၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Diary ဖြစ်ပါသည်။
ကျော်မြတ်ရေးသည်
(တစ်)
နာကြည်းဖို့လည်း ကောင်းသည်။ ကြေကွဲဖို့လည်း ကောင်းပေသည်။
တိုင်းပြည် ငြိမ်းချမ်းညီညွတ်ဖို့၊ လွတ်လပ်ပွင့်လင်းဖို့နှင့် ဝပြောသာယာ တန်းတူညီမျှမှု ရှိစေဖို့အတွက် ၂၇ နှစ်ကျော်မျှ လုံးပန်းတိုက်ခိုက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သောအခါ လက်ထိပ်တန်းလန်းနှင့် ထောင်ဘူးဝ တရားခွင်ပေါ်မှာ ရောက်နေသည်ကို တွေ့ရလေ၏။
(နှစ်)
သူ့ပုံကြည့်ရတာ အူကြောင်ကြောင်၊ ခပ်အအ။ စကားတွေက ဟိုရောက်သည်ရောက် ကြွားလုံးတွေလည်း ပါသည်။ မျက်လုံးကတော့ ညှိုးလျစွာ။ တောင်းပန်ခယနေသလို။ ယခင်အခေါက် ထောင်ထဲရောက်လာခဲ့စဉ်ကထက် သူ့မျက်လုံးများ ပိုမို ညှိုးမှိန်နေကြသည်။ ပို၍လည်း ချောက်ချားတုန်လှုပ်နေပုံရသည်။ ပေါ်တာမပါဖို့၊ ရဲဘက်မလိုက်ရဖို့ ၊ ထောင်ထဲရှိစဉ် အနေအစား ချောင်လည်ဖို့ ဆိုသည်မှာ ငွေရှိလျှင်ရှိ၊ မရှိလျှင်လည်း စိတ်ချအားထားလောက်သည့် အပေါင်းအသင်းမိတ်ဆွေရှိမှ သာ ဖြစ်နိုင်ပေမည်။ နို့မို့ဆိုလျှင်တော့ မလွယ်။
ကျွန်တော် သက်ပြင်းချမိသည်။
အမေ့မျက်နှာပေါက်မျိုးနှင့် ခပ်ဆင်ဆင်တူနေသော ဖြူဖြူ ဝိုင်းဝိုင်း သူ့မျက်နှာကို ငေးကြည့်ရင်း ကျွန်တော် မေးလိုက်မိ သည်။ ”ဒါဆိုရင် မင်းနဲ့ငါနဲ့ ဘာတော်သလဲ”
”ဦးလေးက ကျွန်တော့်တူ တော်တယ်လေ။ သဲသဲက ဒီလို ပဲ ပြောပြတယ်”
တစ်စက္ကန့်ပင်လျှင် တုံ့ဆိုင်းမှု မရှိ၊ တွေဝေမှု မရှိ သူ့စကား က ရှင်းလှသည်။
ဟုတ်ပါပြီ။ ဒါဆိုရင် အမေ့ဦးကြီးတော်သူ ဘကြီးဦးဖိုးသင်း ၏ နောက်အိမ်ထောင်မှ မွေးသောသူ အမှန်ဖြစ်ပေလိမ့်မည်။ ၂၅ နှစ်ကျော် ကင်းကွာ အဆက်ပြတ်ခဲ့သည့် ဆွေမျိုးတွေ၏ နာမည် စဉ်မှာ ကျွန်တော့်စိတ်ထဲ အစီအရီ ပေါ်လာခဲ့ကြသည်။ တစ် ယောက်ချင်း မေးကြည့်ရာ အများစုမှာ မှန်နေသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် ထွေးလှမှာ ဒုက္ခသည် ဖြစ်နေသည်။ မိမိနှင့် ဘဝတူ အကျဉ်းချခံ ဒုက္ခသည်လည်း ဖြစ်နေပေသေးသည်။ ပြီးတော့ မိမိနှင့် အနီးကပ် မိမိ မျက်စိရှေ့မှောက်မှာ။ လုံးဝမပတ် သက်ဘဲ လွှဲဖယ်ရှောင်တိမ်းရန်ကား မိမိနှလုံးသားနှင့် အသိစိတ်က ခွင့်မပြု။
”ဒါဖြင့် ဒီလိုလုပ်ကြရအောင်ကွာ။ ငါလည်း အိမ်က မလာတာ သုံးနှစ်ကျော်ပြီ။ ဘာမှ ရှိလှတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ငါ့ထက် အခြေအနေ ပိုဆိုးတာ ဖြစ်နေလေတော့ ရော့ကွာ၊ လောလောဆယ် စားဖို့ အမဲကြော်နည်းနည်းနဲ့ ဆေးလိပ်ရယ်၊ ဆပ်ပြာရယ်တော့ ယူသွားပေါ့။ ရဲဘက်ကိစ္စနဲ့ ပတ်သက်လို့တော့ ငါလည်း လေ့လာကြည့်လိုက်ပါဦးမယ်။ ဒါထက် မင်း ဘယ် အဆောင်မှာ နေရတာလဲ”
”ပုံစံဆောင် ၂ ခန်းမှာပါ”
”တန်းစီးက မြင့်မောင် မဟုတ်လား”
”ဟုတ်ပါတယ်”
”ကဲ…ဒါဆိုလာကွာ၊ အဆောင်ကို သွားရအောင်။ တန်းစီးဆီမှာ ငါအပ်ပေးမယ်”
ပြောပြောဆိုဆိုပင် ထွေးလှနှင့် ကျွန်တော် အဆောင်ဘက်သို့ ထွက်လာခဲ့ကြသည်။
ည
”ဟေ့ကောင် ထွေးလှ၊ မင်း ဘယ်သွားနေတာလဲ။ ငါ မင်း ကို လိုက်ရှာနေတာ။ လာ ငါနဲ့ လိုက်ခဲ့”
ထွေးလှနှင့် ကျွန်တော် စကားပြောရင်း လျှောက်လာခဲ့ကြ စဉ်မှာပင် မျက်နှာချင်းဆိုင်မှ လာနေသော မင်းဟန်က ထွေးလှ ကို ပြောလိုက်ခြင်းဖြစ်သည်။ ထွေးလှမှာကား အူကြောင်ကြောင် ဖြစ်လျက်။ ‘သြော်၊ ဒီကောင်နှယ်၊ ငါနဲ့ အတူလာနေတာ မြင်ရဲ့ သားနဲ့များကွာ’ ဟု ကျွန်တော့်စိတ်ထဲမှာ ရေရွတ်မိရင်း တစ် ဆက်တည်းမှာပင် ‘အေးလေ၊ ထွေးလှဘာသာပဲ ရှင်းပါလိမ့်မယ် လေ’ဟု တွေးလျက် မလှမ်းမကမ်းမှ ကျွန်တော် ရပ်စောင့်နေခဲ့ သည်။
”လာလေကွာ၊ ငါ့အခန်းလိုက်ခဲ့”
မင်းဟန်က ဇွတ်ခေါ်လေလေ ထွေးလှမှာ ဘာပြောရမည်မသိ ကြောင်တက်တက် ဖြစ်လေလေ။
ခပ်ဖြည်းဖြည်းပင် ကျွန်တော် ပြန်လျှောက်လာခဲ့သည်။
”ဒီလိုကွာ၊ ထွေးလှဟာ ငါ့အမျိုး ဖြစ်နေတယ်ကွ။ သူ့ကို တတ်နိုင်သမျှ ကူညီဖို့လည်း ငါ့မှာ စိတ်ကူးရှိတယ်လေ…”
ကျွန်တော့်စကားပင် မဆုံးလိုက်ရပေ။ မင်းဟန်က ကျွန် တော့်ဘက်ကို ဆတ်ခနဲလှည့်ကာ လက်ညှိုးငေါက်ငေါက်ထိုး လျက်…
”မင်းမရှုပ်နဲ့။ ငါ့ဆီလာတာ၊ ငါ့ကို အကူအညီလာတောင်း တာ။ ဒါမျိုးတွေ ရိုးနေပြီ။ မင်း လူလိမ်လူညာ”
စကားတွေက ရင့်သီးပြင်းထန်လွန်းလှသည်။ ပြီးတော့ တစ်လုံးပြီး တစ်လုံး တရစပ် စက်သေနတ်ပစ်သည့်နှယ်။ ဘာတွေ ပြောနေမှန်းလည်း မသိ။ ကျွန်တော့်စိတ်ထဲ ထောင်းခနဲ ဖြစ်သွား ရသည်တော့ အမှန်ပင်။ သို့သော် ချက်ချင်းပင် သတိဖြင့် ထိန်း လျက်…
”နေပါဦးကွာ။ နောက်တော့ အေးအေးဆေးဆေး ပြောတာပေါ့။ ခုတော့ဖြင့် ကိစ္စကလေးတစ်ခု ရှိနေသေးလို့ကွာ”
ပြောပြောဆိုဆိုပင် ကျွန်တော် ဆက်လျှောက်လာခဲ့ရာ ထွေးလှလည်း ကျွန်တော့်နောက်မှ ကပ်ပါလာခဲ့သည်။ မင်းဟန်ကား ဆွေ့ဆွေ့ခုန် ကျန်ခဲ့လျက်၊ အော်ဟစ် ကြိမ်းမောင်း ဆဲဆိုလျက်။
