ခလယ်လွီထူ – ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
ကော်သူးလေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၃ နယ်မြေမှာ နတ်သံကွင်းရဲစခန်းအပါအဝင် နေရာငါးခုကို တိုက်ခိုက်ခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က ၄၀ ကျော်သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ ၃ ဟာ ပဲခူးတိုင်း(အရှေ့ခြမ်း) ကေအဲန်ယူအုပ်ချုပ်နယ်မြေဖြစ်ပါတယ်။
တပ်မဟာ (၃)၊ မူးနဲ့ လယ်ဒိုမြို့နယ်တွေက ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ရဲ၊ စစ်တပ်ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း)၊ ဘုံသတောစခန်းတွေကို ဇွန် ၆ ရက် တစ်ရက်တည်းမှာ တိုက်ခိုက်ခဲ့တာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ တပ်မဟာ ၃ လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းထောက်ပို့လမ်းကြောင်းတွေပေါ်က တံတားတွေဖြစ်တဲ့ နတ်သံကွင်းတံတား၊ အုန်းနဲပင်-နယွဲပင်ကြား တံတားနဲ့ သာစည်-တာဆုံကြားတံတားတွေကိုလည်း ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လေးဦးကျဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ်တွေတချို့နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီနေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေနေထိုင်ရာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ လက်နက်ကြီးတွေနဲ့လည်း ခုအချိန်ထိ ပစ်ခတ်နေသေးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
လတ်တလောမှာ ကျေးရွာ ဆယ်ရွာက ဒေသခံ ၄,၅၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုံစာ − သိမ်းပိုက်ရရှိသောစစ်လက်နက်ပစ္စည်းများနှင့်စစ်ဘေးရှောင်ပြည်သူလူထုများ။
ဓါတ်ပုံ – ကေအဲန်ယူဗဟို
#Dailynews

