် တိုးသွားတယ်ဆိုတဲ့ ဟာက ဒီဒေသထဲမှာ မူးယစ်ဆေးဝါးကို အကြီးအကျယ် မှောင်ခိုလုပ်နေ တယ်ဆိုတဲ့ အချက်ကို သွားတွေ့ရတယ်။ အဲဒီတော့ မူးယစ်ဆေး ဝါးနဲ့ပတ်သက်ပြီး နယ်စပ်ပြဿနာမှာ စဉ်းစားရတဲ့ဟာတွေလည်း အများကြီးရှိလာတယ်။
နောက်တစ်ခုကတော့ လူကုန်ကူးမှုပေါ့။ အခုနောက်ပိုင်း တွေမှာ အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေကနေ ချမ်းသာတဲ့ နိုင်ငံ တွေကို လူကုန်ကူးမှုလုပ်တဲ့အခါတွေမှာ ဒီနယ်စပ်ဖြတ်ကျော် သယ်ဆောင်တဲ့ ကိစ္စတွေဟာလည်း အများကြီး ရှိလာတယ်။
ပြီးတော့ မြန်မာပြည်လို သယံဇာတထွက်တဲ့ တိုင်းပြည် တွေမှာဆိုလို့ရှိရင် နယ်စပ်တွေကနေပြီးတော့ သယံဇာတတွေကို ခိုးထုတ်ယူတဲ့ ကိစ္စတွေဟာ အမြဲ ဖြစ်နေတဲ့ဟာတွေပဲ။ အဲဒီတော့ နယ်စပ်လုံခြုံရေးကို စဉ်းစားမယ်ဆိုရင် သယံဇာတတွေကို ခိုး ထုတ်တဲ့ကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားမှ ရမယ်ဆိုတဲ့ အနေ အထားကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။
နောက်တစ်ခုကတော့ လက်နက်မှောင်ခိုကိစ္စတွေပေါ့။ ဒီ နယ်စပ်လုံခြုံရေးအပြင် ပတ်ဝန်းကျင်နိုင်ငံတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိတယ်ဆိုရင် ဒီဒေသတွင်း ပဋိပက္ခမှာ ရှိနေတဲ့ လက် နက်တွေဟာ တစ်နေရာတည်းမှာ မနေဘူး။ ပဋိပက္ခတစ်ခုက ဒီတစ်နေရာမှာ ပြီးသွားရင် အဲဒီနေရာက လက်နက်တွေဟာ အခြားတစ်နေရာကို ရောက်သွားတယ်။ ဒါမျိုးသာဓကတွေလည်း ကျွန်တော်တို့ အများကြီး တွေ့ ခဲ့ရတယ်။ ဥပမာ-အရင်တုန်းက ဗီယက်နမ်စစ်ပွဲတို့၊ က္ဘောဒီးယားမှာ ဖြစ်တဲ့ စစ်ပွဲတို့ပေါ့။ ဒီ စစ်ပွဲတွေ ပြီးသွားတဲ့အချိန်မှာ အဲဒီလက်နက်တွေဟာ ကျွန်တော် တို့ မြန်မာပြည်ကို ရောက်လာတာတွေ အများကြီးပဲ။
အခုဆိုရင်လည်း မြန်မာပြည်မှာရှိတဲ့ လက်နက်တချို့တွေ ဟာ အိန္ဒိယနယ်စပ်မှာရှိတဲ့ NSCN-K (နာဂအမျိုးသား ဆို ရှယ်လစ်ကောင်စီ-ကပ်ပလန်) တို့လိုဟာမျိုး၊ ကသည်းသူပုန်လို ဟာမျိုး၊ ဒါမျိုးအဖွဲ့တွေဆီရောက်သွားတဲ့ ဟာတွေ အများကြီးပဲ။ ဒီလိုရောက်သွားအောင်လည်း အခကြေးငွေယူပြီး သယ်ဆောင် ပေးတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီတော့ နယ်စပ် ပြဿနာကို စဉ်းစားတဲ့အခါမှာ လက်နက်မှောင်ခိုသယ်ဆောင်တဲ့ ဟာတွေကို လည်း ထည့်စဉ်းစားရတယ်။ မြန်မာပြည်နဲ့ဆိုရင် ဒီဟာက အများ ကြီးသက်ဆိုင်တဲ့ အနေအထားလို့ ပြောလို့ရတယ်။
နောက်တစ်ခုက ငွေမည်းတွေ သယ်ဆောင်တာပေါ့။ ငွေ မည်းသယ်တာက မြန်မာပြည်တင်မကပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် စနစ်တကျနဲ့ ဘယ်လောက်ပဲ ထောက် လှမ်းထောက်လှမ်း၊ တကယ်အမေရိကန်ကို သယ်ဆောင်လာ တဲ့ငွေမည်းတွေရဲ့ သုညဒသမနှစ်ရာခိုင်နှုန်းလောက်ကိုပဲ သူတို့ ဖမ်းနိုင်တာ တွေ့နိုင်ပါတယ်။ အများစုက၊ ၉၉ ရာခိုင်နှုန်း ကျော်ကို သူတို့ မသိနိုင်ပါဘူး။ ဒီလို နယ်စပ်တွေဖြတ်ကျော်ပြီး ငွေမည်း တွေသယ်တယ်ဆိုတဲ့ ပြဿနာဟာလည်း အရမ်းကို လုပ်လေ့ လုပ်ထရှိကြတဲ့ ကိစ္စတွေပေါ့နော်။ ဒီလိုအနေအထားမျိုးတွေ တွေ့ ရတယ်။
နောက် တခြား တရားမဝင်မှောင်ခိုမှုတွေပေါ့။ တရားမဝင် မှောင်ခိုမှု ဆိုတာကတော့ နယ်စပ်တွေမှာ တချို့ကုန်စည်တွေမှာ တချို့နိုင်ငံတွေမှာ ပိတ်ထားတာရှိတယ်၊ တားမြစ်ထားတာ ရှိတယ်။ အခွန်ဆောင်ရတဲ့ဟာတွေ ရှိတယ်။ ဒါတွေကို အခွန် ရှောင်ချင်လို့၊ ဒါမှမဟုတ် ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ခိုး သွင်းနိုင်ဖို့အတွက် နယ်စပ်တွေကို သုံးပြီးတော့ လုပ်တဲ့ လုပ်ငန်း တွေကိုလည်း အများကြီးတွေ့ရတယ်။ ဒီဟာက နယ်စပ်တော် တော်များများမှာ တွေ့ရတဲ့ ပြဿနာပဲ။
