နတ်မြောင်းရွာစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက်ရှစ်နှစ်အရွယ်ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့

နတ်မြောင်းရွာစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက်ရှစ်နှစ်အရွယ်ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့

ကလေး – ၂၀၂၂ ဇွန် ၂ (မော်ကွန်း)

နတ်မြောင်းရွာကစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ မေ ၃၁နေ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ရှစ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ရှစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံဆီကသိရပါတယ်။

အာဏာသိမ်းစစ်တပ်က နတ်ချောင်းရွာအရှေ့ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာဖြစ်ပြီး နတ်မြောင်းစစ်ရှောင်စခန်းနဲ့ လယ်ကွင်းတွေပဲ ခြားတယ်လို့ ဒေသခံက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကတပ်စွဲထားတဲ့ဘုရားပေါ်ကနေ လက်နက်ကြီးနဲ့ စစ်ရှောင်စခန်းဘက်ကိုလှမ်းပစ်ခတ်ခဲ့တာပါ။

” လက်နက်ကြီးအစမှန်တယ်၊သားအမိနှစ်ယောက်ကဒဏ်ရာပြင်းထန်တယ်၊ကလေးကတော့အဆုတ်ကိုထိသွားတယ်ပြောတယ်၊ပါးစပ်ထဲကနေလဲသွေး တွေထွက်တယ်၊အမေကတော့ခြေထောက်ထိတာ၊ဒူးနောက်နားလေးနှစ်ဖက်ထိတာ၊တခြား သူတွေလည်း လက်နက်ကြီးအစမှန်တာရှိတယ်” လို့သတင်းရင်းမြစ်ကဆိုပါတယ်။

နောက်ထပ်ကလေးတစ်ဦးကခြေထောက်ထဲကိုလက်နက်ကြီးအစထိမှန်ခဲ့တာကြောင့်ဒဏ်ရာပြင်းထန်ပြီး သူအပါအဝင် သုံးဦးအရေးပေါ်ဆေးကုသဖို့ပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။

“တမင်သက်သက်ထုတာနော်၊စက်သေနတ်ဆွဲတာဆို ဘုန်းကြီးကျောင်းနဘေးကသစ်ပင်တွေအကုန်လုံးကျည်တွေကခေါင်းပေါ်ကနေပျံနေတာသိသာတယ်” လို့ သူက ဆိုပါတယ်။

နတ်မြောင်းရွာကဘုန်းကြီးကျောင်းထဲကိုလက်နက်ကြီးတစ်လုံးကျပြီး အုတ်တံတိုင်းနားကို လက်နက်ကြီးလေးလုံးကျခဲ့ကာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးစုစုပေါင်း ခြောက်လုံးပစ်ခတ်ခဲ့ပါတယ်။

စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်အပြီးညနေပိုင်းမှာတော့ နတ်မြောင်းနဲ့ တဆက်တည်းဖြစ်တဲ့ နတ်ချောင်းရွာကို ငါးကြိမ်မြောက်မီးရှို့ခဲ့ပါတယ်။

နောက်တစ်ရက် ဇွန် ၁ရက်နေ့မှာလည်း နတ်ချောင်းရွာကို ခြောက်ကြိမ်မြောက်မီးထပ်ရှို့ခဲ့ပြီး အကြိမ်ကြိမ်မီးရှို့ခံရတဲ့ နတ်ချောင်းဟာ နေအိမ်ပေါင်း ၄၀၀ ကျော် ပျက်စီးဆုံးရှုံးထားပြီးဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၄ရက်နေ့ကစပြီး နတ်ချောင်းနဲ့၊နတ်မြောင်းရွာတွေကို လေကြောင်းနဲ့တိုက်ခိုက်ကတည်းက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ကာ စစ်ဘေးရှောင်ပြည်သူ ၁၈၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းရဲ့ မြို့နယ်အများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအချက်အလက်စီးဆင်းမှုတွေ အခက်အခဲဖြစ်နေပါတယ်။

ပုံစာ – ဖေဖော်ဝါရီလပိုင်းက တွေ့ရသည့် နတ်မြောင်းစစ်ရှောင်စခန်း
ဓါတ်ပုံ – Nat Myaung Youth Foundation


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."