”တောက်၊ မိုက်ရိုင်းလိုက်တဲ့ အကောင်ကွာ။ မခံချင်စရာ ကောင်းလိုက်တာ”
ဘေးမှ အသံကြား၍ လှည့်ကြည့်လိုက်ရာ ဦးမာဒင် ဖြစ်နေ သည်ကို တွေ့ရသည်။ ”နေပါစေ ဦးမာဒင်ရာ၊ ဦးမာဒင်လည်း လွတ်ခါနီးနေပါပြီ” ဟုသာ ပြောလျက် ကျွန်တော်တို့ ဆက် လျှောက်ခဲ့ကြသည်။
ပုံစံဆောင်မှာ မြင့်မောင်ကို ရှာသည်၊ မတွေ့။ အချုပ်ဆောင် ဘာယာတန်းကို သွားတယ် ဆိုသဖြင့် ဆက်လိုက်ခဲ့ရာ အချုပ် ဆောင်မှာ ဇင်မို့နှင့် ကျွန်တော် တွေ့ရသည်။ ဇင်မို့အကူအညီဖြင့် မြင့်မောင်ကို ရှာတွေ့ ခဲ့ရပြီး ထွေးလှနှင့် မြင့်မောင်ကို တွေ့ဆုံမိတ်ဆက်ပေးကာ တိုက်ခန်းရှိရာသို့ ကျွန်တော် ပြန်လာခဲ့ပေသည်။
ည
ငါးနာရီခွဲပြီးနေပြီ။ ထောင်ပိတ်တော့မည်။
”ဦးကို ကျွန်တော် စောင့်နေတာ။ လမ်းလျှောက်ရအောင်လေ”
တင့်ဇော်ထွန်းက လောဆော်လိုက်သဖြင့် ”အေးအေး၊ ခဏလေးကွာ၊ ငါ ရေချိုးလိုက်ပါဦးမယ်” ဆိုလျက် ကျွန်တော် ကမန်းကတန်း ရေချိုးနေမိသည်။
ခေါင်းထဲမှာ ဘာမှမရှိ။ ရေမြန်မြန်ချိုးပြီး လမ်းလျှောက်ရန်သာ စိတ်စောလျက်။
”မင်း ဘာကြည့်တာလဲ။ ဘာဖြစ်ချင်လဲ”
မျက်စိရှေ့မှာ ဘွားခနဲ ပေါ်လာပြန်သည်က မင်းဟန်ပင်။ သူအပြင်က ရေချိုးပြီး ပြန်လာခဲ့ဟန်ရှိသည်။ အပေါ်ပိုင်းက ဗလာ၊ အောက်ပိုင်းမှာ ရေစိုစက်လက်လုံချည်နှင့်။
”အေးအေးဆေးဆေး ပြောကြတာပေါ့ကွာ”
ကျွန်တော့်နှုတ်မှ သံမှန်ဖြင့်ပင် တုံ့ပြန်ဖြစ်ခဲ့သည်။ ‘ဘာမှ မဖြစ်ရင် အကောင်းဆုံး၊ ရှောင်နိုင်ရင် အကောင်းဆုံး၊ လျှော့ လျှော့၊ လျှော့နိုင်သမျှ လျှော့’။ စိတ်ကို ချွန်းအုပ်ကာ ရေချိုးခြင်းကို အမြန် လက်စသတ်လိုက်သည်။
”မင်းနဲ့ ငါ ဘာမှ ပြောစရာမရှိဘူး”
မင်းဟန်ထံမှ မချေမငံ ထွက်လာပြန်သည်။
ရော…ခက်ချေပြီ။ ဘာမှ ပြောစရာမရှိလျှင် ဘာလို့ လာ ပြောနေတာလဲ။
စိတ်ထဲမှာ ထောင်းခနဲဖြစ်လျက်…
”အေးကွ၊ ပြောဖို့ အဆင့်အတန်းချင်း မတူတာတော့ အမှန်ပဲ”
ကျွန်တော့်ပါးစပ်မှ လွှတ်ခနဲအထွက်မှာ မင်းဟန်ထံမှ ဒုတိယအကြိမ် ဆဲသံထွက်လာသည်။ မထူးတော့ဟု စိတ်ကို ပိုင်း ဖြတ်ကာ ကျွန်တော် ပြန်ဆဲပစ်လိုက်သည်။ ”မင်း နှစ်ခါဆဲလို့ ငါ တစ်ခါ ပြန်ဆဲတာဟေ့” ဟုလည်း တစ်ဆက်တည်း ပြောချပစ် လိုက်သည်။ ဒီအချိန် အနားသာ ကပ်လာခဲ့လျှင်တော့ အမှန်မုချ ပင် အကြောင်းသိသွားတော့မည် ဖြစ်သည်။ သို့သော် သူ ကပ် မလာခဲ့။ အဝေးကြီးကနေ၍သာ ဗလုံးဗထွေးဖြင့် အော်ဟစ်နေခဲ့ ရာ ကျွန်တော်တို့ကြားထဲသို့ ဘိုဘိုဟန် ရောက်လာပြီး မင်းဟန် ကို သွားရောက်ဖျောင်းဖျလိုက်သည်။ တိုက်တာဝန်ကျ ဝန်ထမ်း နှင့် အနီးအပါးမှ အကျဉ်းသားတချို့လည်း အပြေးရောက်လာခဲ့ ကြသည်။
”ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေးပါဗျာ”ဟုသာ ကျွန်တော် ပြောကာ ရေစိုနေသော ဦးခေါင်းကို သုတ်သင်လျက် အခန်းပေါ်သို့ ကျွန်တော်တက်ခဲ့သည်။
အဝတ်အစားလဲပြီး ထွက်လာတော့ တင့်ဇော်ထွန်း ဘယ် ရောက်သွားသည် မသိ။ တိုက်အပြင်သို့ အထွက်မှာ တိုက်တံခါးဝရှေ့၌ ဝန်ထမ်းကိုငယ်လေးနှင့် မောင်ဖြိုး၊ အောင်နိုင်၊ ဇော်ထူးတို့ ရပ်ကာ တစ်စုံတစ်ခုကို ပြောနေသည်ကို တွေ့သည်။ ကျွန်တော် သူတို့အနား ရောက်လျှင် အသံရပ်သွားသဖြင့် ဆေးလိပ် မီးညှိ ရင်း ခဏ နားအစွင့်မှာ ကျွန်တော့်ရှေ့သို့ မင်းဟန် ပြန်ရောက်လာ။ ဘာမှမပြောဘဲ မိုက်ကြည့်ကြည့်။ ကိုငယ်လေးထံမှ ”အေးဗျာ၊ ကျွန်တော်က ရန်ဖြစ်မှာစိုးလို့ပါ” ဟု ပြောသံကြားရ။ ကျွန်တော် က ”မဖြစ်ပါဘူးဗျာ။ အေးဆေးဆေးဆေးပါ” ဟု ပြောလျက် နောက်ပြန်အလှည့် မောင်ဖြိုးထံမှ ”ဖြစ်ချင်ရင်လည်း ရပါတယ်” အသံကြားသဖြင့် ဆတ်ခနဲ ပြန်အကြည့်မှာ ”ဟေ့ကောင် ဟေ့ ကောင်” ဟု အော်လျက် အောင်နိုင်ကြီး အနားရောက်လာ၊ ထို စဉ်မှာပင် ဘယ်အချိန်က ရောက်နေမှန်းမသိသည့် ကျော်အေး နိုင်က ဘေးမှ ဖြတ်ဝင်။ ကျွန်တော့်မျက်နှာတည့်တည့် လက်သီး နဲ့ စထိုး။ ဇော်ထူး၊ အောင်နိုင်တို့ ဝိုင်းထိုး။ ရန်သူကြီးများသဖွယ် အံကြိတ်၊ စူးရဲ၊ ဟောက်ပက်မျက်နှာကြီးသုံးခု အနီးကပ်မြင်နေ။ ကျွန်တော် နောက်ပြန်လဲကျသွား။ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ခွလျက် ကိုယ်ခန္ဓာလေးခု။ (ကျန်တစ်ခုက မောင်ဖြိုးပင် ဖြစ်မည် ထင်သည်) ထိုစဉ် ကိုငယ်လေးထံမှ ထောင်လှန့်ခရာမှုတ်သံ ကြားရ။ အခြားအကျဉ်းသားတွေ ရောက်လာ။ ဝန်ထမ်းတွေနဲ့ အရာရှိများ ပြေးရောက်လာ။ ကိုကျော်ကျော်၊ ကိုဌေး ဖျတ်ခနဲ မြင်မိ၊ မျက်လုံးကြောင်တောင်တောင်နှင့် ရပ်နေသော မင်းဟန် ကိုလည်း ခပ်လှမ်းလှမ်း တစ်နေရာမှာ တွေ့ရ။ တစ်စုံတစ်ယောက် က ကျွန်တော့်ကို ဆွဲထူ၍ ထအရပ်မှာ ရဲဘော်သန်းနိုင်ကို ကျော် အေးနိုင်နဲ့ အောင်နိုင် ဝိုင်းထိုး နေသည်ကို တွေ့ရ၍ ကျွန် တော် ပြေးအသွား တစ်စုံတစ် ယောက်က ကျွန်တော့်ကို ဆွဲ ထားတာ ခံရ။ ”ဟေ့…တစ် ယောက်တည်းကို အုပ်စုနဲ့ ဝိုင်းချတာ မတရားဘူးကွ” အသံတွေကြားနေရ။ အောင် နိုင်ကြီး တုတ်တစ်ချောင်းနဲ့ ပြေးထွက်လာ။ ကိုဌေးက ဖျတ်ခနဲ ဆွဲလု။ ကိုကျော် ကျော် မြောင်းထဲက ကုန်းထ လာတာ တွေ့ရ။ ဂတ်ကြီးပေါ် မှ သေနတ်သံတစ်ချက် ကြား။ မော့ကြည့်လိုက်တော့ ထောင် ပိုင်။ ”ဝင်ကြ ဝင်ကြ” အော် ဟစ်လျက်။ ”ထောင်ပိုင်ကြီး မပစ်နဲ့ မပစ်နဲ့” ဟု ကျွန်တော် ပြန်အော်လိုက်။ ထောင်မှူးကြီး အနား ရောက်လာ။ ကျွန်တော့်ကို လက်စွဲခေါ်။ တိုက်ထဲအဝင်မှာ ၂ တိုက် ဘက်သို့ ဝန်ထမ်းတွေ ပြေးသွားတာမြင်ရ။ သေနတ် သံတစ်ချက် ထပ်ကြားရ။