နောက်တစ်ခုကတော့ တရားမဝင် ခိုးဝင်နေထိုင်တာပေါ့။ လူတွေ ခိုးဝင်လာပြီး နေထိုင်ကြတဲ့ ကိစ္စတွေပေါ့။ ဒီကိစ္စတွေက တော့ အပေါ်မှာ ပြောခဲ့သလိုပဲ ဒါဟာ စီးပွားရေးအရနဲ့လည်း ဆိုင်တယ်။ ကိုယ့်ဘေးပတ်ဝန်းကျင်နိုင်ငံမှာ ဆင်းရဲနေတဲ့အခါ ကိုယ့်ဆီရောက်လာတာတွေလည်း ရှိတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မှာ လုပ်အားလိုအပ်ချက် ရှိနေတဲ့အခါမှာ တစ်ဖက်နိုင်ငံက ဝင် လာတဲ့ဟာတွေကို သက်သက်မဲ့ကို မျက်စိမှိတ်ပြီးတော့ လက်ခံ ရတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။ ထိုင်းမှာဆိုရင် ဒီလို ကိစ္စမျိုးတွေ အများကြီး တွေ့လာရပါတယ်။
အဲဒီတော့ နယ်စပ်လုံခြုံရေးကို စဉ်းစားတဲ့အခါမှာ ရှု ထောင့်တစ်ခုတည်းကနေ စဉ်းစားလို့မရပါဘူး။ ရှုထောင့် အများကြီး၊ အစုံကနေ စဉ်းစားပြီး စုံအောင်ကြည့်မှပဲ ရမယ်။
မော်ကွန်း။ ။ ဆရာ အထက်မှာအကြမ်းဖက်မှုကိုပြောတော့ ကျွန်တော်တို့ရဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရင် က္ဘာ့ မီဒီ ယာတွေရဲ့ အဆိုအရ အကြမ်းဖက်သမားတွေကို တင်ပို့တဲ့ ထုတ် လုပ်နေတဲ့ နိုင်ငံလို့တောင် ပြောဆိုကြတာရှိပါတယ်။ ဒီလိုနိုင်ငံနဲ့ နယ်စပ်ထိစပ်မှုက ကုန်းမြေရော၊ ရေပြင်ပါရှိ နေတော့ ဒီလိုဟာ ကိုရော ဘယ်လို စဉ်းစား ဆောင်ရွက်သင့်သလဲ။ လုံခြုံရေး ကဏ္ဍက လူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်သလဲပေါ့။
ဒေါက်တာမင်းဇော်ဦး။ ။ နံပါတ်တစ်က ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်သမားတွေ ခိုလှုံနေတာ ရှိနေတယ်ဆိုတဲ့ဟာကတော့ ၂ဝဝ၂ ခုနှစ်နောက်ပိုင်းမှာ အများကြီး ပြောကြတာတွေရှိပါတယ်။ တချို့ပြောကြတာကတော့ အာဖဂန်နစ္စတန်ကို အမေရိကန် ဝင် တိုက်တော့ အကြမ်းဖက်သမားတချို့ကို ပါကစ္စတန်ထောက်လှမ်း ရေးကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဒေသမှာ လာ ပြီး သွန်ချသွားတယ်ဆိုတဲ့ဟာမျိုးတွေလည်း ပြောတာတွေ ရှိပါတယ်။
နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလည်း ဒီအစ္စလာမ်အစွန်း ရောက်တွေ အားကောင်းတယ်၊ ခိုအောင်းနေတယ်၊ စစ်ဆင်ရေး တွေ လုပ်တယ်ဆိုတဲ့ဟာကိုလည်း တွေ့ရတယ်။ ဒါပေမဲ့ ဒီ ဘင်္ဂလားဒေ့ရှ်ကို ဘယ်လောက်အထိ အသုံးချသလဲဆိုတဲ့ ဟာကို ကြည့်တဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုအောင်းနေတာတော့ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာ စစ်စခန်းတွေလုပ်၊ စစ်သင် တန်းတွေလုပ်ပြီးတော့ အဲဒီကနေမှပြန်ပြီးတော့ တခြားနိုင်ငံ တွေကို ထုတ်ကုန်ပို့သလိုပေါ့၊ ထုတ်လုပ်တင်ပို့နေတယ်ဆိုတဲ့ ဟာမျိုးကတော့ များများစားစား မရှိလှဘူးပေါ့ဗျာ။
များများစားစား မရှိလှဘူးဆိုတာကလည်း အမေရိကန်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု (အမေရိကန်ကုန်သွယ်ရေးစင်တာ ကို လေယာဉ်ပျံနဲ့ ဝင်တိုက်ပြီး ပြိုကျစေတဲ့ အကြမ်းဖက်ဖြစ်ရပ်) အပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို လာပြီး အကြမ်းဖက်အဖွဲ့ အစည်းတွေ ခိုလှုံတယ်၊ ချဉ်းကပ်တယ်ဆိုတာကို သိတဲ့အခါမှာ အမေရိကန်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ညှိနှိုင်းပြီးတော့၊ အဲဒီနိုင်ငံမှာ အမေရိကန်တွေရဲ့ အထူးတပ်ဖွဲ့တွေဟာ ဘင်္ဂလား ဒေ့ရှ်တပ်မတော်ကို သင်တန်းတွေ ပေးပြီးတော့ ဒီအကြမ်းဖက် သမားတွေ ခိုလှုံနိုင်တဲ့နေရာတွေကို ဝင်ပြီးတော့ တိုက်ခိုက်တာ တွေ လုပ်ခဲ့တာ ရှိတယ်။ ရှင်းလင်းပစ်တာတွေ ရှိတယ်။ တချို့ကို ဖမ်းဆီးတာတွေရှိတယ်။
အဲဒီတော့ ကျွန်တော်တို့ လက်တွေ့ကျကျ စဉ်းစားဖို့ လို တာက နံပါတ်တစ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မေးရမှာက ကျွန်တော်တို့ တိုင်းပြည်မှာ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်တဲ့ မူ ဝါဒရှိလားဆိုတာကို မေးဖို့လိုတယ်။ အခုအချိန်အထိတော့ မြန် မာပြည်မှာ ထင်ထင်ရှားရှား ဒီလိုမူဝါဒဆိုပြီး ကြေညာတဲ့ဟာမျိုး မတွေ့ရသေးပါဘူး။ အဲဒီတော့ နယ်စပ်လုံခြုံရေး မူဝါဒတစ်ခု ထွက်လာအောင် အစိုးရက ဦးဆောင်ပြီး လုပ်ဖို့လိုတယ်။
