အင်းတော် -၂၀၂၃ နိုဝင်ဘာ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ကားလမ်းဆုံရှိတဲ့ နဘားလမ်းဆုံအနီးကို စစ်ကောင်စီလေတပ်က မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မနေ့ကနေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာရသလို ဒီနေ့တိုက်ခိုက်မှုမှာ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
“ကသာကနေ မော်လူးကို ကုန်စိမ်းတွေရောင်းဝယ်နေတဲ့ အမျိုးသမီးတစ်ဦးကတော့ သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်ဗျ။ သူတို့ကလည်း ကသာကနေ မော်လူးကို ကုန်စိမ်းတွေဝယ်ပြီး အပြန်မှာဖြစ်ခဲ့တာဗျ။ ဒီနေ့ကတော့ မနက် ၁၁ လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလေးလုံးကြဲသွားတယ်ဗျ။ ဒေသခံထိခိုက်တာ တစ်ယောက်တော့ရှိတယ်” လို့ သူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နဘားလမ်းဆုံအနီးက ဈေးဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ IR ကတာဝန်ရှိသူက ဆိုပါတယ်။
“အခုလက်ရှိ နဘားလမ်းဆုံအနီး စော်မော်ချောင်းနားမှာတော့ KIA၊ KPDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်နေတယ်လို့ သိရတယ်ဗျ။ နောက်ပြီးတော့ မြို့ပေါ်မှာတော့ ဒေသခံတွေ တိမ်းရှောင်နေကြတယ်ဗျ” လို့ သူကပြောပါတယ်။
အင်းတော်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ IR က တာဝန်ရှိသူကပြောပါတယ်။
အခုလ ၆ ရက်က အင်းတော်မြို့ရဲ့ အနောက်တောင်ဘက်က ကပ်လျက်က ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက ကောလင်းမြို့က ပြန်ရဖို့ မြေပြင်ကော ဝေဟင်ကပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ကောလင်းမြို့အနီးနားကမြို့တွေဖြစ်တဲ့ ကန့်ဘလူ၊ ထီးချိုင့်၊ အင်းတော် စတဲ့မြို့တွေမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ လေကြောင်းက တိုက်ခိုက်လို့ ပျက်စီသွားတဲ့ နဘားလမ်းဆုံအနီးကဆိုင်ခန်းများ။
ဓာတ်ပုံ-Indaw Revolution-IR