ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
အာရက္ခတပ်တော် (AA) တပ်တွေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အတွင်းက စစ်ကောင်စီတပ်သားရာနဲ့ချီပြီး ထပ်မံကာ အလံဖြူထောင် လက်နက်ချလာတယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက မနေ့ကညပိုင်းက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က အကြီးဆုံးတပ်နယ်တစ်ခုဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လက်ရှိ မြေပြင်အခြေအနေလို့ အမည်ပေးတဲ့ ရုပ်သံနှစ်ခု AA က အခုလ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ နှစ်ရက်ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီရုပ်သံဖိုင်တွေမှာ နပခ တပ်ရင်းဌာနချုပ်ထဲက အဆောက်အအုံတွေ မီးလောင်ပျက်စီးနေတဲ့ မြင်ကွင်းတွေကိုလည်း ဝေဟင်မြင်ကွင်းကနေ ရိုက်ကူးထားပြီး စစ်ကောင်စီတပ်သားတွေ အလံဖြူထောင်ကာ လက်နက်ချလာတဲ့ မြင်ကွင်းတွေကို ဖော်ပြထားတာပါ။
မနေ့ကညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာတော့ အလံဖြူထောင်ကာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေလို့ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်နေတာပါ။
၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်မှာတော့ အလံဖြူထောင်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့အပေါ်မှာ လေယာဉ်တွေပျံဝဲနေတဲ့ အသံတွေကိုလည်း ရုပ်သံမှာကြားနေရပါတယ်။
အမ်းတိုက်ပွဲကာလ တစ်လျှောက်အတွင်း စစ်ကောင်စီတပ်သား ၁,၀၀၀ ခန့် လက်နက်ချထားပြီးဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီရုပ်သံဖိုင်တွေရဲ့ အဆုံးမှာတော့ ” စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစောတွေ့ဆုံရလိမ့်မယ်” လို့ AA က သတိပေးထားကိုလည်း တွေ့မြင်ရပါတယ်။
အာရက္ခတပ်တော်ဟာ အမ်းမြို့နဲ့ နပခကို သိမ်းပိုက်ဖို့ စစ်ကောင်စီရဲ့ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ပြီး အောက်တိုဘာလပိုင်းကစတင်ကာ တဖြည်းဖြည်း ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
ဒီလ ပထမအပတ်မှာတော့ AA တပ်တွေဟာ အမ်းမြို့ရဲ့ စစ်ကောင်စီ အခြေစိုက်ရုံးတွေ၊ တပ်ရင်းတွေအပါအဝင် မြို့တစ်မြို့လုံးကို ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး နပခတပ်တစ်ခုပဲ နောက်ဆုံးလက်ကျန် သိမ်းပိုက်ဖို့ ကျန်နေသေးတာပါ။
AA ဟာ အမ်းလေဆိပ်ကိုလည်း ထိန်းချုပ်လိုက်ပြီး ရခိုင်မှာ သံတွဲမြို့ပြီးရင် ဒုတိယမြောက် လေဆိပ်ရှိတဲ့ မြို့ကို ထပ်မံသိမ်းပိုက်လိုက်နိုင်တာပါ။
စစ်ကောင်စီဟာ လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ် တော်လှန်ရေးတပ်တွေဆီ လက်လွှတ်ခဲ့ရပြီးနောက်မှာ နောက်ထပ် စစ်တိုင်းဌာနချုပ်တစ်ခုကို ထပ်မံလက်လွှတ်ရဖို့ နီးစပ်လာတာပါ။
စစ်ကောင်စီတပ်ကလည်း အမ်းစစ်ဌာနချုပ်မကျရေးအတွက် မကွေးတိုင်းကနေ အမ်း-ပဒါန်း လမ်းကြောအတိုင်း စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်နေပေမယ့် ဒီလမ်းပိုင်းကိုလည်း AA နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ဖြတ်တောက်ထားပြီး စစ်ကောင်စီစစ်ကြောင်းတွေကို မကြာခဏ ဖြတ်တိုက်နေတာပါ။
လက်ရှိ ရခိုင်ပြည်နယ်မှာ မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့တွေကလွဲရင် AA တပ်တွေဟာ ပြည်နယ်တစ်ခုလုံးနီးပါး စိုးမိုးထားပြီး လက်ရှိမှာ တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းနဲ့ ရခိုင်တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့တွေကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
ဧရာဝတီတိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး AA တပ်တွေ စတင်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ပုံစာ – မီးလောင်နေတဲ့ နပခ ဌာနချုပ် နဲ့ အလံဖြူထောင်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မြင်ကွင်း
ဓါတ်ပုံ – AA Info Desk