နံပါတ်နှစ်က အဲဒီမူဝါဒပေါ် အခြေခံပြီးတော့ နယ်စပ်လုံခြုံ ရေး မဟာဗျူဟာဆိုတာ ဘာလဲဆိုတာကို ကျွန်တော်တို့ ချမှတ်ဖို့ လိုတယ်။ ချမှတ်တဲ့အခါမှာလည်း လက်တွေ့ကျကျ စဉ်းစားဖို့ လိုတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားမှာ ထိစပ်မှုက ကုန်းကြောင်း တင်မကဘူး၊ ရေကြောင်းလည်း ပါနေတယ်။ အဲဒီတော့ ပိုက်ဆံ တွေလည်း အများကြီး ရှိပြီး နည်းပညာတွေလည်းအများကြီးမြင့် ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီ Physical Security ပေါ့။ ဒီရုပ်ပိုင်းဆိုင်ရာအရ အဟန့်အတားလုပ်ရုံနဲ့ ဒီနယ်စပ်တွေကို ထိန်းဖို့က မလွယ်ပါဘူး။
ဥပမာ-ကျွန်တော်တို့က နယ်စပ်မှာသွားပြီး ဝန်းထရံ ခတ် တာတို့၊ ခြံစည်းရိုးခတ်တာတို့ အဲဒီလောက်နဲ့လည်း ဒီပြဿနာ တွေကို ငြိမ်းအောင်လုပ်ဖို့က မလွယ်ပါဘူး။ အမေရိကန်မှာဆိုရင် အဲဒီအတွေ့အကြုံတွေ အများကြီးရှိပါတယ်။
အဲဒီတော့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အအောင်မြင်ဆုံးနိုင်ငံတွေကို ကြည့်မယ်ဆိုရင် ဟိုဘက်နဲ့ ဒီဘက် ကြားမှာ နားလည်မှုယူပြီးတော့ ဒီပြဿနာကို ချဉ်းကပ်တဲ့အခါမှာ ပိုပြီး ထိရောက်တာကို သွားတွေ့ရပါတယ်။ ကိုယ့်တစ်ဖက်တည်း က လုပ်တာထက် ပတ်ဝန်းကျင်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ယူပြီး လုပ်တဲ့ဟာက ပိုပြီးတော့ ထိရောက်တယ်ဆိုတာကို တွေ့ရ ပါတယ်။ တစ်ဖက်တည်းက လုပ်တာတွေဟာ အောင်မြင်တာ အကန့်အသတ်ရှိတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ နောက် ဆုံး အမေရိကန်လို နိုင်ငံမျိုးမှာတောင် အကန့်အသတ်တွေ အများကြီးရှိနေပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ကို နယ်စပ်ကနေ ဆိုပါစို့၊ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေ ပြီပေါ့။ ပြီးတော့ နယ်စပ်ကနေ မြန်မာပြည်ထဲဝင်လာပြီးတော့ စစ်ဆင်ရေး လုပ်မယ်ဆိုရင် သူတို့လုပ်နိုင်တဲ့ စစ်ဆင်ရေးတွေ ဟာ ဘယ်လောက်အဆင့်ရှိသလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။
ဥပမာ-ပါကစ္စတန်မှာ ခိုအောင်းနေတဲ့ အဖွဲ့တွေဆိုလို့ရှိရင် သူတို့စစ်ဆင်ရေးတွေက အဓိက နယ်စပ်တွေမှာ လုပ်တာ မဟုတ် ဘူး။ နယ်စပ်မှာလုပ်တဲ့ အဖွဲ့တွေလည်း ရှိသလို တကယ့်အတွင်း ဘက်အထိ ဝင်ပြီးတော့ မြို့ကြီးပြကြီးတွေမှာ လုပ်ကြတဲ့ အကြမ်း ဖက်စစ်ဆင်ရေးတွေလည်း ရှိတယ်။
အဲဒီတော့ ကျွန်တော်တို့ သိဖို့လိုတာက ဒီအကြမ်းဖက် သမားတွေက နယ်စပ်ကိုဖြတ်ပြီး ဒီဘက်မှာ ဗုံးလာထောင်လိုက်၊ ချောင်းပစ်လိုက် လုပ်ကြတဲ့အဆင့်ပဲ ရှိသလား။ ဒါမှမဟုတ် တကယ့်မြို့ကြီးပြကြီးတွေအထိ ပစ်မှတ်ထားပြီး တိုက်ခိုက်နိုင် တဲ့ အဆင့်ရှိသလားဆိုတဲ့အပေါ် မူတည်ပြီးတော့ လုပ်ရမယ့်လုပ် ငန်းစဉ်တွေကလည်း အများကြီးပေါ့ဗျာ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့မှာ ဒီဟာ တွေကို ရုပ်ပိုင်းဆိုင်ရာအရံအတားတွေလောက်နဲ့ လုံခြုံရေးတွေ ထားမယ်။ ခြံစည်းရိုးတွေခတ်မယ် ဆိုတာလောက်နဲ့တော့ တား လို့မရဘူး။ တကယ်တမ်း ဒီပြဿနာမျိုးကို စီမံချက်ချပြီး လုပ် တော့မယ်ဆိုရင် ဒီလို အရံအတားလောက်နဲ့တော့ မလွယ်ပါဘူး။ ဒါက တစ်ခု။
အဲဒီတော့ ထိရောက်တဲ့ အစီအမံတွေ လုပ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ မူဝါဒရှိရမယ်။ မဟာဗျူဟာ ရှိရမယ်။ နောက် တစ်ခုက နယ်စပ်လုံခြုံရေးဆိုတာဟာ ဝန်ကြီးဌာနတစ်ခုတည်း၊ နှစ်ခုတည်းက မဟုတ်ဘဲနဲ့ ဝန်ကြီးဌာနအများကြီး ပေါင်းစပ်ပြီး တော့ လုပ်ရတဲ့ လုပ်ငန်းလို့ ကျွန်တော်ကတော့ နားလည်တယ်။