ထို့နောက် အားလုံး အခန်းထဲ ထည့်ပိတ်။ ထောင်ပိတ်ပြီး တိုက်ရှိလူပေါင်းကို လာရေတွက်ခဲ့ရာ ထူးဆန်းစွာပင် လူတစ် ယောက် ပိုနေသည်ကို သတိထားမိခဲ့သော်လည်း မည်သူတိုးလာမှန်း မသိခဲ့ပေ။
ည
ညတွင်းချင်းမှာပင် ထောင်ပိုင်နှင့်အတူ ဝန်ထမ်းများ၊ ရဲ များနှင့် အရပ်ဝတ်ထောက်လှမ်းရေးနှစ်ယောက်ပါ ရောက်လာကာ ကျွန်တော်တို့ကို အထူးရှာဖွေရေး လုပ်ခဲ့သည်။ မင်းဟန်နှင့် ကျွန်တော်တို့ စကားများခြင်းသာဖြစ်၍ မည်သူနှင့်မျှမဆိုင်။ မဆိုင်သူတွေကို အနှောင့်အယှက်ပေးတာ၊ နှိပ်ကွပ်တာ မလုပ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော်လည်း အရာမထင်တော့။ တိုက်ထဲနေသူအချင်းချင်း ဖြစ်ရိုးဖြစ်စဉ်အဖြစ်သာ ခိုက်ရန်ဖြစ်ခဲ့ ကြခြင်း ဖြစ်သည်။ ဘာမှ မကြီးကျယ်။ ပြီးလျှင် ပြန်တည့်သွားကြ မည်သာ ဖြစ်သည်ဟု အော်ဟစ်ကြေညာ ပြောဆိုခဲ့သော်လည်း မည်သူကမှ အရေးမစိုက်ခဲ့ပေ။ ထို့နောက်တွင်ကား အခန်းတွေ အကုန်သော့ခတ်၊ တိုက်တံခါးပိတ်ကာ ရေချိုး၊ မိလ္လာအတွက်သာ လျှင် တစ်ခန်းစီ ဖွင့်ရမည်ဟု အမိန့်ရောက်လာခဲ့တော့သည်။ ထို နောက်တွင်ကား…
(သုံး)
– အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ကြံ ရွယ်လျက် ရုန်းရင်းဆန်ခတ် ဖြစ်မှု။
– ပုဒ်မ ၅(ဃ)။
– ဒုရဲအုပ် စန်းဦး (နိုင်ငံတော်ကိုယ်စား) နှင့် ကျော်မြပါ ၁ဝ ဦး အမှု။
အခင်းဖြစ်ခဲ့ပြီး နောက် ၂၄ ရက်အကြာတွင် ဖြစ်သည်။
တရားရုံးမှာ တရားရုံးအစစ် မဟုတ်ပေ။
ထောင်ဘူးဝတံခါး ကြီးရှိ ဦးစီးအရာရှိ၏ ရုံးခန်းကို တရားရုံးအသွင် ပြင်ဆင်ထားခြင်းသာ ဖြစ်ပေသည်။
ကျွန်တော်တို့မှာ ခိုက်ရန်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှ ယနေ့အထိ တိုက်ခန်းတွင်သာ ပိတ်လှောင်ထားခံရလျက် ဘာဖြစ်လို့ ဖြစ်မည်ကို ကြိုတင် မသိခဲ့ကြရပေ။ အခင်းဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၉ မှာ အ.က ညွှန်မှူးရောက်လာပြီး ကျွန်တော်နှင့် မင်းဟန်ကို ခေါ်မေး၊ နောက်တစ်နေ့ သက်သေ များကို òန်မှူးက မေးနေစဉ်မှာပင် N.I.B ရောက်လာ၊ ညွှန်မှူး ၏ စစ်မေးခန်း ရပ်ဆိုင်းသွားခဲ့ရပြီး N.I.B အနေဖြင့် တစ်ယောက်ပြီး တစ်ယောက် ခေါ်မေးခဲ့သည်ကို ထောက်ရှုခြင်းဖြင့် ပြဿနာ မှာ ကြီးကျယ်သွားခဲ့ပြီဟုတော့ ရိပ်စားမိခဲ့ကြသည်။ အားလုံးသို့မဟုတ် တချို့တစ်ဝက်ကို ထောင်ပြောင်းပစ်မည်လား၊ လူချင်းခွဲ ပြီး ဤထောင်မှာပင် ဆက်ထားမည်လားဟုသာလျှင် အများစုက တွေးထင်ခဲ့ကြသည်။ သို့သော် ယခုမူကား ကိုသန်းနိုင်၊ ဘိုဘိုဟန်၊ ဘိုလူး၊ သားကြီးနှင့် ကျွန်တော်တို့ ငါးယောက်က တစ်တွဲ။ မင်း ဟန်၊ မောင်ဖြိုး၊ အောင်နိုင်၊ ဇော်ထူးနှင့် ကျော်အေးနိုင်တို့ငါး ယောက်ကတစ်တွဲ။ စုစုပေါင်း ဆယ်ယောက်မှာ လက်ထိပ်ကိုယ်စီ ဖြင့် တရားခွင်ပေါ် ရောက်၍ နေကြပြီဖြစ်သည်။
‘ဗကပယူဂျီ ကျော်မြသည် ထောင်တွင်း၌ ဗကပလမ်းစဉ် ဖြင့် စည်းရုံးလျက်ရှိရာ ဗကပလမ်းစဉ်ကို လက်မခံသော မင်းဟန် နှင့် အဆင်မပြေ ရှိနေကြစဉ် မိမိကိုယ်မိမိ အထင်ကြီးလျက် အုပ် စုဖွဲ့ ဗိုလ်လုပ်လိုသော ကျော်မြ စည်းရုံးထားသည့် ထွေးလှဆိုသူ နှင့် ပတ်သက်ပြီး ကျော်မြနှင့် မင်းဟန် စကားများကြရာမှ နှစ် ဖက်အုပ်စုအချင်းချင်း အပြန်အလှန်ထိုးကြိတ်ကြကာ ထောင် အတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည် ဖြစ်၍…’
S.B ဒုရဲမှူးကြီး၏ အစစ်ခံချက်မှာ အစစ်ခံချက်နှင့်မတူ။ စွဲချက်တင်ပြီး စီရင်ချက်ချထားပြီးသလို ဖြစ်နေပေသည်။ တရား ရုံးမှာ အထူးတရားရုံးဟု ဆိုသော်လည်း အမှုကို စစ်ဆေးစီရင် မည့် တရားသူကြီးကိုယ်တိုင်က သူ့ကို ယနေ့မနက် ၈ နာရီက လာခေါ်တော့မှသာ ဤကိစ္စကို သူ သိရလျက် ”ကျွန်တော်ဟာ တရားသူကြီးပါ။ အာဏာပိုင် မဟုတ်ပါဘူး” ဟုလည်း စကား ပလ္လင် ခံ၍ ထားပေသည်။ ကျွန်တော်တို့ အနီးပတ်ဝန်းကျင်မှာ S.B အရာရှိများ၊ တရားသူကြီးနှင့် အစိုးရရှေ့နေ နှစ်ဦးတို့သာ လျှင် အရပ်ဝတ်နှင့် ရှိနေရာ ကျန်သူတွေမှာ အားလုံး ယူနီဖောင်း ဝတ်များချည်းသာ ဖြစ်လေသည်။ ထောင်ဘူးဝ တံခါးကြီးကို သော့ခတ်လျက်။ နေ့စဉ် ထောင်ဝင်စာလာတွေ့ကြမည့် မိသားစု များကိုပင်လျှင် လာခွင့်၊ တွေ့ ခွင့်မပေး ရပ်ဆိုင်းထားလျက်။ ကျွန် တော်တို့မှာ ရှေ့နေငှားခွင့်လည်း မရှိ။ သို့သော် တရားလိုပြသက် သေအား ကျွန်တော်တို့အနေဖြင့် ပြန်လှန်မေးမြန်းခွင့်ကိုမူကား ခွင့်ပြု၍ ထားပေသည်။
