“ဒေသခံတွေဟာ နဂိုကတည်းကဆင်းရဲနေတဲ့အခါမှ ာမိုခါမုန်တိုင်းကြောင့်ကြီးမားတဲ့အကြပ်အတည်းတွေ ကြုံနေရသလို ဆင်းရဲတဲ့ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရတယ်”

“ဒေသခံတွေဟာ နဂိုကတည်းကဆင်းရဲနေတဲ့အခါမှ ာမိုခါမုန်တိုင်းကြောင့်ကြီးမားတဲ့အကြပ်အတည်းတွေ ကြုံနေရသလို ဆင်းရဲတဲ့ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရတယ်”

စစ်တွေ- ၂၀၂၃၊ ဇူလိုင်၂၁ (မော်ကွန်း)

ရခိုင်ပြည်နယ်ကို အင်အားပြင်းမိုခါဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တာ အခုဆိုနှစ်လကျော်ပါပြီ။ စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်သင့်ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းနေရပါသလဲ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ စစ်ကောင်စီအနေနဲ့ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာတွေကို ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုကူညီပေးနေတဲ့ ဝံလတ်ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အခုရခိုင်ပြည်နယ်မှာ မိုခါဆိုက်ကလုန်းဝင်ခဲ့တာ နှစ်လပြည့်ခဲ့ပြီ။ အခုရခိုင်ပြည်နယ်ရဲ့အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေးအခြေအနေတွေ ဘယ်လောက်ခရီးပေါက်နေပြီလဲ။

ဖြေ – မိုခါမုန်တိုင်းကဘယ်လိုဖြစ်သွားလဲဆိုတော့၊ အရေးပေါ်ကူညီကယ်ဆယ်ရေးကဏ္ဍတောင်မှမလုပ်နိုင်ခဲ့ဘူး။ လူထုကတော့ ကိုယ့်ဟာနဲ့ကိုရုန်းကန်ပြီးတော့ ပျက်စီးသွားတဲ့အိုးအိမ်တွေကိုပြန်ပြင်ပြီးတော့မှ နေထိုင်နေကြရတာ။ နောက်တစ်ခုက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း(WFP) ကတော့ လူရှစ်သိန်းလောက်ကို စားနပ်ရိက္ခာတွေထောက်ပံ့ဖို့ ပြင်ဆင်ထားတဲ့ဟာကို လက်ရှိစစ်ကောင်စီကလုပ်ဆောင်ခွင့်မပေးတဲ့အခါ လုပ်ဆောင်နေတာတွေရပ်နားလိုက်ရတာကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေ ဖြစ်ပွါးစေတာပေါ့။ တစ်ခြား အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေရတာတော့ရှိတယ်။ ကြီးမားတဲ့အထောက်အပံ့တာတွေတော့နည်းတယ်။ ဆိုတော့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေတောင်မှ မလုပ်နိုင်ခဲ့ဘူးဆိုတဲ့အခါကျတော့ အခုနှစ်လပြည့်တဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်တာ ဘာမှမတွေ့ရဘူး။ စစ်ကောင်စီကတော့ ပညာရေးအတွက် ကျောင်းတွေပြန်ဆောက်နေတယ်။ တစ်ချို့ဘာမှမပြင်ဆင်ရသေးတဲ့ကျောင်းတွေရှိသလို ပြင်ဆင်နေဆဲကျောင်းတွေလဲရှိတယ်။ လက်ရှိမှာ စကစရဲ့အဆောက်အဦတွေ၊ ကျန်းမာရေးအဆောက်အဦးတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေနေတဲ့ ဝန်ထမ်းအိမ်ရာတွေတောင်မှ ပြင်နေတုန်းပဲရှိသေးတာ။ ပြန်လည်ထူထောင်ရေးဆိုတဲ့နေရာ အဆောက်အဦတင်မကဘူး၊ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေ၊ နဂိုရှိနေတဲ့အသက်မွေးဝမ်းကျောင်းတွေစသဖြင့်အများကြီးလုပ်ဖို့လိုနေသေးတယ်။

မေး – အခုလိုမျိုး အရေးပေါ်ကူညီကယ်ဆယ်ရေးတောင် မလုပ်နိုင်ခဲ့တဲ့အခြေအနေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုတာ အချိန်ဘယ်လောက်ထိယူရဦးမလဲ။

ဖြေ – ပြန်လည်ထူထောင်ရေးကဏ္ဍဆိုတဲ့နေရာမှာ ဘက်ပေါင်းစုံပါတယ်။ ခုနကပြောတဲ့အဆောက်အဦတွေ၊ ဥပမာ စစ်တွေမှာဆို အစိုးရအဆောက်အဦတွေ၊ အဲ့ဒါတွေလုပ်ဖို့ဆို နောက်ငါးနှစ်ကနေဆယ်နှစ်ထိ အနည်းဆုံးလိုမယ်လို့ ကျွန်တော်ကတော့သုံးသပ်တယ်။ အဲ့ဒါအပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပေါ့၊ ထောင်ချီပြီးပျက်စီးသွားတဲ့သစ်ပင်တွေ ပြန်စိုက်ဖို့ဆိုတာက သူတို့ရဲ့သက်တမ်းအလိုက်ကြာဦးမှာပေါ့။ တစ်ချို့အပင်တွေဆိုနှစ် ၃၀၊ နှစ် ၇၀ သက်တမ်းရှိတဲ့သစ်ပင်ကြီးတွေဆို နဂိုတိုင်းအရိပ်အာဝါသရဖို့ဆိုတာ နှစ် ၃၀ အထက်အချိန်ယူရဦးမယ်။