မြန်မာပြည်မှာ အလွယ်ပြောမယ်ဆိုရင် နယ်စပ်မှာ နယ် ခြားစောင့်ရဲ၊ နယ်ခြားစောင့်တပ်တွေရှိမယ်။ ပြီးရင် တပ်မတော် က တပ်တွေရှိမယ်။ ပြီးရင် ရဲရှိမယ်။ ပြည်ထဲရေးပေါ့။ ပြည်ထဲ ရေးနဲ့သက်ဆိုင်တဲ့ စုဖွဲ့ မှုတွေထဲကဆို ထောက်လှမ်းရေးစုဖွဲ့ မှု တွေ ရှိမယ်။ ပြီးရင် လူဝင်မှုကြီးကြပ်ရေးပေါ့။ ပြီးရင် အကောက် ခွန်ပေါ့။ ပြီးတော့ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့်မို့ တချို့ လူမှုရေး ဆိုင်ရာကိစ္စမျိုးတွေ လုပ်ရတဲ့အခါမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးလိုဟာမျိုးတွေ ပါမယ်။ အဲဒီ တော့ နယ်စပ်လုံခြုံရေးကို စဉ်းစားတဲ့အခါမှာ ဘက်ပေါင်းစုံကနေ စဉ်းစားနိုင်တဲ့ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့ စုဖွဲ့ မှုမျိုးတွေ ဖြစ်ဖို့ လိုတယ်။ ဒါက တစ်ခုပေါ့။
နောက်တစ်ခုကတော့ လူထုပါဝင်ဆောင်ရွက်မှုပေါ့။ နယ် စပ်လုံခြုံရေးကို လုပ်တဲ့အခါမှာ အမေရိကန်မှာဆိုရင် တချို့က တော့ လူထုပါဝင်ဆောင်ရွက်မှုဆိုတာကို မကြိုက်ကြဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင် လူထုဟာ တရားမဝင် ဝင်ရောက်လာသူ တွေကို မနှစ်မြို့ကြဘူးပေါ့ဗျာ။
ဒါပေမဲ့ လူထုပါဝင်ဆောင်ရွက်မှုဟာ အရေးကြီးတယ်ဆို တာ နယ်စပ်မှာ လုံခြုံရေးအဖွဲ့အစည်းတွေ မမြင်နိုင်၊ မကြားနိုင် တာတွေဟာ အများကြီးပဲ။ ဒါတွေကို လူထုသိနေတာတွေ အများ ကြီးပဲ။ သိတဲ့အခါမှာ လူထုအနေနဲ့ မသင်္ကာတဲ့လူကတော့ ဝင် လာပြီ။ ဒီလူတွေကို ဒီရပ်ကွက်ထဲမှာ တစ်ခါမှ မမြင်ဖူးဘူး။ ဘာ ပစ္စည်းတွေသယ်လာတယ် စသည်ဖြင့်ပေါ။ ဒီလိုဟာမျိုးတွေကို လုံခြုံရေး အဖွဲ့အစည်းတွေကို သတင်းပေးနိုင်မယ်။ ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် နယ်စပ်လုံခြုံရေးဟာ ပိုပြီးတော့ ထိ ရောက်နိုင်တယ်။
ဒီတော့ နယ်စပ်လုံခြုံရေးကို လုံခြုံရေးအဖွဲ့အစည်းတွေတင် မကဘူး။ လုံခြုံရေးလုပ်ငန်း မလုပ်တဲ့ တချို့ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင်နိုင်ဖို့လိုသလို အဲဒီဒေသတွေမှာ ရှိနေတဲ့ ရပ်ရွာလူထုအသိုင်းအဝိုင်းကလည်း ပါဝင်ပတ်သက်ဖို့ တော့ လိုတယ်ဆိုတဲ့ အနေထားကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။
နောက်တစ်ခုကတော့ နည်းပညာပေါ့။ ဒီနယ်စပ်လုံခြုံရေး ကို လုပ်တဲ့အခါမှာ အိန္ဒိယမှာဆိုလည်း နည်းပညာတွေကို အများ ကြီးသုံးလာတာ တွေ့ရတယ်။ အမေရိကန်မှာဆိုလည်း နည်းပညာ တွေ အများကြီး သုံးလာတာ တွေ့ရတယ်။ နည်းပညာသုံးတယ်ဆို တာကတော့ ပိုက်ဆံတို့ ဘာတို့ လိုအပ်တဲ့ဟာတွေတော့ ရှိတာပေါ့။
မြန်မာပြည်မှာ နယ်စပ်လုံခြုံရေး လုပ်မယ်ဆိုရင် နံပါတ် တစ် ကျွန်တော်တို့မှာ တိကျပြတ်သားတဲ့ နယ်စပ်လုံခြုံရေး မူဝါဒ ရှိသင့်တယ်။ အဲဒီမူဝါဒကို အကောင်အထည်ဖော်မယ့် မဟာ ဗျူဟာရှိသင့်တယ်။ အဲဒီနှစ်ခုဟာ အခြေခံလိုအပ်ပါတယ်။
မော်ကွန်း။ ။ ဘယ်လိုအခြေအနေမှာ နယ်စပ်လုံခြုံရေး ကျိုး ပေါက်တယ်လို့ ခေါ်ပါသလဲ။ ဥပမာလေးတွေနဲ့ ရှင်းပြပေးပါလား။
ဒေါက်တာမင်းဇော်ဦး။ ။ နယ်စပ်လုံခြုံရေးကျိုးပေါက်တယ်ဆို တဲ့ ကိစ္စကတော့ ယေဘုယျပြောလို့မရဘူးဗျ။ ဘာကြောင့် ပြောလို့ မရသလဲဆိုတော့ ဥပမာ-အမေရိကန်မှာဆိုရင် အမေရိကန်ရဲ့ လေးရာခိုင်နှုန်းလောက်သော လူဦးရေဟာ တရားမဝင် ဝင်လာ တဲ့သူတွေ။ တိုင်းပြည်ထဲကို လေးရာခိုင်နှုန်းလောက် တရားမဝင် ဝင်လာနေတယ်ဆိုတာ တော်တော်များတယ်လို့ ပြောလို့ရတယ်။ လူ ၁၄ သန်းလောက် ရှိတာကိုး။
ဒီလောက်များတဲ့ လူဦးရေ ကိုယ့်နိုင်ငံထဲ ဝင်လာတာကို ဒါ ဟာ အမျိုးသားလုံခြုံရေးပြဿနာလို့ ဘယ်အမေရိကန်သမ္မတ ကမှ ပြောခဲ့တာမဟုတ်ဘူးလေ။ ဒါပေမဲ့ ထရမ့်တက်လာတဲ့ အချိန်မှာတော့ ဒါကြီးဟာ စည်းကျိုးပေါက်နေပြီဆိုတဲ့ အခြေခံနဲ့ သူကြည့်ခဲ့တာ ရှိတယ်။
အဲဒီတော့ အခြေအနေကတော့ ဒီအခြေအနေပဲ။ ဒီအခြေ အနေကို ဘယ်လို ခေါင်းစဉ်တပ်မလဲဆိုတဲ့ စဉ်းစားမှုကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာတော့မဟုတ်ဘူးပေါ့။ ခေါင်း ဆောင်တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းလည်း တူမှာ မဟုတ်ဘူးလေ။
