ဒီပဲယင်း – ၂၀၂၃ ဇန်နဝါရီ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲကိုအာဏာသိမ်းစစ်တပ်က မနေ့ကစတင်ပြီး စစ်ကြောင်းထိုးကာ ရွာတွေကို မီးလိုက်ရှို့နေတာကြောင့် ကျေးရွာ ၁၈ရွာက ဒေသခံသောင်းချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီပဲယင်းမြို့နယ်အထက်ပိုင်း၊အလယ်ပိုင်းနဲ့အောက်ပိုင်းကျေးရွာပေါင်း ၁၈ရွာက ရွာသားတွေထွက်ပြေးနေရတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်ယက်ကုန်းရွာ၊ ညောင်လှကျေးရွာနဲ့ သရက်တောကျေးရွာတွေကိုမနေ့က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အကြမ်းဖက်စစ်တပ်၊ စစ်ကြောင်းဟာ ဆည်ကြီးကျေးရွာကနေလက်နက်ကြီးနဲ့ပစ်ခတ်ပြီး ညောင်လှကျေးရွာကို စစ်ကြောင်းထိုး၊ မီးရှို့ခဲ့တာလို့ ရွာသားတစ်ဦးကပြောပါတယ်။
“မနေ့က မီးရှို့ခံရပြီးတော့ဒရုန်းနဲ့ကြည့်တာတိုက်တွေပါရှို့ခံထားရတာ၊တစ်အိမ်မှမကျန်တော့ဘူး၊ အကုန်မီးတိုက်ရှို့သွားတာ၊ဟင်းလင်းပြင်ကြီးဖြစ်နေပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ညောင်လှကျေးရွာက နေအိမ် ၁,၅၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်တိုင်းမီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။
” ရွာထဲကိုတစ်ခါစစ်ကြောင်းထိုးရင်တစ်ခါရှို့တာ၊တစ်နေ့ထဲသုံးခါလောက်ကိုရှို့တဲ့အချိန်လည်းရှိတယ်၊အရင်က ၇၀ရာခိုင်နှုန်းလောက်ပဲလောင်တာ၊ ရွာအပြင်တန်းတွေကျန်သေးတယ်၊ခုကတအိမ်မှကိုမကျန်တော့တာ”လို့အနီးနားကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကမနေ့က တစ်ရက်ထဲမှာ လက်ယက်ကုန်း၊ မူးခံတွင်း၊ နဘဲလှ၊ ညောင်လှနဲ့သရက်တောကျေးရွာကိုမီးရှို့ခဲ့တာဖြစ်ပြီး ရွာသားအားလုံးတိမ်းရှောင်နေရတာကြောင့် ပျက်စီးသွားတဲ့အိမ်ခြေအတိအကျမသိရသေးပါဘူး။
“သူတို့စစ်ကြောင်းထိုးရင်အိမ်တံခါးတွေခတ်ထားခဲ့လို့မရဘူး၊အကုန်ဖွင့်ထားရတာ၊မဟုတ်ရင်အကုန်ရိုက်ချိုးသွားမှာ၊ဖွင့်ထားတော့သူတို့လိုချင်တာပဲယူသွားကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၆၄ နဲ့ ခလရ ၇၀၁ တပ်တွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဆီက သိရပါတယ်။
ပုံစာ – ဒီပဲယင်းနယ်မှ စစ်ရှောင်ပြည်သူများ
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ
#Dailynews

