Illustration -MAUNG NOE
လူအများထဲရောက်တဲ့အခါ
မျက်စိကိုပိတ်ထားပါ
မမြင်စေနဲ့ မသိစေနဲ့ မကြားစေနဲ့
လူသားဆန်လေ ခံရလေပဲ
အသက် ၁၇ နှစ် လူငယ်တစ်ယောက်က
အသက် ၈ နှစ်သား ကလေးတစ်ယောက်ကို
မြက်ခင်းပေါ် ဆောင့်တွန်းလှဲပစ်တယ်
ဒီအတိုင်းပဲ
တစ်ခုပြီး တစ်ခုဖြစ်နေတာ
မီးများ ဆက်တိုက်
မီးများဆက်တိုက်
မီးများဆက်တိုက်
ဆက်တိုက်နေကြတာပါပဲ
နှစ်ဆယ့်ငါးကျပ်တန်က ပြန်အသုံးဝင်နေတယ်လေ
ဘာတတ်နိုင်သေးလဲဆိုတဲ့ အပေါက်နဲ့
မထိနဲ့ မကိုင်နဲ့ မဆိုင်ရင် ဘေးဖယ်
ခုထိုင်နေတဲ့ ကုလားထိုင်လေး ယိုင်သွားမယ်
အားလုံးဟာ ဆွံ့အနားမကြားသူတွေလို
မလှုပ်နဲ့ မတုံ့ပြန်နဲ့
သေနတ်က နောက်ကြောင်းပြန်မလှည့်ဘူး
သေနတ်က ရှေ့တည့်တည့်ပဲ ပစ်တာ
လူအများရှေ့ရောက်တဲ့အခါ နားကိုပိတ်ထား
ထမင်းဖိုးလေး ဆေးဖိုးလေးဆိုလည်း နားကိုပိတ်ထား
ညှာတာသနားတတ်သူများ လမ်းပေါ်မထွက်ရ
လည်နေတဲ့ ပန်ကာတွေပဲ အရောင်းအဝယ်လိုက်တယ်
စကားလေး ပလီပလာပြောတတ်ရင် လူပေါင်းဆံ့တယ်
မင်းကို ဒဲ့ပြောတာဆိုတော့ကျွန်တော် ဘာလုပ်မိလို့လဲဗျာ ဆိုတာမျိုး
ခေတ်ကြီးကိုက သနားစရာကောင်းနေတာ
ကျွမ်းထိုးကျွမ်းကျင်သူတွေအတွက်
ဆပ်ကပ်မရွေးဘူးဆိုတဲ့ စကား လူကြိုက်များတယ်
ပါးစပ်ကိုပိတ်ထား ဘာမှပြောမနေနဲ့
ဘာမှမပြောရင် ဘာမှမဖြစ်ဘူး
ရေငုံထား ပီကေကို အဆက်မပြတ်ဝါး
နှုတ်ပိတ်ထား
နှုတ်မစောင့်တဲ့ လိပ်ကို သိထား
လက်မြှောက်ဆို မြှောက် ခေါင်းညိတ်ဆို ညိတ်
အာဏာရှင်ခေတ် ကုန်သွားပြီ
အာဏာရ လက်ပါးစေများသာ ကျန်နေတာ
ထုံနေတယ် ကျဉ်နေတယ် အနေတယ်
မေးခွန်းတွေကို သွားမဖြေမိစေနဲ့
အေးဆေးနေ အေးဆေးနေ
ကိုယ့်ခြေထောက်ပေါ်မှာ ပဒေသာပင် ပေါက်အောင် ကြိုးစား
ဘာကားစီးသလဲထက် ဘာဆန်စားသလဲက
ပိုအရေးကြီးနေကြတယ်မလား
သူ့ဆန်စားတော့ ရဲတဲ့ ကိုယ့်ဆန်ကိုယ်စားနေသူတွေချည်းပဲ
တစ်ပတ်လှည့်ပြီး ပါးရိုက်ခံနေရတုန်း
သစ္စာတရားကို နဖားကြိုးလုပ်ထိုးခံနေရတုန်း
အော်နိုင်ပါပြီဆိုတော့ တစ်ခွန်းတည်း သံပြိုင်ထွက်လာတယ်
ဘွတ်အဲ တဲ့
နှိုင်းရများ အနှိုင်းခံများလည်း သိက္ခာကျပေါင်းများပါပြီ
လူအများရှေ့ ရောက်တဲ့အခါ
ခေါင်းမပြူနဲ့ လက်မထုတ်နဲ့
အကုန်ပြတ်ထွက်ကုန်မယ်
ကိုယ်ချင်းစာတတ်ရင် အပြင်မထွက်နဲ့
မီးမထွန်းနဲ့ ရေမခံနဲ့
ကိုယ့်စိတ်ကို ကိုယ့်အရိပ်အောက်က အပျောက်မခံနဲ့
ထီးဖြူဆောင်းပြီး ရိပ်ကြီးမခိုနဲ့
ပတ္တမြားအရောင်နဲ့ ပါးမပြောင်ချင်နဲ့
ပါးရောင်သွားမယ် နားကိုင်းသွားမယ်
အရှင်းထဲမှာ ရှုပ်အောင်မနေနဲ့
ဆီသည်မ လက်သုပ်လို ဖင်ခုထိုင်ခံရမယ်
ပျော်ရင် ပျော်တယ်မှတ် ပျင်းရင် ပျင်းတယ်မှတ်
အိပ်မငိုက်နဲ့ အိပ်ငိုက်တာနဲ့ ကင်မရာခလုတ်နဲ့ တွေ့သွားမယ်
လူထူထူထဲ မသွားနဲ့
လူထုက ပြည်သူပဲ ပြည်သူဟာ လူထု
ရှင်းလား ရှင်းလား မရှင်းလည်း
မြန်မာ့အသံက နှစ်ခါမလွှင့်ဘူး
သဘောပေါက်။
၂၈၊ ဖေဖော်ဝါရီ ၂ဝ၁၆
၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ ကဗျာ ဖြစ်ပါသည်။
လင်းသဏ်ညီ ရေးသည်။