ဥပမာ-ထိုင်းကိုကြည့်မယ်ဆိုရင် ပြည်ပက လာတဲ့ အလုပ် သမားတွေကို အခြေခံလို့ သူရဲ့ ကုန်ထုတ်စွမ်းအားကို သူက မြှင့် တင်ရတာလေ။ တိုင်းပြည်တစ်ခုမှာ စီးပွားရေးတက်လာတယ်။ ကုန်ထုတ်စွမ်းအား တက်လာတယ်ဆိုရင် တစ်ဖက်ကလည်း အလုပ်သမားစရိတ်တွေဟာ တက်လာတယ်။ ဒီအလုပ်သမား စရိတ်တွေကို လျှော့ချနိုင်ဖို့ဆိုရင် အပြင်ကနေ လာတဲ့ ဈေးပေါ ပေါနဲ့ရတဲ့ အလုပ်သမားမျိုးတွေကို ငှားကြတယ်ပေါ့ဗျာ။
ဒါဟာ ထိုင်းတင်မကပါဘူး၊ အမေရိကန်မှာလည်း ဒါမျိုး တွေအများကြီးတွေ့ရပါတယ်။ ဒီလို ငှားလိုက်တော့ တစ်ဆယ် တန်တဲ့ ပစ္စည်းကို ခြောက်ကျပ်လောက်နဲ့ ထုတ်နိုင်တာပေါ့။ သက်သာသွားတဲ့အတွက် စားသုံးသူတွေကလည်း ပိုပြီးတော့ ဝယ်ယူစားသုံးနိုင်တယ်ဆိုတော့ ဒီလိုတရားမဝင် ဝင်ရောက် လာပြီး အလုပ်လုပ်နေထိုင်တဲ့ ကိစ္စတွေကို တချို့နိုင်ငံတွေဆိုရင် သိသိလျက်နဲ့ လုံးဝ ဒါကြီးကို ပပျောက်သွားအောင်ဆိုပြီး ချေမှုန်း ပစ်တာတော့ မရှိပါဘူး။ သူ့ရဲ့ စီးပွားရေးလိုအပ်ချက်ကို သူတို့ ထည့်စဉ်းစားရတာကိုး။
ဆိုပါစို့၊ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားမှာ လုပ်ကိုင်နေကြ တဲ့ ၃၅ ရာခိုင်နှုန်းဟာ ပြင်ပက ဝင်လာတဲ့ သူတွေဆိုလို့ ရှိရင် အဲဒီ ၃၅ ရာခိုင်နှုန်းကို မောင်းထုတ်လိုက်တာနဲ့ အဲဒီကုန်ထုတ်လုပ်မှုက ရပ်သွားမှာကိုး။ ဒီတော့ ဒါကို သိသိကြီးနဲ့ ထားရတဲ့ ဟာတွေ လည်း အများကြီးတွေ့ ဖူးပါတယ်။ အများကြီးလည်း ရှိပါတယ်။
အဲဒီတော့ နယ်စပ်လုံခြုံရေး ဘယ်လိုကျိုးပေါက်သလဲဆို တာကို ယတိပြတ်ပြောလို့မရဘူး။ နိုင်ငံတစ်ခုနဲ့ တစ်ခု မတူကြ သလို အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ တစ် ယောက် စဉ်းစားပုံချင်းလည်း တူကြမှာ မဟုတ်ဘူး။
မော်ကွန်း။ ။ ကျွန်တော်တို့လိုနိုင်ငံအနေနဲ့ဆိုရင် နယ်စပ်လုံခြုံ ရေးဟာ အရေးကြီးသလား။ ဒီဟာအတွက် ဘယ်လိုပြင်ဆင် ထားဖို့ လိုသလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ နယ်စပ်လုံခြုံရေးလို့ ပြောတဲ့အခါ ဘာ နယ်စပ်လုံခြုံရေးလဲ။ ထိုင်းနယ်စပ်လုံခြုံရေးလား။ တရုတ် နယ် စပ်လုံခြုံရေးလား။ လာအိုနယ်စပ်လုံခြုံရေးလား။ အိန္ဒိယနဲ့ လုံခြုံရေးလား။ ဘင်္ဂလားဒေ့ရှ်နဲ့ လုံခြုံရေးလား။ စဉ်းစားရမယ့် ဟာတွေက အများကြီး ဖြစ်သွားတာပေါ့။
အိန္ဒိယရဲ့ဟာလေးကို ထည့်ပြီး ဥပမာပေးပြောရရင် အိန္ဒိယမှာဆိုရင် သူ့ရဲ့နယ်စပ်လုံခြုံရေးပေါ့။ သူ့မှာ ထိတွေ့နေရတဲ့ နယ်စပ်ဆိုရင် အားလုံးပေါင်း နိုင်ငံခုနစ်နိုင်ငံရှိတယ်။ ပါကစ္စတန် ရှိတယ်။ တရုတ်ရှိတယ်။ နီပေါ ရှိတယ်။ ဘူတန်ရှိတယ်။ မြန်မာရှိ တယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ အာဖဂန်နစ္စတန်ရှိတယ်။ အဲဒီနိုင်ငံ တွေနဲ့ သူတို့ ပြုလုပ်ထားတဲ့ နယ်စပ်လုံခြုံရေးစနစ်ဟာ တစ်ခုနဲ့ တစ်ခု မတူကြဘူး။
ဥပမာ ပါကစ္စတန်နဲ့ဆိုရင် စစ်ရေးအရ သူတို့မှာရှိတဲ့ နှစ် ဖက် သဘောတူထားတဲ့ သဘောတူညီချက်ကို အခြေခံပြီး လုပ် ထားတဲ့ နယ်နိမိတ်ကို စစ်ရေးအရ သူတို့ ထိန်းထားတယ်။ ဟို ဘက်တပ်၊ ဒီဘက်တပ် အနီးကပ် တစ်ဖက်နဲ့ တစ်ဖက် ကြည့် တယ်ပေါ့။ စစ်ရေးအရထိန်းတဲ့ လုပ်ကိုင်မှုကို တွေ့ရတယ်။
ဥပမာ-မြန်မာနဲ့ဆိုရင် သူတို့က နှစ်ဖက်ပူးပေါင်းဆောင် ရွက်မှုနဲ့ နယ်စပ်ကို ထိန်းထားတာကို တွေ့ရတယ်။ နှစ်ဖက် ပူး ပေါင်းပြီး ကင်းလှည့်တာမျိုးတွေ၊ ဘာတွေလုပ်တာကို တွေ့ရတယ်။
