နည်းပညာခေတ်ကြီးမှာ
လူတွေ ပိုလို့ သက်သောင့်သက်သာဖြစ်ဖို့
နည်းလမ်းရှာဖွေခဲ့ကြ
ဒါပေမဲ့ အဲဒီ နည်းလမ်းရှာဖွေမှုကြောင့်ပဲ
လူတွေဟာ ပိုလို့ မောဟိုက်ပင်ပန်းခဲ့ရတယ်။
နည်းပညာခေတ်ကြီးမှာ
လူတွေ ပိုလို့ ဆုံဆည်းပျော်ရွှင်စေဖို့
တီထွင်ဖန်တီးခဲ့ကြ
ဒါပေမဲ့ အဲဒီ တီထွင်ဖန်တီးမှုကြောင့်ပဲ
လူတွေဟာ ပိုလို့ ဝေးကွာအထီးကျန်ခဲ့ရတယ်။
နည်းပညာခေတ်ကြီးမှာ
လူတွေ ပိုလို့ ကောင်းမွန်ယဉ်ကျေးစေဖို့
ပုံသွင်းကြိုးပမ်းခဲ့ကြ
ဒါပေမဲ့ အဲဒီ ပုံသွင်းကြိုးပမ်းမှုကြောင့်ပဲ
လူတွေဟာ ပိုလို့ ညံ့ဖျင်းရိုင်းစိုင်းခဲ့ရတယ်။
နည်းပညာခေတ်ကြီးမှာ
လူ့ကမ္ဘာကြီး ပိုလို့ ဖွံ့ဖြိုးတိုးတက်စေဖို့
လောဘကြီးမားခဲ့ကြ
ဒါပေမဲ့ အဲဒီ လောဘကြီးမားမှုကြောင့်ပဲ
လူ့ကမ္ဘာကြီးဟာ ပိုလို့ ဆုတ်ယုတ်ပျက်စီးခဲ့ရတယ်။
နည်းပညာခေတ်ကြီးမှာ
နည်းပညာတွေ ပိုလို့ အဆင့်မြင့်စနစ်ကျဖို့
ပြိုင်ဆိုင်လုပ်ကိုင်ခဲ့ကြ
ဒါပေမဲ့ အဲဒီ ပြိုင်ဆိုင်လုပ်ကိုင်မှုကြောင့်ပဲ
နည်းပညာတွေဟာ ပိုလို့ ဗရမ်းဗတာ ပေါက်ကွဲခဲ့ရပေါ့။
၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။