” ဒီအစိုးရက နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရ၊ ကိုယ့်အခြေခံဥပဒေကို လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ အစိုးရ၊ တရားမဝင်တဲ့ အစိုးရ “

” ဒီအစိုးရက နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရ၊ ကိုယ့်အခြေခံဥပဒေကို လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ အစိုးရ၊ တရားမဝင်တဲ့ အစိုးရ “

ဓါတ်ပုံ- Soe Naing Than Fb

ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း)

တပ်မတော်က နိုင်ငံတောအာဏာကိုသိမ်းယူလိုက်ပြီး နှစ်ရက်အကြာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းလိုက်ခြင်းအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ပါတယ်။

မော်ကွန်း။ ။ မနေ့ကညနေပိုင်းမှာ တပ်မတော်ကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါတဲ့ လူတွေရဲ့နာမည်စာရင်းကိုထုတ်ပြန်တေ့ာ အရပ်သားတွေပါလာတယ်။အဲဒီအပေါ် ဆရာဘယ်လိုမြင်လဲ။

ဦးသန်းစိုးနိုင်။ ။ ကျွန်တော်တွေ့လိုက်တာ အရပ်သား သုံးယောက်ပေါ့။တွေ့လိုက်တဲ့ သုံးယောက်က တစ်ယောက်က ဖဒိုမန်းငြိမ်းမောင်ရယ်၊ သိန်းညွန့်ရယ်၊ ဦးခင်မောင်ဆွေ သုံးယောက်ပေါ့။ သူတို့သုံးယောက်ပါသွားတာ သိပ်မဆန်းဘူး။ ဦးသိန့်ညွန့်နဲ့ ဦးခင်မောင်ဆွေက NLD ကနေ သစ္စာဖောက်ကွဲသွားတဲ့လူတွေ။ နောက်ပြီး ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ပေါင်းပြီးတော့ NLD အစိုးရကို တောက်လျှောက်ဖြုတ်ချတိုက်ခိုက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ ဖဒိုမန်းငြိမ်းမောင်ဆိုတာက ကိုကိုးကျွန်းကထွက်ပြေးတဲ့ အမှတ်သားတော့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတစ်လျှောက်လုံး သူက KNU အဖွဲ့အစည်းမှာပါပြီး ငြိမ်းချမ်းရေးလုပ်ငန်းအကြောင်းပြုပြီးတော့ အခုတော့ ခရိုနီတစ်ပိုင်းဖြစ်နေပါပြီ။

အဲဒီလိုလူတွေ ဒီအထဲမှာပါသွားတာကတော့ ကျွန်တော်တို့အဖြူ၊အမည်း ပိုပြီးတော့ ကွဲသွားတယ်။ ရန်သူလိုသဘောထားရမှာလား၊ မိတ်ဆွေလိုသဘောထားရမှာလားဆိုတဲ့ အမြင်ရှင်းသွားတာပေါ့။

ဒီလိုလူတွေအတွက် သမိုင်းကြောင်းက ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး။ ဒီလိုလူတွေ ပါဝင်သွားတဲ့အတွက် တပ်မတော်အင်အားစုအနေနဲ့ အားမဖြစ်တဲ့အပြင် ဒီသစ္စာမရှိတဲ့ ပုဂ္ဂိုလ်တွေပါသွားတဲ့အတွက် လူထုကြားထဲမှာ အမြင်ရှင်းသွားတာပေါ့။

မော်ကွန်း။ ။ နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ အုပ်ချုပ်ရေးကောင်စီဥက္ကဌတွေကို ခန့်အပ်တာဟာ အရပ်သားတွေ အများအားဖြင့် ပါလာကြတယ်။ ပုံမှန် ၂၀၁၀ မတိုင်ခင်ကဆို စစ်တိုင်းမှူးတွေကိုပဲ ဒီလိုမျိုးရာထူးနဲ့ ခန့်အပ်တယ်။ အခုက အရပ်သားတွေချည်းပဲ ခန့်အပ်တဲ့အပေါ် ဘယ်လိုမြင်လဲ။

ဦးသန်းစိုးနိုင်။ ။ ကျွန်တော့်အမြင်ပြောရရင်တော့ အဲဒီအရပ်သားတွေအားလုံးက တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့ အစဉ်အလာရှိတဲ့ လူတွေချည်းပဲဖြစ်တယ်။သူတို့ (တပ်မတော်)အပေါ်မှာ သစ္စာရှိတယ်။ ဒါမှမဟုတ် ဒီအရပ်သားတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တပ်ထွက်တွေဖြစ်ပါတယ်။ အကုန်လုံးတော့ စာရင်းတော့ အသေချာမသိဘူး။ ယေဘုယျမှန်းဆပြီး ပြောလို့ရတာကတော့ ဒီအရပ်သားဆိုတဲ့လူတွေဟာ တပ်မတော်ထဲမှာဖြတ်သန်းခဲ့ဖူးတဲ့ အရပ်သားလည်းဖြစ်နိုင်တယ်။ ပြည်ခိုင်ဖြိုးပါတီအတွက် အလုပ်အကျွေးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်နိုင်ပါတယ်။ အဲဒီလို လူမျိုးတွေပဲ ရွေးပြီးခန့်မှာပါ။

မော်ကွန်း။ ။အဲဒီထဲမှာဆိုရင် နိုင်ငံရေးပါတီကလူတွေ၊ စီးပွားရေးသမားတွေ တစ်ယောက်စ၊ နှစ်ယောက်စပါဝင်နေတာရှိတယ်။ အဲဒီလိုမျိုး အနေအထားမှာ နိုင်ငံရေးအခင်းအကျင်းက ဘာဆက်ဖြစ်နိုင်မလဲ။