တရုတ်နဲ့ဆိုရင် တရုတ်နဲ့ အိန္ဒိယဟာ တစ်ချိန်တုန်းက နယ်စပ်ပြဿနာကြောင့် တိုက်ကြ၊ ခိုက်ကြခဲ့တာတွေ ရှိတယ်။ ဒီ ကနေ့အထိ ဒီနယ်စပ်ပြဿနာဟာ ပြေလည်သလားဆိုရင် ပြေ လည်မှု မရှိသေးဘူး။ နှစ်ဖက်အငြင်းပွားမှုတွေ ရှိတုန်းပဲ။ ဒါပေမဲ့ လက်နက်ကိုင်ပြီး ပဋိပက္ခဖြစ်လောက်တဲ့ အဆင့်ထိတော့ မရှိပါ ဘူး။ နှစ်ဖက် နားလည်မှုယူပြီး လုပ်ကြတဲ့ ပုံစံမျိုး လုပ်ထားတာ ရှိတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်ပြီးတော့ အိန္ဒိယအစိုးရ လုပ်တဲ့ ပုံစံကတော့ နယ်စပ်စည်းရိုးတစ်လျှောက်မှာ ခိုင်ခံ့တဲ့ စည်းရိုးကြီး တွေ ကာပြီးတော့ ကာကွယ်ထားတဲ့ ဟာမျိုးတွေ ရှိတယ်။
နယ်စပ်လုံခြုံရေးကိုပြောရင် လှေနံဓားထစ်တော့ ပြောလို့ မရဘူး။ ဘယ်နိုင်ငံနဲ့ ဘယ်လို လုပ်မလဲဆိုတဲ့ဟာကလည်း အများ ကြီးကွဲသွားမယ်။ နောက်တစ်ခုက နယ်စပ်လုံခြုံရေးရဲ့ အဓိက ရည်မှန်းချက်က ဘာလဲ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေ အပေါ် မှာ အများကြီး ကွဲသွားတာတွေ ရှိမယ်။
မော်ကွန်း။ ။ နယ်စပ်တွေမှာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြေမြှုပ်မိုင်းတွေသုံးတဲ့အတွက် ကျွန်တော်တို့နိုင်ငံကို နိုင်ငံ တကာ ဝေဖန်မှုတွေ ရှိပါတယ်။ နယ်စပ်မှာ ဒီလို ထောင်တာက နယ်စပ်လုံခြုံရေးကြောင့်လား။ အကြမ်းဖက်တားဆီးရေး ရည် ရွယ်ချက်လားတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ နယ်စပ် လုံခြုံရေးကို ဆောင်ရွက်တဲ့အခါ ဒီလိုလုပ်ဆောင်ကြတာဟာ သင့်လျော်သလား။ နိုင်ငံတကာ အတွေ့အကြုံမှာရော ဒီလို မြေမြှုပ်မိုင်းတွေသုံးပြီး ကာကွယ်ကြတာ ရှိသလား။
ဒေါက်တာမင်းဇော်ဦး။ ။ တစ်ခုကတော့ ဒီမြေမြှုပ်မိုင်းကို လုံးဝ အသုံးမပြုရေးဆိုတဲ့ လှုံ့ဆော်မှုတွေ၊ လမ်းကြောင်းတွေနဲ့ က္ဘာ မှာက အားလုံးက သွားနေကြတာပေါ့။ သွားနေကြတော့ မြေမြှုပ် မိုင်းမြှုပ်တယ်ဆိုတဲ့ဟာက အင်မတန်မှ အငြင်းပွားဖွယ်စရာတော့ ဖြစ်ပါတယ်။ ဒီဟာက လူမှုရေးအရ ကြည့်ကြည့်၊ စစ်ရေးအရ ကြည့်ကြည့် အများကြီး အငြင်းပွားဖွယ်ရာ ဖြစ်တော့ ဒီမြေမြှုပ် မိုင်း သုံးမလား။ မသုံးဘူးလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ရင်တော့ လူသားချင်စာနာမှုဆိုင်ရာ ရှုထောင့်ကနေ ကြည့်ကြတာ များ ပါတယ်။
များနေတော့ မြန်မာပြည်မှာလည်း မြေမြှုပ်မိုင်း သွားသုံး မယ်ဆိုရင်တော့ ကျွန်တော်တို့က နိုင်ငံတကာမှာ စွပ်စွဲမှုတွေကို ခံလာရနိုင်တယ်။ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက် ဆံရေးတွေမှာ အများကြီး ထိခိုက်နိုင်ပါတယ်။ ဒီလိုအခြေအနေ တွေတော့ ရှိတယ်။ နောက်တစ်ခုက ဒီလို မြေမြှုပ်မိုင်းတွေ မြှုပ် လိုက်လို့ရော ကျွန်တော်တို့ တိုင်းပြည်ဟာ ပိုပြီး လုံခြုံသွားမလား ဆိုတာလည်း မေးစရာရှိပါတယ်။
ဥပမာဆိုပါစို့၊ အကြမ်းဖက် တိုက်ခိုက်မယ့်သူက ၁ဝ ယောက်ပဲ ဆိုပါစို့။ အဲဒီ ၁ဝ ယောက်ဟာ မြန်မာပြည်ထဲကို ရေ ကြောင်းလမ်းက လာမယ်။ လေကြောင်းလမ်းက လာမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ် သိနိုင်မတုံး။ အဲဒီတော့ မြေမြှုပ်မိုင်း ထောင်ပြီး အောင်မြင်စွာနဲ့ နယ်စပ်ပြဿနာကို ဖြေရှင်းနိုင်တယ် ဆိုတဲ့ ဥပမာတော့ ကျွန်တော် မတွေ့ ဖူးသေးဘူး။
မော်ကွန်း။ ။ နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရာမှာ ကျွန်တော်တို့ အနေနဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပြင်ဆင်သင့်စရာ တွေ ဘာတွေများ ရှိပါသလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ မြန်မာပြည်မှာ နယ်စပ်တွေနဲ့ ပတ်သက် လို့ ပြင်ဆင်ရမယ်ဆိုရင် နံပါတ်တစ်က နယ်စပ်လုံခြုံရေးရဲ့ အဓိက ကျောရိုးတစ်ခုက ကောင်းမွန်တဲ့ ထောက်လှမ်းရေးစနစ်တစ်ခုရှိဖို့ပဲ။ နယ်စပ်လုံခြုံရေးဆိုတာက ကိုယ့်တိုင်းပြည်ထဲ ရောက်မှ ဖမ်းရ၊ ဆီးရတာမျိုး မဟုတ်ဘူး။
ဥပမာ-အကြမ်းဖက်သမားတစ်ယောက်က ကိုယ့်တိုင်း ပြည်ထဲ ဝင်လာမယ်ဆိုရင် တိုင်းပြည်ထဲရောက်မှ ကိုယ်က ဖမ်း မယ်ဆိုရင် အဲဒီအချိန်ဟာ အတော်နောက်ကျနေပါပြီ။ ဆိုပါစို့၊ အကြမ်းဖက်စစ်ဆင်ရေး လုပ်မယ့်သူတစ်ယောက်ဟာ ဒီတိုင်း ပြည်ထဲမှာ လာလုပ်မယ်၊ ဒီတိုင်းပြည်မှာ သေမယ်ပေါ့။ အသေခံ ဖောက်ခွဲမယ်ပဲ ထားပါတော့။ ဒီလို လူမျိုးတွေကို တားဆီးဖို့က ကိုယ့်တိုင်းပြည်ထဲ မရောက်ခင်ကတည်းက အဲဒီလူကို တားနိုင်ဖို့ လိုတယ်၊ ဖမ်းဆီးနိုင်ဖို့ လိုတယ်။