သို့ဖြင့် S.B ဒုရဲမှူးကြီး၏ အစစ်ခံချက်အပြီးမှာ ကျွန်တော် ထရပ်လိုက်သည်။
”ဒုရဲမှူးကြီးခင်ဗျာ၊ ကျွန်တော့်အနေနဲ့ ထောင်ထဲမှာ ဗကပလမ်းစဉ်နဲ့ အကျဉ်းသားတွေကို စည်းရုံးလျက်ရှိတယ်ဆိုတဲ့ ဒုရဲမှူးကြီးရဲ့ ထွက်ချက်နဲ့ ပတ်သက်ပြီး အထောက်အထားတစ်စုံ တစ်ရာများ တင်ပြနိုင်ပါသလား ခင်ဗျာ” ကျွန်တော် မေးလိုက်သည်။
”ကျွန်တော်ဟာ ပူးတွဲစစ်ဆေးရေးအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူး ဖြစ်ပါတယ်။ စစ်ကြောပေါ်ပေါက်ချက်အရ ဒီလိုတင်ပြတာ ဖြစ် ပါတယ်”
သူ့အသံက ပြတ်သားတင်းမာသည်။ ကျွန်တော်က ဆက်၍
”ဟုတ်ပါပြီ။ ကျွန်တော် မေးချင်တာက ‘အထောက် အထား’ ဖြစ်ပါတယ်”
”စစ်ကြောပေါ်ပေါက်ချက်အရ ဖြစ်ပါတယ်”
”ဟုတ်ကဲ့ခင်ဗျာ။ ဒါဆိုရင် စစ်ကြောခြင်းဖြင့် ရရှိတဲ့ ထင် မြင်ယူဆချက်သာ ဖြစ်တယ်။ တရားရုံးကို သက်သေခံအဖြစ် တင် ပြနိုင်တဲ့ အထောက်အထား တစ်စုံတစ်ရာမရှိဘူးလို့ ဆိုရမှာ ပေါ့နော်”
”ဟုတ်ပါတယ်။ ကျွန်တော်ဟာ…”
ကျွန်တော် ဆက်၍ နားမထောင်တော့ပေ။ တရားသူကြီး အား ဤအဖြေကို မှတ်တမ်းတင်ထားပေးရန်သာ ပြောလျက်။ ”မိမိကိုယ်ကိုယ် အထင်ကြီးပြီး အုပ်စုဖွဲ့တယ်၊ အုပ်စုဗိုလ်လုပ်ချင် နေတယ်” ဆိုတာဟာလည်း ဒီသဘောပဲပေါ့နော်ဟု ဆက်မေး ကာ သူ့အဖြေမှာ မူလအတိုင်းပင်ဖြစ်လျက်။ လေသံမှာမူကား ပို၍ တင်းမားပြတ်တောင်းလျက်။
ကျေးဇူးစကားဆိုပြီးနောက် ကျွန်တော် ပြန်ထိုင်လိုက်ခဲ့ ပါသည်။
အစိုးရကိုယ်စား တရားလိုအဖြစ် အမည်ခံပြီး အမှုဖွင့်သူ S.B ဒုရဲအုပ်စန်းဦး အလှည့်တွင်လည်း ”ခင်ဗျား ကျွန်တော့်ကို စစ်မေးစဉ်က စက်တင်ဘာ ၂၈ ရက် ညနေက ဖြစ်ပျက်ခဲ့ပုံကိုသာ ပြောပါလို့ ခင်ဗျားက ပြောခဲ့ပြီး ကျွန်တော်ကလည်း အဖြစ် အပျက်သက်သက်မျှသာလျှင် ပြောခဲ့တာ ဟုတ်တယ်နော်”ဟု အတည်ပြုချက် ထပ်ယူပြီး ”ကျွန်တော့်ကို စစ်မေးစဉ်မှာ ဆုံး အောင် မမေးဘဲ တစ်ဝက်တပျက်နဲ့ ခင်ဗျားထသွားပြီး တခြား တစ်ယောက်ကို လွှဲထားခဲ့တယ်၊ ဟုတ်တယ်နော်”ဟုလည်း ကောင်း၊ ”ကျွန်တော့်ထွက်ချက်မှာ သီးခြားတင်ပြချက်ဆိုတာ ခေါင်းစဉ်လည်း မရှိ၊ မေးလည်း မမေး၊ ပါလည်း မပါခဲ့တာလည်း ဟုတ်တယ်နော်”ဟု လည်းကောင်း အတည်ပြုချက်များကိုသာ တရားဝင် ရယူဖြစ်ခဲ့သည်။
ထိုသို့ နားထောင်မှတ်သားပြီး စိတ်ထဲပေါ်သမျှ လိုအပ်မည် ထင်သည်များကို ပြန်လှန်မေးမြန်းနေစဉ်မှာပင် မကြာသေးသော ကာလများဆီက ဤရုံးခန်း ဤနေရာမှာပင် S.B များ၊ ထောက် လှမ်းရေးအရာရှိများနှင့် ကျွန်တော် ဆုံတွေ့ ခဲ့ရ၊ ပြောဖြစ်ခဲ့ရသည် များကို ပြန်လည် သတိရနေမိခဲ့သည်။
ည
၂ဝဝ၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့။
ထောင်ကျနှစ် ၁ဝ နှစ်တာမှာ ဆုမှတ်ရက် တစ်ရက်မှ ခံစား ခွင့် မရှိခဲ့ဘဲ အဆောင်အတွင်းမှာ ၁ဝ နှစ်တင်းတင်း နေခဲ့ရပြီး နောက် လွတ်ရက်စေ့မည့်နေ့။ ကျွန်တော့်အမှုတွဲ ငါးယောက်တို့ တစ်ပြိုင်နက်လွတ်သွားခဲ့ပြီး ကျွန်တော်တစ်ဦးတည်းသာ မလွတ် ဘဲ ၁ဝ(က)ဖြင့် ဆက်လက်ထိန်းသိမ်းထားဦးမည်ဟု သိရပြီးချိန် တွင် ဖြစ်သည်။
”ပုဒ်မ ၁ဝ(က)ဆိုတာဟာ ၁၉၇၄ ခုနှစ် မဆလ ဖွဲ့စည်းပုံ အရ မဆလအစိုးရရဲ့ လွှတ်တော်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ မှာ မဆလအစိုးရနဲ့ မဆလပါတီရော၊ မဆလ ဖွဲ့စည်းပုံနဲ့ မဆလ လွှတ်တော်ကြီးပါ အားလုံးဟာ ပြည်သူတွေက တိုက်ချ လိုက်လို့ ပြိုပျက်သွားခဲ့ရပါပြီ။ အခု ခင်ဗျားတို့ အစိုးရဟာ ဖွဲ့စည်း ပုံတစ်ခုခုနဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်၊ အာဏာသိမ်းစစ်အစိုးရသာ ဖြစ်ပါတယ်။ တိုင်းပြည်ကို အမိန့်တွေ၊ ကြေညာချက်၊ òန်ကြားချက်တွေနဲ့သာ အုပ်ချုပ်နေ တာဖြစ်ပြီး ဖွဲ့စည်းပုံမရှိတဲ့ အစိုးရလည်း ဖြစ်တယ်။ ဒါကြောင့် အခု ဒီလုပ်ရပ်ဟာ ဘယ်ဖွဲ့စည်းပုံနဲ့မှ မဆိုင်၊ ဘယ်ဥပဒေနဲ့မှ အကြုံးမဝင်တဲ့ အမိန့်တစ်ခုအဖြစ်သာလျှင် ကျွန်တော် မြင်ပါ တယ်။ ရှင်းရှင်းပြောရရင် ခင်ဗျားတို့ ဝန်ကြီးဗဟိုအဖွဲ့ဆိုတာရဲ့ ဒီ အမိန့်ဟာ ဥပဒေအရ တရားဝင်ဖြစ်တယ်လို့ ကျွန်တော် မခံယူ ဘူး။ ဒီထက် ရှင်းအောင် ပြောရရင် ကျွန်တော့်ကို ‘နိုင်ငံရေးအရ လူပြန်ပေးဆွဲထားတာပဲ ဖြစ်တယ်’လို့ ကျွန်တော် မှတ်ယူထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ အမိန့်စာကို ကျွန်တော် မကိုင်ဘူး၊ မဖတ်ဘူး”ဟု ကျွန်တော် ပေါက်ကွဲခဲ့သည်။ အမိန့်စာ လာပို့သူ ှ.ြ အရာရှိမှာ ခေါင်းငုံ့လျက်။
