ရန်ကုန်-၂၀၂၃ မေ ၃ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားပြီး ပြန်လွှတ်ပေးသူတွေထဲမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ အလွတ်တမ်းဓာတ်ပုံသတင်းထောက် ဖိုးသား(ခ)ဇော်လင်းထွဋ်လည်း ဒီကနေ့ပြန်လွတ်မြောက်လာပါတယ်။
“အထဲမှာကျန်ခဲ့တဲ့သူတွေလည်း ရှိပါသေးတယ်။ ဒါကျွန်တော်တို့ ၅၀၅-က နဲ့ ကျတဲ့သူတွေ အများဆုံး လွတ်လာတာပါ။ အထဲမှာ ကျန်တဲ့ပုဒ်မတွေ သူတို့စွပ်စွဲထားတဲ့သူတွေ အများကြီးရှိပါသေးတယ်။ အဲဒီလူတွေအတွက် ပြည်သူတွေက ဆက်ပြီးတော့ တောင့်ခံထားပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ စိတ်ဓာတ်အင်အားရအောင် သူတို့ရဲ့စားဝတ်နေရေးအရကော နောက်ဆုံး တော်လှန်ရေးစိတ်ဓာတ်ကို အရှိန်မြှင့်ပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဖိုးသား(ခ)ဇော်လင်းထွဋ် က ပြောပါတယ်။
ဖိုးသားဟာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၉ က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ စစ်တပ်က တရားစွဲဆိုပြီး ထောင်တစ်နှစ်ကျော်နေခဲ့ရကာ ၂၀၂၀ခုနစ် ဇွန်လက ပြန်လည်လွတ်မြောက်လာပြီး အလွတ်တမ်းဓာတ်ပုံသတင်းထောက်တစ်ဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်က ဆန္ဒပြပွဲတစ်ခုအသွား လမ်းမှာအဖမ်းခံခဲ့ပြီး ၂၀၂၂ မတ်လက အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချခံခဲ့ရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားလို့ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသား ၂,၁၅၃ ဦးကို လွှတ်ပေးတာလို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံရသူ ၂၂,၀၀၀ နီးပါးရှိပြီး အဲဒီထဲက ၁၇,၀၀၀ ကျော်ဟာ ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ကာ ၅,၈၀၀ ကျော်ဟာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံ-အင်းစိန်ထောင်မှပြန်လွတ်မြောက်လာတဲ့ ဖိုးသား(ခ)ဇော်လင်းထွဋ်
Photo: Mawkun
#Dailynews