ဒီလိုဖမ်းနိုင်ဖို့ဆိုရင် ကိုယ့်နယ်စပ်ကနေ ထိုင်စောင့်နေလို့ မရဘူး။ နိုင်ငံတကာမှာရှိတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်နေ တဲ့ အဖွဲ့အစည်းတွေနဲ့ ကိုယ့်က အမြဲတမ်း ချိတ်ဆက်ထားဖို့ လို တယ်။ သူတို့ထံကနေပြီးတော့ ဘယ်သူ့ကိုတော့ ဘယ်မှာ တွေ့ လိုက်တယ်။ ဘယ်သူကတော့ ဘယ်ကို ရောက်နေတယ်ဆိုတဲ့ အချက်အလက်တွေကို ကိုယ်က ပုံမှန်ရနေဖို့ လိုတယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရာမှာ ထောက်လှမ်းရေးစနစ် ပြု ပြင်ပြောင်းလဲမှုဟာ အများကြီး အရေးကြီးတယ်ဆိုတာကို တွေ့ရ ပါတယ်။ ဒါက လက်ရှိ အပြောင်းအလဲလုပ်ရမယ့် အားနည်းချက် တွေပေါ့။
နောက်တစ်ခုက ကျွန်တော်တို့မှာ အရင်တုန်းက နစက (နယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေး)လို အဖွဲ့အစည်းမျိုး ရှိတယ်။ နစကထဲမှာလည်း သူ့ပြဿနာနဲ့သူအများကြီးရှိပါတယ်။ အဂတိ လိုက်စားမှုပြဿနာတွေ၊ဘာတွေပေါ့။ ဒါပေမဲ့ တစ်ဖက်ကလည်း လုံခြုံရေးအရ သူတို့ အတိုင်းအတာတစ်ခုအထိ ဒါကို ထိန်းနိုင်တာ မျိုးတွေ ရှိတယ်။
ဥပမာ-ဒီရွာထဲကို လူစိမ်း ဘယ်သူလာနေသလဲ။ ဘယ်သူ တွေက ဘာတွေ လုပ်နေသလဲ။ ဘယ်သူတွေက ဘယ်လို အမြင်ရှိ ပြီး ဘယ်သူတွေက ဘယ်လို အမြင်စောင်းနေသလဲ။ ဒီလိုဟာတွေ တော်တော်များများ သူတို့ထံမှာ အချက်အလက်တွေ ရှိနေတယ်။ ဒီ နစက တွေ ဖျက်သိမ်းလိုက်လို့ မရှိတော့တဲ့ နောက်ပိုင်းမှာ မြေ ပြင်မှာရှိတဲ့ အချက်အလက်ကောက်ယူတဲ့ စနစ်ဟာ အတော်ကြီး ကို အားနည်းသွားတယ်ဆိုတာကို သွားတွေ့ရတယ်။
နောက်တစ်ခု အားနည်းချက်က ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန် တော်တို့ သွားပြီး ရန်ဖြစ်လို့မရဘူး။ နောက်ဆုံး ကိုယ့်အပေါ်ကို ဘင်္ဂလားဒေ့ရှ်က ပြဿနာရှာနေရင်တောင် တချို့ကိစ္စတွေမှာ သူတို့နဲ့ ကိုယ်တွေက မိတ်ဖက်ဆက်ဆံနိုင်ဖို့ လိုတယ်။ ဘာ ကြောင့်လဲဆိုရင် ဘင်္ဂလားဒေ့ရှ်က ကိုယ့်ကို ရန်ဘက်အဖြစ် စတင်ဆက်ဆံပြီဆိုရင် သူတို့ အများကြီး ကျွန်တော်တို့ကို ဒုက္ခ ပေးလို့ ရတယ်။
ဥပမာ-အကြမ်းဖက်သောင်းကျန်းသူတွေကို ထောက်ပံ့တဲ့ ကိစ္စတွေ၊ ပိုက်ဆံပေးတဲ့ ကိစ္စတွေ ဖြစ်လာမယ်။ နောက်ဆုံး ပိုက်ဆံမပေးရင်တောင် သူ့နယ်မြေထဲမှာ ပေးနေမယ်။ အဲဒီကနေ ဒီဘက်ကိုလာပြီး ဒီအဖွဲ့အစည်းတွေက စစ်ဆင်ရေးတွေ လုပ် မယ်။ ပြီးရင် ပြန်သွားမယ်။ ဒီလိုတွေ ဖြစ်လာခဲ့ရင် မြန်မာအစိုးရ အတွက် အများကြီး လုပ်ရ၊ ကိုင်ရ ပိုခက်သွားလိမ့်မယ်။ ပြီးတော့ အစ္စလာမ္မစ်အဖွဲ့တွေ ကိစ္စတင်မကဘူး၊ AA (ရခိုင့်တပ်မတော်)လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ဒီနယ်စပ်မှာ ရှိ နေပြန်တယ်။
ဒီလို အကြောင်းအရာတွေအားလုံးကို ထည့်စဉ်းစားမယ် ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာပြည်မှာ မတည်မငြိမ် ဖြစ်အောင်၊ ရခိုင်ပြည်နယ်မှာ မတည်မငြိမ်တွေဖြစ်လာအောင် လုပ်မယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေ တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျွန်တော်တို့က မိတ် ဖက် သံတမန်ဆက်ဆံရေးမျိုး ရအောင် ပြန်လုပ်မှ ရမယ်။
နောက်တစ်ခုက နယ်စပ်လုံခြုံရေးလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ အဓိက စိုးရိမ်ချက်က အကြမ်းဖက်သမားလား။ ဒါမှမဟုတ် တရားမဝင် ဝင်လာမယ့်သူတွေလား။ ဒီနှစ်ခုက မတူပြန်ဘူး။
အမေရိကန်ဆိုရင် သူက အကြမ်းဖက်သမားတွေကို အရမ်းကြောက်တယ်။ အရမ်းကြောက်တော့ သူက ဒီလူတွေ သူ့ နိုင်ငံထဲ မဝင်ခင်ကတည်းက ဖမ်းနိုင်အောင် အဆင့်ဆင့် ကွန်ရက် တွေ၊ ကွန်ရက်တွေ ချိတ်ဆက်ထားတယ်။ ပြီးတော့ နိုင်ငံအတွင်း ရောက်လာသူတွေကိုလည်း မသင်္ကာတာနဲ့ တစ်ခါတည်း စောင့် ကြည့်လို့ရအောင် လုပ်ထားတဲ့ စနစ်တွေ ရှိတယ်။ ဒါကတော့ တခြားတိုင်းပြည်ကြီးတွေမှာ လုပ်ကြတာပေါ့။