”ရှေ့လျှောက် ကျွန်တော့်ရဲ့ နေရေး၊ စားရေး၊ ကျန်းမာရေး၊ လုံခြုံရေးကိစ္စတွေကို ဘယ်သူက တာဝန်ယူမှာလဲ။ ခင်ဗျားတို့ ှ.ြ ကလား၊ ထောင်ကလား။ တစ်စုံတစ်ရာ ပြောဆိုဖို့ လိုအပ် တာရှိရင်ကော ဘယ်သူနဲ့ ပြောရမှာလဲ”
ကျွန်တော် မေးမိသည်။ သို့သော် အဖြေမရှိခဲ့။
”အေးဗျာ၊ ခင်ဗျားက ဝန်ထမ်းပဲဆိုတော့ အထက်က ခိုင်း တာကို မလုပ်လို့ ဘယ်ရမလဲ။ ခင်ဗျားမိသားစု စားဝတ်နေရေး ကိစ္စ။ ဒါကို ကျွန်တော် နားလည်ပါတယ်ဗျာ။ တကယ်ဆိုရင် ခင် ဗျားတို့ဟာ ဆဒ္ဒန်ဆင်မင်း ဝတ္ထုထဲက သောနုတ္ထိုရ်မုဆိုးကြီးလိုပါ ပဲ။ ‘အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေး ပစ်သူ ကျွန်တော် မုဆိုး’ ဆိုတာလေ သိတယ်မဟုတ်လား။ ကျွန် တော်လည်း ခင်ဗျားတို့နဲ့ ပြဿနာ မဖြစ်ချင်ပါဘူးဗျာ” ကျွန် တော့်သဘောထားကို ဖော်ထုတ်ခဲ့ဖူးပေသည်။
ထို့နောက် ရက် ၆ဝ ပြည့်လျှင် တစ်ကြိမ်ကျစီ ပုံမှန်တွေ့ဖြစ် ကာ ဆက်၍လည်း ပြောဖြစ်ခဲ့ဖူးသည်။ ကျွန်တော်နှင့်အတူ အဖမ်းခံခဲ့ရပြီး ကျွန်တော်နှင့် တစ်ရက်တည်း လွတ်ရက်စေ့မည် ဖြစ်သော ကျွန်တော့်ဇနီးနှင့် ယောက္ခမကြီးတို့ လွတ်၊ မလွတ် ကျွန်တော်၏ ချစ်လှစွာသော ‘ဝ’အမျိုးသားရဲဘော် နော်ရှမ်း (ခ) ကိုလှမောင် လွတ်၊ မလွတ် မေးမြန်းစုံစမ်းရာတွင်ကား ထုံးစံ အတိုင်းပင် အဖြေမရှိခဲ့သည့်အတွက် အတော် တင်းမာပေါက်ကွဲ ခဲ့ပါသည်။ ”ခင်ဗျားတို့လုပ်ပုံတွေက မဟုတ်သေးဘူး။ ထောင်ကျ စဉ်တုန်းကလည်း ဘာအကြောင်းပြချက်မှ မရှိဘဲ ဆုမှတ်ရက် အားလုံး ပိတ်ခဲ့တယ်။ အခုထိ ဘာအကြောင်းပြချက်မှ မရှိဘဲ ၁ဝ(က)တဲ့။ သတ္တိရှိရှိနဲ့ လွှတ်ချင်လွှတ်၊ ဒါမှမဟုတ် နောက် အမှု ကပ်ပြီး ထောင်ချရင် ချ၊ ဒါမှမဟုတ်လည်း သတ်ချင်ရင် ခုသတ် လိုက်”ဟု စိန်ခေါ်မိသည်အထိ တင်းမာခဲ့ရဖူးပေသည်။
ဤသည်မှာ လွန်ခဲ့သော စက်တင်ဘာ ၂၅ ရက်က စတုတ္ထ အကြိမ်မြောက် တွေ့ဆုံချိန်၊ တစ်နှစ်တိတိ ဆက်လက် ချုပ်နှောင် ထားဦးမည်ဟု အကြောင်းကြားချိန်က ဖြစ်ပေသည်။ အခင်းမဖြစ် ပွားမီ သုံးရက်အလိုတွင် ဖြစ်ပါသည်။
ည
စစ်ထောက်လှမ်းရေးတပ်ဆွယ်တစ်ခု၏ တာဝန်ခံဟု ဆို သော်လည်း လူပုံက နုနုနယ်နယ်၊ တကယ့်ချာတိတ်ကလေး။ ခုမှ အသက် ၂၈ နှစ်သာ ရှိသေးသည်ဟု ဆိုသည်။ သူ့အပြုံးကလည်း ခင်မင်နှစ်လိုဖွယ် ကောင်းလှသည်။
သူ့မှာ တောင်ငူသို့ ယခုမှ ပြောင်းလာခါစ ဖြစ်၍ ကျွန်တော် တို့ကို လာရောက်တွေ့ဆုံမိတ်ဆက်ခြင်းမျှသာ ဖြစ်ကြောင်း သူ့ ကိုယ်သူ မိတ်ဆက်ခဲ့သည်။ ကျွန်တော်က ကျွန်တော့်ဇနီးနှင့် ယောက္ခမအကြောင်း မေးရာ တစ်ရက်နှစ်ရက်အတွင်း သိရမှာပါ ဟုဆိုသည်။ (တကယ်တွင်လည်း တစ်ပတ်လောက်အကြာမှာ လွတ်ရက်စေ့သည့်နေ့ ၁၂း၃ဝ နာရီက ထလရ ၆ မှ ဗိုလ်ကြီးမင်း ကြည်နှင့် တပ်ကြပ်ကြီးကျော်သိုက်တို့ထံ လွှဲပြောင်းပေးအပ်လိုက် ကြောင်းကို ထောင်မှတစ်ဆင့် တရားဝင် သိခဲ့ရပေသည်။)
ထို့နောက် ဆက်၍ ကျွန်တော်က ကျွန်တော့်မိသားစုနှင့် ထောင်ဝင်စာ တွေ့ ခွင့်မှာရာတွင် တစ်စုံတစ်ရာ အထစ်အငေါ့များ ရှိနေသလား၊ ထလရက များ ပိတ်ပင်ထားလေသလားဟု မေးရာ သူကလည်း သူ့အနေနှင့် ပိတ်ပင်ထားတာ မရှိပါဟု ဖြေခဲ့သည်။
သို့သော် သူ့စကား အဆက်တွေထဲမှ သိရသည်မှာ သူ့ အနေဖြင့် ကျွန်တော်တို့၏ မိသားစုများကို အမြဲ စောင့်ကြည့်နေ ကြောင်း သိရသဖြင့် ကျွန်တော် နိုင်ငံရေးနှင့် မည်သို့မျှ မသက် ဆိုင်သော မိသားစုကို မနှောင့်ယှက်ဖို့ ကျွန်တော် ပြောခဲ့သည်။ သူကလည်း သူမလုပ်ပါဟုတော့ ပြောပါသည်။
”ခင်ဗျားက မလုပ်ဘူးဆိုပေမယ့် ခင်ဗျားစကားထဲကနေ ဖော်ပြနေတာတွေက ရှိနေတယ်။ နောက်ပြီး ဒါမျိုးတွေကို ခင် ဗျားတို့ အဖွဲ့အစည်းအနေနဲ့ကတော့ လုပ်လေ့ရှိတာ အမှန်ပဲဗျ” ဟု ကျွန်တော် ပြောသည့်အခါ သူ့မျက်နှာ ရုတ်ခြည်းတင်းမာသွား ခဲ့ဖူးပေသည်။
ည
(လေး)
အတွေးပျံ့လွင့်နေခဲ့ရာမှ စိတ်က တရားခွင်ပေါ်သို့ ပြန် ရောက်လာခဲ့သည်။
အခန်းမှာ ကျဉ်းလှောင်ပြွတ်ညှပ် အိုက်စပ်လျက်။
ကျွန်တော်နှင့် တွဲလျက်သား ရဲဘော်သန်းနိုင်ကို ကြည့် လိုက်တော့ သူ့မျက်နှာက ခပ်တည်တည်။ ဘာခံစားချက်မှ ရှိပုံ မပေါ်။ ဖြစ်လာသမျှ ရင်ဆိုင်လိုက်မည်ဟူသည့် သဘော။ ဘိုဘို ကတော့ အနည်းငယ် အံ့သြထူးဆန်းနေဟန် ရှိသည်။ မခံချိ မခံ သာ ဖြစ်နေပုံလည်း ရသည်။ ဘိုလူးမှာ ခပ်ငေးငေး တွေးတော လျက်။ သားကြီးကား အတော်ပင် စိတ်ချဉ်ပေါက်နေဟန် တူလေ သည်။ ဤကိစ္စတွင် ဘိုဘိုမှာ ဘယ်ဘက်ကမှ မပါ တကယ့်ကြား လူ၊ ဖျန်ဖြေသူသာ ဖြစ်ခဲ့လို့ ကိုသန်းနိုင်မှာကား ကျွန်တော့်လိုပင် ဘုမသိဘမသိ အထိုးခံရကာ (မျက်မှန်ချွတ်ထားခိုက် ဖြစ်၍) မည်သူက ထိုးသွားမှန်းပင် မသိလိုက်ဟု ဆိုသည်။ သားကြီးအနေ ဖြင့် ကျွန်တော်တစ်ယောက်တည်းအား လေးယောက်သော ပုရိသများက ဝိုင်းအုံ၍ ခွေးဆွဲသလို ဆွဲနေကြသည်ကို မကြည့် ရက် မမြင်ရက် မတရားဘူးဟု မြင်ကာ အပြေးလာခဲ့သူ ဖြစ် လျက်၊ ဘိုလူးမှာမူ ကျွန်တော်တို့ ၃ တိုက်ကိစ္စနဲ့ လုံးဝ မပတ်သက် ဘဲ ၂ တိုက်ရှိ NLD ဗဟိုဦးစီးအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးကို ”ဒီကိစ္စ အတွက် ခင်ဗျားမှာ တာဝန်ရှိတယ်” ပြောမိ၍ တရားခံလည်း ဖြစ်လာခဲ့ရသူ ဖြစ်သည်။ သူ့မှာ အရေးအခင်းကိစ္စကြောင့် သေ ဒဏ်ကျခံခဲ့ရပြီး ကြိုးမိန့်မှ လွတ်ခဲ့သော်လည်း ထောင်ဒဏ် ၂၈ နှစ်ကို ဆက်လက်ကျခံနေရသူ ဖြစ်သည်။ သူ ထောင်ထဲရောက်စ က ကျန်ခဲ့သော ကလေးငယ်များပင်လျှင် ယခုအခါ ၁ဝ တန်း အောင်၊ တက္ကသိုလ်ရောက်လျက် အပျိုကြီးဖားဖား ဖြစ်လျက်ရှိ လေပြီ။ မင်းဟန်၊ ဇော်ထူးနှင့် အောင်နိုင်ကြီးတို့မှာလည်း အလား တူ ကြိုးလွတ်များပင် ဖြစ်သည်။
”ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်။ ကွန်မြူနစ် ဝါဒကို လုံးဝ လက်မခံပါဘူး” မင်းဟန်၏ စကားကို ကြားလိုက်ရ သည်။ ဘာနှင့် ဘယ်လို ဆက်စပ်ပြောသည် မသိ။ ဇော်ထူးက ”ကျွန်တော်က NLD အဖွဲ့ဝင်ပါ။ ကျွန်တော်တို့ဟာ အဟိံသလမ်း စဉ်နဲ့…”ဟု ဆိုလျှင် တရားသူကြီးက ကြားဖြတ်ကာ ”ဒါတွေ ပြောမနေပါနဲ့ဗျာ။ ကျွန်တော်လည်း လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက် က အဲဒါတွေ ဖတ်ခဲ့ဖူးပါတယ်”ဟု ပိတ်သည်။ အောင်နိုင်ကြီးမူ ကား သူ့အသက် ၆၂ ရှိပြီဖြစ်ကြောင်း၊ ကျန်းမာရေးမကောင်း ကြောင်းသာ တွင်တွင်ပြောဆိုနေပေသည်။ မောင်ဖြိုးကတော့ ”ခုလို အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့ ကာလမှာ” ဟု အစချီသည်။ ဤသည်မှာ ပြန်လှန်စစ်မေးခြင်းကဏ္ဍအတွင်း မှာပင် ပြောခဲ့ကြခြင်းဖြစ်သည်။ သူတို့စကားတွေကို ကျွန်တော့် အနေဖြင့် မကြားတစ်ချက် ကြးတစ်ချက်။ ခေါင်းထဲမှာတော့ အခြေအနေအရပ်ရပ်ကိုသာ သုံးသပ်တွက်ချက်နေမိသည်။
ထိုစဉ်မှာပင် ရုံးခန်းအတွင်းသို့ ထောင်ပိုင်ကိုယ်တိုင် အစစ် ခံရန် ဝင်ရောက်လာခဲ့ပေသည်။ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲနှင့် ဟန်မာန်တင်းလှသော ထောင်ပိုင်ကို ကျွန်တော် ငေးကြည့်နေမိ သည်။ သူ့ထွက်ချက် စကားသံကိုလည်း အသေအချာ နားစိုက် နေခဲ့မိပါသည်။
”အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်ထဲမှာ ဘယ် အကျဉ်းသားမှ အချင်းချင်း ရန်ဖြစ်ခွင့် မရှိပါဘူး။ အဲဒီနေ့က သူ တို့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ ကျွန်တော် ဂါတ်ကြီးပေါ်ကနေ တက်ကြည့်ပြီး တားတယ်။ သုံးကြိမ်သုံးခါတိတိ နှုတ်နဲ့ သတိပေး တယ်။ မနာခံခဲ့ကြဘူး။ အချင်းချင်း ထိုးကြိတ်နေကြတယ်။ တချို့ လူတွေမှာ ဝါးခြမ်းပြားတွေ ကိုင်လာတာ မြင်ရတယ်။ ဟိုတိုက် ဒီတိုက်တွေကလည်း ပြေးလာကြတယ်။ အဲဒီနေ့က ထောင်ပိတ် လူပေါင်း ၁၂ဝဝ ကျော် ရှိတယ်။ တခြားနေရာတွေမှာပါ ကူးစက် ကုန်ရင် ခက်မယ်။ ကျွန်တော့်ဝန်ထမ်းတွေက တုတ်နဲ့ ရိုက်ရင် လည်း သူတို့နာမယ်။ ဒီအတိုင်း လွှတ်ထားလို့ တစ်ယောက် ယောက် သေကြေဒဏ်ရာရသွားရင်လည်း မဖြစ်ဘူး။ ဒီတော့ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ xxxအရ ကျွန်တော် သေနတ် မိုးထောင်ဖောက်လိုက်တယ်။ အဲဒီတော့မှ သူတို့လူအုပ် ရှဲ သွားတယ်”
ထောင်ပိုင်ကြီး၏ အသံမှာ လိုအပ်သည်ထက်ပင် ပို၍ အား မာန်ပါလှသည်။ သူ့စကားသံကို နားထောင်နေရင်းနှင့်ပင် ကျွန် တော့်စိတ်ထဲမှာ ကျောင်းဆရာ ဦးမျိုးမြင့် (ကမာရွတ်၊ ရန်ကုန် တိုင်း ြီူ) ဆေးရုံတက်နေစဉ် ဆေးရုံဝင်းထဲမှာပင် သူနှင့် ထောင်မှူးတစ်ဦးတို့က ထိုးကြိတ်ကန်ကျောက်ခဲ့ဖူးသည်ကို လည်းကောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အကျဉ်းသားထု၏ တာ ဝန်ပေးချက်အရ သူနှင့် ကျွန်တော် ထိပ်တိုက်တွေ့ဆုံ ပြောဆိုခဲ့ရ ပြီး နောက်ဆုံးမှာ သူ အလျှော့ပေးခဲ့ရသော်လည်း ဦးမျိုးမြင့် အပေါ် ယခုတိုင်အောင် အငြှိုးမပြေသေးဘဲ ရှိသည်ကိုလည်း ကောင်း၊ အခင်းမဖြစ်မီ စက်တင်ဘာ ၂၇ ရက်ကလည်း အရေး တော်ပုံအမှုတွဲ မောင်ယဉ်ကျေး ဆေးရုံမှ ဆင်းအလာ အဆောင် အဝင်မှာ ထောင်မှူးတစ်ဦးက ပါးရိုက်ခဲ့သော ကိစ္စနှင့် ပတ်သက် ၍ ကျွန်တော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုရာ နောက်ဆုံး တွင် ထောင်ပိုင်ကိုယ်တိုင် ဆင်း၍ တောင်းပန်ခဲ့ရသည်ကို လည်း ကောင်း၊ ထို့ပြင် ထို့ပြင် သူနှင့် ကျွန်တော် အကြိမ်များစွာ ထိပ် တိုက်တွေ့ခဲ့ရဖူးသည်များ၊ ကိစ္စတိုင်းမှာပင် နောက်ဆုံး၌ သူ့ဘက် က အလျှော့ပေးခဲ့ရသည်များကို ပြန်လည် သတိရနေမိခဲ့သည်။
ထောင်ပိုင်၏ အစစ်ခံချက်ဆုံးလျှင် ကျွန်တော် မတ်တတ် ရပ်လိုက်သည်။
”ထောင်ပိုင်ကြီးခင်ဗျား၊ ကျွန်တော်တို့ ၃ တိုက်မှာ ထိုး ကြိတ်နေခဲ့ကြတာကို ထောင်ပိုင်ကြီး ဘယ်အချိန်မှာ စပြီး သိခဲ့ တာပါလဲ”
”ထောင်လှန့်ခရာမှုတ်သံ ကြားရလို့ ဂါတ်ကြီးပေါ်က တက် ကြည့်တော့မှ မြင်ရတာ ဖြစ်ပါတယ်”
