ရန်ကုန်၊ ၂၀၂၃ မေ ၂၅ (မော်ကွန်း)
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၄၀ သေဆုံးပြီး သူတို့ဘက်ကရှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တောင်တန်းတွေပေါ်မှာရှိတဲ့ တနီးလာလဲရွာဘက်ကနေ ဒေါလျားခူရွာဘက်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မေ ၁၄ ရက်ကတည်းက တန်ပြန်ချေမှုန်းခဲ့တဲ့တိုက်ပွဲတွေအတွင်းဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီရဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခမရ(၂၈၇) တို့က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လွိုင်ကော်၊ ငွေတောင်နဲ့ ဖရူဆိုအခြေစိုက် တပ်တွေကနေလည်း နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လေကြောင်းကနေ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ကိုးရက်အတွင်း အကြိမ်ရေ ၆၀ ထက်မနည်း ဗုံးကျဲတိုက်ခိုက်မှုလည်းလုပ်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ KNDF က ဖော်ပြထားတယ်။ တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲကို ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)နဲ့ အမှတ်(၄)၊ KNDF-ETD၊ KNDF-UAV၊ Loikaw PDF တို့ ပူးပေါင်းတိုက်ထုတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြပါတယ်။
လတ်တလောဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကိုသိရဖို့ KNDF ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ပုံစာ- ဒီမော့ဆို တိုက်ပွဲများအတွင်း KNDF က သိမ်းဆည်းရမိခဲ့သည့် စကစ နက်လက်များ။
Photo – KNDF ပြန်ကြားရေးဌာန။
#Dailynews