ကျွန်တော်တို့ တိုင်းပြည်ကြတော့ သူတို့လောက် အရင်း အမြစ်တွေက မရှိဘူး။ အရင်းအမြစ်တွေက မရှိတော့ တချို့ စဉ်း စားတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရ ကိုယ်က မတားနိုင်ဘူးဆိုရင် တချို့ စိတ်ပိုင်းဆိုင်ရာ တားဆီးနိုင်ဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေ လည်းရှိတယ်။
ဥပမာ-ခင်ဗျားက မြန်မာပြည်မှာ အလုပ်အကိုင်မကောင်း လို့ ထိုင်းမှာ သွားအလုပ်လုပ်ချင်တယ်ပေါ့။ ဒါပေမဲ့ ထိုင်းမှာ ခင်ဗျား သွားအလုပ်လုပ်မယ်ဆိုတဲ့ နှစ်ကျမှ ထိုင်းအစိုးရက အလုပ်ပါမစ်တွေ အကုန်လုံးသိမ်းပစ်လိုက်တယ်ဆိုရင် ခင်ဗျား အဲဒီ ဖိအားကို ယူချင်တော့မှာ မဟုတ်ဘူး။ ငါ သွားရင် ငါ အဖမ်း ခံရမှာပါလားဆိုတဲ့ အတွေးဝင်ပြီး မသွားချင်တော့ဘူးပေါ့။
အဲဒီလိုမျိုးပဲ။ ဒီတိုင်းပြည်ကို ခိုးဝင် ကျူးကျော်လာလိုက် လို့ရှိရင် ငါတို့အတွက် ပိုကောင်းတယ်ဆိုတဲ့ အခြေအနေမျိုးတွေ မရောက်အောင်၊ ရောက်လာရင်လည်း အဲဒီကနေ ပြန်ထွက်သွား အောင် နည်းလမ်းတွေ စဉ်းစားပြီး လုပ်ဖို့လိုတယ်။ အဲဒီလို စိတ် ပိုင်းဆိုင်ရာအရ ကြားမှာ အဟန့်အတားတွေ မထားဘူးဆိုရင် ဟာ…ငါ ဒီမှာ မကောင်းဘူး၊ ငါတော့ ရေကြည်ရာ မြက်နုရာကို သွားလိုက်ဦးမယ်ဆိုလိုရှိရင် တရားမဝင် ဝင်လာသူတွေ ရောက် လာမှာပဲ။
မော်ကွန်း။ ။ ပြီးတော့ နယ်စပ်မျဉ်းတွေကို အခြေပြုလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့ ကျွန်တော်တို့လို နိုင်ငံ အတွက် ဒီအဖွဲ့အစည်းတွေရဲ့ အင်အားကရော နယ်စပ်လုံခြုံရေး အတွက် အသုံးချလို့ မရနိုင်ဘူးလား။ ဒီအဖွဲ့အစည်းတွေနဲ့ နယ် စပ်လုံခြုံရေးကဏ္ဍအတွက် ဘယ်လိုလုပ်ဆောင်လို့ရသလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ အစိုးရ၊ တပ်မတော်အမြင်ကတော့ဗျ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ငါတို့ကို မကျေနပ်လို့ တော်လှန်တယ်။ ဒါကြောင့်မို့ သူတို့နဲ့ ငါတို့နဲ့ ဆွေးနွေးညှိနှိုင်း နေရတယ်ဆိုတဲ့ အဆင့်လောက်မှာပဲ ထားတယ်။ သူတို့ကို ဒီလို ကိစ္စတွေမှာ ဝင်ပြီးတော့ အဓိကကတော့ နိုင်ငံကနေ ခွင့်ပြုထား တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ဝင်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးကျတော့ နည်းနည်းလေးတော့ သူတို့မှာ အဟန့်အတား ရှိတယ် ဆိုတဲ့ဟာမျိုး တွေ့ရပါတယ်။
မော်ကွန်း။ ။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်းတွေက နယ်စပ်လုံခြုံရေး အတွက် အသုံးမကျနိုင်ဘူးလား၊ အသုံးမချနိုင်ဘူးလား။ ဆရာ ဘယ်လို မြင်သလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ အဲဒီဟာကတော့ ဒီနယ်စပ်တွေမှာ သူ တို့အဖွဲ့အစည်းတွေက ဘယ်နေရာတွေမှာရှိသလဲ။ ဘယ်လို လှုပ် ရှားသလဲဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည်တာကိုး။
မော်ကွန်း။ ။ ဖြည့်စွက်ပြောပေးပါဦး။
ဒေါက်တာမင်းဇော်ဦး။ ။ ကျွန်တော်တို့မှာ လက်ရှိပြဿနာက အမျိုးသားလုံခြုံရေးမူဝါဒ ချမှတ်နိုင်ဖို့အတွက် အခက်အခဲ ရှိတဲ့ ပြဿနာဗျ။ အဲဒီမှာ ပြဿနာ အကြီးကြီးရှိနေတာ သွားတွေ့ရ တယ်။ တွေ့ရတော့ ဒီလို မူဝါဒတစ်ခု ခိုင်ခိုင်မာမာ ထွက်လာ အောင် တိုင်းပြည်မှာ ရှိတဲ့ ထိပ်သီးခေါင်းဆောင်တွေကြားထဲမှာ အဖြေရှာဖို့လိုတယ်ပေါ့။ ဒီမူဝါဒရှိမှသာ ဒီဟာကို ဝိုင်းဝန်း အကောင်အထည်ဖော်မယ့် Institution (အဖွဲ့အစည်း)တွေကို ကျွန်တော်တို့က ဆောက်လို့ရမှာ။ တည်ဆောက်ပြီး ဒီ Institution တွေအပေါ် အခြေခံလို့ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ အကောင်အထည် ဖော်လို့ရမှာ။