မေး – အခုနှစ်လအတွင်းမှာ ရခိုင်ပြည်နယ်ကမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လုံလောက်တဲ့ နေရေးထိုင်ရေး၊ စားနပ်ရိက္ခာအကူအညီတွေရပြီလား။

ဖြေ– အဲဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ မရသေးဘူးလို့ပဲပြောရမှာပါ။ ဘာကြောင့်လဲဆို တစ်ချို့လူတွေဆို ယာယီအမိုးအကာအောက်မှာပဲရှိသေးတယ်။ မုန်တိုင်းဖြစ်သွားတယ်ဆိုရင် အရေးပေါ်အထောက်အပံ့အနေနဲ့ သုံးလစာ စားနပ်ရိက္ခာထောက်ပံ့ရမှာပေါ့။ ကျွန်တော့်အတွေ့အကြုံအရပြောမယ်ဆိုရင် ၂၀၁၀ ဂီရိမုန်တိုင်းတုန်းကဆို မုန်တိုင်းကြောင့်ထိခိုက်ခဲ့တဲ့ကျေးရွာတွေအတွက်ဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက အနည်းဆုံးအခြေခံရိက္ခာသုံးလထောက်ပံ့တယ်။ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက်ဆိုလည်း အခြေခံရိက္ခာသုံးလစာ ရသင့်တဲ့အခြေအနေမှာရှိတယ်။ အဲ့လိုမျိုးအထောက်အပံ့ကိုဘယ်မြို့နယ်၊ ဘယ်ရွာကမှမရသေးဘူး။ ဒေသခံတွေဟာ နဂိုကတည်းကဆင်းရဲနေတဲ့အခါမှာ မိုခါမုန်တိုင်းကြောင့် ကြီးမားတဲ့အကြပ်အတည်းတွေကြုံနေရသလို၊ ဆင်းရဲတဲ့ဒဏ်ကိုပါထပ်ဆင့်ခံစားနေရတယ်။

မေး – အခုမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ပြည်နယ်အစိုးရက ခရီးသွားလာခွင့်ပိတ်ထားတယ်။ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘာများမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ – ပထမဆုံးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ များများတွန်းဖို့လိုတယ်၊ ကူညီခွင့်တွေရအောင်။ လက်ရှိစစ်ကောင်စီကိုလည်း advocacy (စည်းရုံးရေး) လုပ်ဖို့ပြောချင်တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း စကစကိုတွန်းဖို့လိုတယ်။ အခုလိုကြီးမားတဲ့ သဘာဝဘေးအန္တရယ်ကြုံရတဲ့အခြေအနေမျိုးမှာ နိုင်ငံတကာရဲ့အကူအညီကို မဖြစ်မနေယူဖို့လိုအပ်တယ်။ ယူတဲ့အခါမှာလည်း ပြည်သူတွေအတွက်ပဲဖြစ်ဖို့လိုတယ်။ အုပ်ချုပ်တဲ့သူတွေအတွက်လည်းမဟုတ်ဘူး၊ ပြည်သူအတွက်ပဲဖြစ်တယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် စကစအနေနဲ့ ဖြေလျှော့ပေးရမှာတွေရှိတာပေါ့။ ဥပမာ-နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာသွားလာခွင့်တွေ။ စကစအနေနဲ့နို င်ငံတကာအဖွဲ့အစည်းတွေကို ယုံကြည်မှုရှိဖို့လိုတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုလည်း ပြည်သူကရွေးကောက်ထားပေမယ့် စကစထိန်းချုပ်မှုအောက်မှာပဲရှိတယ်။ တစ်ဖက်မှာလည်း ULA ရဲ့အုပ်ချုပ်မှုအောက်က အုပ်ချုပ်ရေးမှူးတွေလည်းရှိတာပေါ့။ ရပ်ရွာတွေမှာ ဘယ်အဖွဲ့ကဘာလုပ်တယ်ဆိုတာ စကစကလည်း ပုံမှန်သတင်းယူနေတဲ့ဟာလည်းရှိတယ်။ စကစအနေနဲ့လည်း ဖြေလျှော့သင့်တယ်၊ ပြည်သူကိုဗဟိုပြုသင့်တယ်။ ပြည်သူကိုမျက်နှာမူပြီးတော့ နိုင်ငံတကာရဲ့အကူအညီတွေကိုခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။

ပုံစာ- ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာဦးခိုင်ကောင်းစံ


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."