ဒီပဲယင်း – ၂၀၂၂ ဇန်နဝါရီ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကံကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးမှုတွေပြုလုပ်ပြီး ကျေးရွာမှာနေတဲ့ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတချို့ကိုဝင်ရောက်ခဲ့ရာ ရွှေဒါးကံရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ကြောင်း ဒေသခံကပြောပါတယ်။
နေအိမ်တွေကို ဝင်ရောက်ကာ ဖျက်ဆီးခဲ့ကြပြီး ၎င်းတို့ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
လာရောက်ပစ်ခတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ စိုင်ပြင်ရွာ အ.ထ.က ကျောင်းနဲ့ စိုင်ပြင်ခြံအတွင်းမှာ တပ်စွဲထားကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သတ်ဖြတ်ခံရသူနှစ်ဦးဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် ဖမ်းမိသွားပြီး ဂွေးပင်ကုန်းကျေးရွာအနီးမှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဲဒီစစ်ကြောင်းဟာ ဒီကနေ့ စိုင်ပြင်ကနေ ဘုတလင်ဖက် ကားလမ်းဘေးတလျှောက် ဆက်လက်ထွက်ခွာနေကြောင်း ဒီပဲယင်း ဒေသခံက ပြောပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ သွားမယ့်လမ်းကြောင်းကို ကြိုတင်စုံစမ်းဖို့၊ ညနေ ၆:၀၀ နာရီကျော်ရင် မဖြတ်သန်းဖို့၊ အာဏာသိမ်းစစ်တပ်ဟာ လမ်းဘေးတလျှောက် လယ်ကွင်းများကို ဖြတ်၍ ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် စိုင်ပြင်နှင့် ဘုတလင်ကြား ကားလမ်းဘေး (၂) မိုင်ဝန်းကျင်မှ ကျေးရွာတွေ အထူးသတိပြုကြဖို့လည်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး မေတ္တာရပ်ခံထားပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ ဆပ်ပြာကျင်းနဲ့ ထောင်တန်းရွာအကြား မူးဘောင်ရဲ့အရှေ့ဘက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လေးဦး အသတ်ခံခဲ့ရပါတယ်။
ဓာတ်ပုံ – ရွှေဒါးကံကျေးရွာရှိနေအိမ်အချို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။
ဓါတ်ပုံ-ဒေသခံ
#Dailynews