ဦးသန်းစိုးနိုင်။ ။ နိုင်ငံရေးအခင်းအကျင်းက ဒီမိုကရေစီအားနည်းပြီးတော့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တဲ့ခရိုနီတွေ ပိုပြီးများပြားလာလိမ့်မယ်။ အရင်တုန်းကအတိုင်း လာဘ်ယူလာဘ်စားမှုတွေ၊ခြစားမှုတွေ သေချာပေါက် ထူပြောလာလိမ့်မယ်။

ခေတ်သစ်ခရိုနီတွေ တိုးပွားများပြားလာစရာရှိတယ်လို့ ကျွန်တော်တို့အကဲဖြတ်လို့ရတယ်။ ဒါပေမဲ့ ဒီလူတွေတက်လာတာဟာ တိုင်းပြည်ရဲ့စီးပွားရေးကတော့ အရင်တုန်းကလိုပဲ အတော်ကို ချွတ်ခြုံကျသွားစရာအကြောင်းရှိပါတယ်။

မော်ကွန်း။ ။တပ်မတော်က အခုလိုမျိုး အာဏာသိမ်းတာကရော တရားဝင်ဖြစ်လား။

ဦးသန်းစိုးနိုင်။ ။ တရားမဝင်ပါဘူး။ သူတို့(တပ်မတော်)က ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်နဲ့ရေး၊ ခြေနဲ့ဖျက်တာပဲ။ ပုဒ်မ ၄၁၇ မှာ အရေးပေါ်ဥပဒေပြဌာန်းဖို့ သတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့လည်း အကျုံးမဝင်ပါဘူး။ အဲဒီအချက်အလက်တွေထဲမှာ မဲစာရင်း မသမာမှုဆိုတာ မပါပါဘူး။ နောက်တစ်ခုက အဲဒီကိစ္စက ကျွန်တော်တို့ ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်ဥပဒေ အာဏာလွှဲအပ်တယ်ဆိုတာက သမ္မတပဲလုပ်ခွင့်ရှိတာပါ။ ဒုသမ္မတအနေနဲ့ ရေးထိုးတယ်ဆိုတာက ဒါလည်း ဥပဒေချိုးဖောက်တာပါပဲ။ သမ္မတမရှိ‌တော့ဘူးလား။ သမ္မတအသတ်ခံလိုက်ရပြီလား။ သမ္မတရှိနေရဲ့သားနဲ့ စစ်တပ်ကရွေးယူထားတဲ့ ဒုသမ္မတက ဒါကို လက်မှတ်ထိုးတယ်ဆိုတာ တရားမဝင်ပါဘူး။

မော်ကွန်း။ ။တပ်မတော်က မနေ့က ကြေညာချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့တယ်။ အဲဒီအပေါ် တရားဝင်ဖြစ်ရဲ့လား။ဘယ်လိုမြင်လဲ။

ဦးသန်းစိုးနိုင်။ ။ သူတို့ (တပ်မတော်)အုပ်ချုပ်နေတော့ သူတို့ဥပဒေအောက်မှာ တရားဝင်တာပေါ့။ ဒါပေမဲ့ ဒီအစိုးရအဖွဲ့က တရားဝင်တဲ့ အစိုးရမှ မဟုတ်ပဲ။ အဲဒီတော့ တရားဝင်တယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်ဖော်မှာလဲ။ ဒီအစိုးရကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ လုပ်တာလေ။ အဲဒီတော့ သူတို့(တပ်မတော်)ဘက်က ပြောရင်တော့ တရားဝင်တာပေါ့။ ပြည်သူဘက်က ပြောရင် တရားမဝင်ပါဘူး။

နောက်တစ်ခုက အဲဒီထဲမှာပါတဲ့ ဦးသိန်းစိုးဆိုတာက (လက်ရှိတပ်မတော်က ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ) အရင် ဦးသိန်းစိန်လက်ထက်က ရွေးကောက်ပွဲကော်မရှင်မှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီတော့ သူ့လူသူ ဆွဲခန့်တာပေါ့။ ဒီထက်ပိုပြီးတော့ ဘာမှကြီးမားတဲ့အပြောင်းအလဲမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အာဏာသိမ်း၊ ကိုယ့်ဟာကိုယ် အာဏာရယူ၊ပြီးတော့ ကိုယ့်လူကိုခန့်။ ဒီလိုအစိုးရမျိုးကို ကျွန်တော်တို့က အသိအမှတ်မပြုနိုင်ဘူး။

မော်ကွန်း။ ။နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ချင်သေးလဲ။

ဦးသန်းစိုးနိုင်။ ။ ဒီအစိုးရက နိုင်ငံတော်ကို သစ္စာဖောက်တဲ့ အစိုးရ။ ကိုယ့်အခြေခံဥပဒေကို လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ အစိုးရ။ တရားမဝင်တဲ့ အစိုးရ။ ဒါကြောင့်မို့ ပြည်သူလူထုက လက်မခံဘူးဆိုတဲ့အကြောင်းကို မနေ့ညက သံပုံးတွေတီးကြတယ်။ အဲဒီလိုပဲ လူထုကတော့ ရတဲ့နည်းနဲ့ဆက်ပြီးတော့ ဆန့်ကျင်သွားကြမှာပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ‌ဒေါ်အောင်ဆန်းစုကြည်က ‘Civil Disobedience မတရားတဲ့အမိန့်ဟူသမျှ ဖီဆန်ကြ’ ဆိုတဲ့ ဂန္ဓီလမ်းစဉ်ကို ကျင့်သုံးဖို့ ပြောလာတဲ့အတွက် ကျွန်တော်တို့က ရတဲ့နည်းနဲ့ ပြည်သူတွေ ဆန့်ကျင်လိမ့်မယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."