”အဲဒီအချိန်မှာ ကျွန်တော် ဘာဖြစ်နေသလဲ”
”ကိုကျော်မြ လဲနေတယ်။ ကိုကျော်မြရဲ့ပေါ်မှာ လေးငါး ယောက် ဝိုင်းအုံပြီး ထိုးကြိတ်ကန်ကျောက်နေကြတယ်”
”ထောင်လှန့်ခရာမှုတ်သံ ကြားရတဲ့အခါမှာ ထောင်ပိုင် ကြီးစိတ်ထဲ ဘယ်လိုဖြစ်သွားခဲ့ပါသလဲ”
”ကျွန်တော် စိုးရိမ်သွားတယ်” ခဏနားပြီးနောက် ”ထောင်ပိုင်ဆိုတာ …” ဟု ဆက်ပြောသည်။
ကျွန်တော်က တရားသူကြီးဘက် မျက်နှာမူကာ ကျေးဇူး ပြု၍ မှတ်တမ်းတင်ထားပေးရန် မေတ္တာရပ်ခံလိုက်ပါသည်။ ထို့ နောက် ဆက်၍…
”ထောင်ပိုင်ကြီး မြင်ရတဲ့ မြင်ကွင်းမှာ ထောင်မှူးကြီးနဲ့ ဝန်ထမ်းတွေ ရောက်နေပြီး အခြေအနေကို ထိန်းသိမ်းနိုင်နေပြီ ဆိုတာ အခြားအကျဉ်းသား အများအပြားကပဲ ဖျန်ဖြေထိန်းသိမ်း ပေးနေတယ်ဆိုတာကိုရော သတိပြုမိပါသလား” ဟု မေးရာ ”မဟုတ်ပါဘူး” ဟု သူ ဖြေသည်။
”ထောင်ပိုင်ကြီးကို မပစ်နဲ့ မပစ်နဲ့”လို့ ထောင်မှူးကြီး ပြောတာရော ကြားမိပါသလား”
”မဟုတ်ပါဘူး”
”ကျွန်တော်အော်ပြောတာရော ကြားသလား”
”မဟုတ်ပါဘူး”
”အခင်းဖြစ်ပြီးတဲ့ညမှာ တိုက်ကို ရှာဖွေရေးလုပ်ဖို့ လာတဲ့ အခါ ထောင်ပိုင်ကြီး သေနတ်ပစ်တာ မှားတယ်။ အကျိုးဆက်တွေ ကောင်းမှာ မဟုတ်ဘူး”လို့ ကျွန်တော်က ပြောတော့ ”ခင်ဗျား အမိန့်ကို နာခံရမှာလား”လို့ ထောင်ပိုင်ကြီး ပြန်ပြောခဲ့တာရော မှတ်မိပါသလား”
”မဟုတ်ပါဘူး”
ကျွန်တော် တစ်ချက်ပြုံးမိသည်။ တရားသူကြီးကလည်း ”သူက ထောင်ပိုင်ပဲ၊ အမိန့်ပေးစရာရှိရင် သူကသာ အမိန့်ပေးရ မှာပေါ့”ဟု ဝင်ပြောသည်။ သို့ဖြင့် ကျွန်တော်က ဆက်၍ ”ထောင်ပိုင်ကြီး သေနတ်ဖောက်လိုက်တာကတော့ ထောင်ပိုင် ကြီးကိုယ်တိုင် စိတ်လှုပ်ရှားပြီး စိုးရိမ်လွန်သွားလို့ မဟုတ်လား” ဟု ဆိုရာ…
”ဟုတ်ပါတယ်” ဟု ပြောပြီးမှ ဆက်ကာ ထောင်လက်စွဲ ဥပဒေပုဒ်မ ဘာညာတွေ ဆက်ရွတ်သည်။ ”ထောင်ထဲမှာ အစစ အရာရာဟာ ထောင်လက်စွဲဥပဒေနဲ့အညီ တစ်သွေမတိမ်း ရှိနေ တယ်လို့ ထောင်ပိုင်ကြီး အာမခံနိုင်ပါသလား” ဟု ဆက်မေး တော့ ”အမှုနဲ့ ဆိုင်တာကိုသာ ဖြေပါတယ်” ဟု လမ်းလွှဲသည်။ သို့ဖြင့် နောက်ဆုံးတွင်…
”ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်ရတဲ့ ထောင်ပိုင်ကြီးအနေနဲ့ ကျွန်တော်တို့အပေါ်မှာ တစ်စုံတစ်ရာ မကျေလည်တာများ ရှိပါသလား”ဟု မေးရာ ”နိုင်ငံရေးအကျဉ်း သားဆိုတာ မရှိပါဘူးလို့ ကျွန်တော်တို့ အတွင်းရေးမှူး ၁ က ပြောပါတယ်”ဟု ဆိုသော်လည်း ”ရာနှုန်းပြည့်မဟုတ်ပေမယ့် မကျေလည်တာတော့ ရှိပါတယ်”ဟုလည်း ဝန်ခံခဲ့ပေသည်။
ထိုနေ့က ထောင်မှူးကြီးအလှည့်မှာ ကျွန်တော် မေးသည့် အခါတွင်တော့ တရားသူကြီးကိုယ်တိုင်က ပညာသားပါပါဖြင့် ဝင် နှောက်ခဲ့ပေရာ ကျွန်တော့်ဘက်ကလည်း အစိုးရရှေ့နေက ထောင်မှူးကြီးအပေါ် နိမိတ်ပြမေးခွန်းမေးခြင်းကို ကန့်ကွက် ကြောင်း ပြန်ပြောဖြစ်ခဲ့ပေသည်။
ထို့နောက် တံခါးကြီးတာဝန်ကျ၊ ထောင်ဝင်စာထောင်မှူး ဦးမြင့်ဦးကို ဆက်မေးကာ တရားခွင်ကို ရုပ်သိမ်းခဲ့ပေသည်။ ဦးမြင့်ဦးအလှည့်တွင် သူ ရောက်လာစဉ်မှာ မြင်ရသည့် ကျွန် တော့် အခြေအနေကိုသာ မေးဖြစ်ခဲ့သည်။
(ငါး)
ကျွန်တော်တို့ ရုံးဆင်းပြီး ပြန်လာကြသည့်အခါ ကျွန်တော် တို့၏ အိပ်ရာလိပ်နှင့် ပစ္စည်းတွေမှာ မူလနေရာဖြစ်သော ၃ တိုက် တွင် မရှိတော့ဘဲ ၁ တိုက် (ကြိုးတိုက်)မှာ ရောက်နေသည်ကို တွေ့ရပေသည်။ ကျွန်တော်တို့ကို ရုံးထုတ်နေစဉ်ခိုက်မှာပင် ဝန် ထမ်းများဘာသာ ရှာဖွေရေးလုပ် မွှေနှောက်ကာ ပြောင်းရွှေ့ထား ခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြင့် ထူးခြားသော အဖြစ်အပျက်များ တွေ့ကြုံခဲ့ရခြင်း နှင့် အိပ်ရာပြောင်းသည့် အနေအထားကို အကြောင်းပြုကာ ထိုညက ကျွန်တော်ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပေ။ တစ်ညလုံး လိုလိုပင် ပက်လက်လှန်လျက် သံတိုင်ကြားမှ ကောင်းကင်ကို မော့ငေးလျက် တောင်ငူထောင်၏ အတွင်းပိုင်း နိုင်ငံရေး ဇာတ် လမ်းတွေ အစီအရီပင် ပြန်လည် ပုံဖော်တွေးတောနေဖြစ်ခဲ့သည်။
ည
”ဒီနေ့ကာလရဲ့ အဓိက ပြဿနာက ကွန်မြူနစ်လိုလား သူများနဲ့ ကွန်မြူနစ်ကို ဆန့်ကျင်သူများရဲ့ ပဋိပက္ခ မဟုတ်ပါဘူး။ ဒီမိုကရေစီ လိုလားသူ ပြည်သူအများစုနဲ့ ဒီမိုကရေစီကို ဆန့် ကျင်တဲ့ ကြောက်လန့်နေတဲ့ လူနည်းစု လက်တစ်ဆုပ်စာတို့ရဲ့ ပဋိပက္ခသာ ဖြစ်ပါတယ်”
ကျွန်တော်တို့ အကြိမ်ကြိမ် ရှင်းလင်းခဲ့ကြသည်။
”ဒီမိုကရေစီအင်အားစုတွေ တစည်းတလုံးတည်း ညီညွတ် ကြမှသာ အောင်ပွဲဆိုတာ ရနိုင်မှာ ဖြစ်တယ်။ လိုက်ဖက်ညီညီ၊ အပေးအယူရှိရှိ၊ နားလည်မှုရှိရှိ ၊ အလျှော့အတင်းရှိရှိ ဆက်ဆံကြ မှသာလျှင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန် အသိအမှတ်ပြု လေးစား ပြီး တန်းတူရည်တူ ရှိကြမှသာလျှင် စည်းလုံးညီညွတ်ရေးဆိုတာ လည်း အုတ်မြစ်ပါမှာ ဖြစ်ပါတယ်။ ဒီအုတ်မြစ်ကို ခိုင်ခံ့စေဖို့ အတွက်ကတော့ အချင်းချင်းကြားက ဘယ်ပြဿနာကို မဆို ငြိမ်းချမ်းလွတ်လပ်ပွင့်လင်းစွာ ညှိနှိုင်းဖြေရှင်းကြမှ ဖြစ်မှာပါပဲ” ဟုလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ရပ်ခံခဲ့ကြသည်။
”ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားအချင်းချင်းကြားက ဘယ်ပြဿနာကို မဆို အကြမ်းမဖက်၊ အင်အားမသုံးဘဲ၊ အာဏာ ပိုင်နဲ့ မဆက်စပ်ဘဲ ဖြေရှင်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရပ်ခံမှုပါပဲ။ ဒီအချက်ကို ကျွန်တော်တို့အထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြီး တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်”ဟု လည်း အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ကြသည်။ နမူနာ ပြသခဲ့ကြဖူးပေ သည်။ သွေးစည်းညီညွတ်ခြင်းသည်သာလျှင် ကျွန်တော်တို့၏ အင်အားဖြစ်၍ နွားကွဲလျှင် ကျားဆွဲမည်ဆိုသည်ကိုလည်း အကြိမ်ကြိမ် သတိပေးခဲ့ကြသည်။ ဘီလုံးငှက်မနှင့် ဆင်ဆိုးကြီး ပုံပြင်ဖြင့် တင်စားကာ ဘုံရန်သူ၊ ဘုံပြဿနာနှင့် ဘုံအကျိုးစီးပွား ကို ဦးထိပ်ထားဖို့လည်း အားလုံး သဘောတူထားခဲ့ကြပြီး ဖြစ်သည်။
”အဓိကကတော့ ထောင်ထဲမှာ အားလုံး အေးအေးချမ်း ချမ်းနဲ့ ဒုက္ခသောကတွေနည်းနိုင်သမျှ နည်းစေဖို့၊ အာဏာပိုင်က ဖိနှိပ်လာတဲ့အခါတွေမှာ တစည်းတလုံးတည်း ခုခံတွန်းလှန်ကြဖို့ ပါပဲ”ဟုလည်း ထုတ်ဖော်ခဲ့ပြီး ဖြစ်ပေသည်။ ထို့ပြင် ”ကျွန်တော် တို့ ကွန်မြူနစ်တွေအနေနဲ့ လောလောဆယ် လိုချင်နေတာက တော့ တိုင်းပြည်ကို အနှစ် ၅ဝ ကျော် မီးလောင်တိုက်သွင်းနေတဲ့ ပြည်တွင်းစစ်ကြီးကို မှန်မှန်ကန်ကန်၊ မျှမျှတတ၊ အခြေခံကျကျ ရပ်ဆိုင်းပစ်ပြီး စစ်မှန်ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင် နိုင်ဖို့၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ သွေးစည်းညီညွတ် တဲ့ အမျိုးသားနိုင်ငံတော်သစ်ကြီး ထူထောင်ဖို့သာ ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင်တော့ ပြည်သူတွေအတွက် ဒီမိုကရေစီအပြည့် အဝ ထွန်းကားဖို့နဲ့ စားဝတ်နေမှု ဖူလုံစေဖို့သာ ဖြစ်တယ်။ ဒါမှ တစ်ပါး သီးခြားရည်ရွယ်ချက် မရှိ၊ မျှော်မှန်းထားတာ မရှိပါ။ ကွန် မြူနစ်ပါတီရဲ့ ရပ်တည်ပိုင်ခွင့်ဆိုတာဟာ ပြည်သူတွေက ဆုံးဖြတ် ရမယ့် ကိစ္စသာ ဖြစ်ပါတယ်”ဟုလည်း အပ်ကြောင်းထပ်မျှပင် အကြိမ်ကြိမ် ရှင်းလင်းခဲ့ဖူးပေသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍လည်း ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံ၏ အသီးအပွင့်ရလဒ်အဖြစ် ၉ဝ ခုနှစ် ရွေးကောက် ပွဲမှာ ပြည်သူတွေက တစ်ခဲနက်ထောက်ခံ မဲပေးခဲ့သည်။ လက်ရှိ ကာလတွင်လည်း ဥပဒေတွင်း စစ်မျက်နှာတွင် ရွပ်ရွပ်ချွံချွံ ပြောင် ပြောင်မြောက်မြောက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုက်ပွဲဝင် လျက်ရှိသည့် အဖြစ်တို့ကို အနူးအညွတ် အလေးအမြတ်ပြုထား ရုံသာမက ထောင်တွင်းရှိ NLD စည်းရုံးရေးနှင့် လှုပ်ရှားမှုများကို လည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့၊ ပံ့ပိုးအားဖြည့်ပေးခဲ့ ပေသည်။ ကျွန်တော်တို့အနေနဲ့ NLD ကို ဝန်းရံနေမည်ဖြစ် ကြောင်းကိုလည်း ပြော၍ အလုပ်ပါ အကြိမ်များစွာ သက်သေပြခဲ့သည်။ သို့ရာတွင် ဤသည်ကိုပင်လျှင် ”သူ့ဘာသာ ဝန်းရံချင် လို့ ဝန်းရံနေတာပါ”ဟု တာဝန်အရှိဆုံးသူထံမှ စကားသံ ထွက် လာခဲ့သောအခါ၊ ”ဗဟိုအချင်းချင်း ဘယ်လို ဆက်ဆံဆက်ဆံ ထောင်ထဲမှာ ခင်ဗျားတို့ ကွန်မြူနစ်တွေနဲ့ မဆက်ဆံဘူး”ဟု ရှေ့ တွင် ငုတ်တုတ်ထားလျက် ပြောင်ပြောင်တင်းတင်း ဆိုလာခဲ့သော အခါ ကျွန်တော့်မှာ စိတ်မကောင်းလည်း ဖြစ်၊ အံ့လည်း အံ့သြကာ မည်သို့ နားလည်ရမည်ကိုပင် မသိတတ်နိုင် ဖြစ်ခဲ့ရပေသည်။ ”ကျွန်တော်တို့က အာဏာရှင်မှန်သမျှကို ဆန့်ကျင်မှာ ဖြစ်တယ်။ ကွန်မြူနစ်တွေဟာ အာဏာရှင်တွေပဲ”ဟု လေဖမ်းရမ်းတုတ်လာ သောအခါ၊ ¤င်းတို့ထဲမှ ”ကွန်မြူနစ်တွေ အာဏာရရင် စစ်အစိုးရ ထက် ပိုဆိုးမယ်” ဟု အသံသဲ့သဲ့တချို့ ကြားခဲ့ရသောအခါ၊ ”ကွန်မြူနစ်တွေကို ခုကတည်းက မျက်ခြည်မပြတ် စောင့်ကြည့် သတိရှိကြမှ ဖြစ်မယ်”ဟူသော စာတစ်စောင်ပေတစ်ဖွဲ့ကို ကိုယ် တိုင် တွေ့မြင်လိုက်ကြရသောအခါ ကျွန်တော်တို့မှာ ကိုယ့်ခံစား ချက် ကိုယ် အနိုင်နိုင် မျိုချလျက်နှင့်ပင် မကြားချင်၊ မမြင်ချင် ယောင် ဆောင်နေခဲ့ကြရပေသည်။
ဆက်လက်ဖော်ပြပါမည်။
မဂ္ဂဇင်းကို မှာယူအားပေးနိုင်ပါတယ်…
အသေးစိတ်အချက်အလက်များကို ပေးပို့ပါရစေ..
OFFICE
No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
phone: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine