၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ Diary ဖြစ်ပါသည်။
ကျော်မြတ်ရေးသည်
(ယခင်လမှအဆက်)
ထိုမျှသာမက အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသော လူနာရဲဘော်ကို မင်းတို့ ကွန်မြူနစ်တွေ ရှုပ်ကိုရှုပ်တယ် ဟု ပြောလျက် NLD အဖွဲ့ဝင်ဆိုသူ အောင်နိုင်ကြီးက ပါးရိုက်ခဲ့သော အခါ၊ လူငယ်တချို့ကို မြှောက်ပေးလျက် ကျွန်တော့်ကိုပင် အုံကျင်းဖွဲ့ အသားလွတ် လိုက်လံရန်ပြုကြ သောအခါ၊ မသိနားမလည်သူကို မြှောက်ပင့်ပေးပြီး ထိုးကြိတ် ရန်ပြုစေသောအခါတို့မှာလည်း ကျွန်တော်တို့၏ ခံပြင်းဒေါသများကို အနိုင်နိုင်ချုပ်တည်းလျက် အကျဉ်းသားအားလုံး၏ အကျိုး၊ တိုင်းပြည်၏ ရေရှည်အကျိုးကိုရှေးရှုကာ အတတ်နိုင်ဆုံး စိတ်ရှည်စွာနှင့် အမြော်အမြင်ရှိရှိ သည်းခံခဲ့ကြ ပေသည်။
နောင်တစ်ချိန်တွင် သူတို့ဘာသာ သူတို့ ပြုပြင်ဟန် ဖော်ပြ လျက် ပြန်လည် ကမ်းလှမ်းဆက်ဆံလာသောအခါတွင်လည်း ဖြစ်ခဲ့သမျှကို ရေငုံနှုတ်ပိတ်လျက် လှိုက်လှဲပျူငှာ ဆက်ဆံခဲ့ကြ သည်။ ပူးတွဲနိုင်သမျှ ပူးတွဲ လုပ်ကိုင်ခဲ့ကြရုံသာမက တတ်နိုင်သမျှ အားဖြည့် ကူညီစောင့်ရှောက်ကာ တစ်ထောင်လုံးအတွက် ခေါင်း ဆောင်မှုနေရာကိုပင် ကြည်ကြည်နူးနူး ပေးအပ်ခဲ့ကြသည်။ ကြီး ငယ်နုရင့် မဟူ မည်သည့်အဖွဲ့ အစည်းကိုမဆို အရှိကို အရှိအတိုင်း အသိအမှတ်ပြု လက်ခံလေးစားကာ နိုင်ငံရေးအရ တန်းတူရည် တူဆက်ဆံဖို့၊ အပြန်အလှန် ကူညီနိုင်သမျှ ကူညီဖို့၊ မကျေလည် တာနှင့် ပြဿနာရှိလျှင်လည်း တန်းတူရည်တူ ပွင့်လင်းစွာ ဒူး တိုက်ဆွေးနွေး ညှိနှိုင်းဖြေရှင်းဖို့ကိုသာ အကြိမ်ကြိမ် ဆွေးနွေးချ မှတ်လျက် ခပ်လျှိုလျှိုသာ လိုက်ပါခဲ့ကြသည်။ သို့ဖြင့် သီးသန့် တိုက်ဟုခေါ်သော တိုက်များအားလုံး ပိုမို၍ လွတ်လပ်မှုများ ရ လာကာ အချင်းချင်းလည်း ပိုမိုချစ်ခင် ညီညွတ်စွာ တည်ငြိမ် အေးချမ်းလာခဲ့ပေတော့သည်။ အာဏာပိုင်နှင့် ဆက်ဆံရာတွင် လည်းကောင်း၊ အကျဉ်းသားချင်း ဆက်ဆံ ရာတွင် လည်းကောင်း ပိုမို၍ ဂုဏ်သိက္ခာမြင့်မားလျက် ကိုယ်စီ၏ ကျန်းမာရေးအခြေ အနေများလည်း ကောင်းမွန်ကာ ICRC ကဲ့သို့သော အဖွဲ့များ ကပင်လျှင် တောင်ငူထောင်ကို အံ့ဩဝမ်းသာသွားခဲ့ဖူးပေသည်။ သို့ရာတွင်…
ကျွန်တော် သက်ပြင်းချမိသည်။
ခုတော့ ဒီအခြေအနေမျိုး မရှိတော့။ ပြန်ရရန်လည်း လွယ် ကူလှမည် မဟုတ်တော့ပေ။
၂၈ ရက်ညနေက ကျွတ်ထွက်သွားခဲ့ရသည့် သွားနှစ် ချောင်းနှင့် နဲ့သွားသော သွားတစ်ချောင်းတို့ကို လျှာဖြင့် တိုး တိုက်စမ်းသပ်ကာ ရင်ဘတ်နှင့် နံရိုးတစ်လျှောက် နာကျင်နေ သေးသည်ကို လက်ဖြင့် ပွတ်သပ်ကာ ထိုမျှထက်မကသော နာ ကျင်မှုတစ်ရပ်ကို ကျွန်တော် ခံစားနေမိပေသည်။
အမှန်ကို ဆိုရလျှင် ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့ ၏ သီးခြားလွတ်လပ်ပိုင်ခွင့်ကိုတော့ နည်းနည်းမှ ထိပါးမခံနိုင်ကြ သည်မှာ သေချာလှပေသည်။ ထို့ပြင် တိုင်းပြည်အတွက် ဤသို့ ကြည့်မြင်သင့်သည်၊ လုပ်ဆောင်သင့်သည်ဟု မြင်နေပြီဆိုလျှင် လည်း ထိုအမြင်မှာ အတော်ပင် စွဲမြဲလွန်းလှသည်မှာ ကျွန်တော် တို့၏ ထူးခြားချက်ပေလား၊ အားနည်းချက်လား၊ အားကောင်း ချက်လား မသိတတ်နိုင်ပေ။
“စစ်အစိုးရဖယ်ရှားရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေးဆိုတာဟာ ကွန်မြူနစ်ဝါဒ အမြင်သက်သက်နဲ့တင် ပြောနေ တာ မဟုတ်ပါဘူး။ လူထုသဘောထားကို ပြောတာ။ ဒီနေ့ကာလ အမျိုးသားရေးလိုအပ်ချက်ရဲ့ အဓိကအချက်ကို ပြောတာ။ ဘာပဲ လုပ်ချင်လုပ်ချင် တိုင်းပြည်ကောင်းစေချင်သူ မှန်သမျှအဖို့ အဦး အစ ပထမနဲ့ အဓိကထားပြီး မလုပ်မဖြစ် လုပ်ရမှာကို ပြောတာ ဖြစ်ပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပီပီပြင်ပြင် ပြည့် ပြည့်ဝ၀ အကောင်အထည်ဖော်ဖို့ဆိုရင် လက်ရှိ စစ်အစိုးရရဲ့ နေ ရာမှာ အမျိုးအစားသစ် အစိုးရတစ်ခုနဲ့ အစားမထိုးဘဲ ဘယ်လိုမှ ကို ဖြစ်နိုင်မှာ မဟုတ်ပါဘူး”ဟု ကျွန်တော်တို့ အတိအလင်း ရပ်ခံ ခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့သော ဝိဝါဒ ရှုပ် ထွေးမှုကိုမှ လက်မခံ။ မည်သည့်လမ်းခွဲနောက်ကိုမှ ကျွန်တော်တို့ မလိုက်ခဲ့ကြပေ။ ကျွန်တော်တို့အနေဖြင့်တစ်ခုလုံးအရရော တစ်ဦးချင်းအရပါ (ပုဂ္ဂိုလ်မာန၊ သိက္ခာမျှပင် မချန်) အလျှော့ ပေးနိုင်သမျှ အစွမ်းကုန် ဒိထက်ပိုပြီး ဘယ်လိုမှ လျှော့၍ မရနိုင်ခဲ့ ကြပေ။
ထို့ကြောင့်ပင်လျှင် ပြဿနာဖြစ်နေသည်လား မသိ။ ကိစ္စ တိုင်းမှာပင် ဤပြဿနာကိုပင် ပုံစံအမျိုးမျိုးဖြင့် ဖော်ပြခဲ့၊ အဆင်အပြေဆုံးဖြစ်အောင် ညှိနှိုင်းကျောခိုင်းခဲ့ကြရသည်။ သို့ ဖြင့် ကျွန်တော်တို့ကြားမှာ ပူးတွဲနိုင်သည့် အတိုင်းအတာမှာ အကန့်အသတ်တစ်ခုဖြင့်သာ ရှိနေခဲ့ပေသည်။ သို့သော်လည်း လက်တွဲမပျက်၊ အခင်မပျက်၊ ဣန္နြေနှင့် အခြေအနေ မပျက်ယွင်း ခဲ့ကြပေ။
သို့သော် သူတို့ကြားမှာတော့ ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပေသည်။ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဖြစ်သူက တိုက်ရိုက်တာဝန်ခံပါသည်ဟု ဆိုသော NLD အစုအဖွဲ့မှ တစ်ဦးပြီး တစ်ဦး ထွက်ခွာလာခဲ့ကြသည်။ ပါတီဖွဲ့ စည်းပုံ မူမမှန်ပါတီတွင်းမှာ ဒီမိုကရေစီ မရှိအလွမ်းသင့်ရာ အုပ်စုဖွဲ့ လက်ဝါးကြီးအုပ် လုပ်နေသည်၊ ဗဟို၏ သဘောထား များနှင့် များစွာ သွေဖည်နေသည် ဆိုသော အသံတွေကို ကြား ပင်ကြားနေရသော်လည်း ဤကိစ္စမှာ ကျွန်တော်တို့နှင့် မသက် ဆိုင်၊ သူတို့တွင်းကို ဝင်ရောက်ဖြေရှင်းရန်မှာလည်း ကျွန်တော်တို့ မှာ လုပ်ခွင့်လည်း မရှိ၊ ဖြစ်လည်း ဖြစ်နိုင်မည် မဟုတ်။ သို့ဖြင့် မသိမသာ အကဲခတ်လျက်သာလျှင် ကျွန်တော်တို့ လက်ရှောင်၍ နေခဲ့သည်။
သူတို့အတွင်းကိစ္စတွေက အများဆိုင်ရာ စကားဝိုင်းသို့ ရောက်လာခဲ့သောအခါ၊ အချို့နေရာတွေမှာ ထိုးပွဲကြိတ်ပွဲဖြင့် မကျေနပ်ချက်တွေ ကြီးထွားလာကြသောအခါတွင်လည်း ကျွန် တော်တို့အနေဖြင့် ညီညွတ်ရေးဟာ အသက်သဖွယ်ပင် အရေး ကြီးကြောင်းကို အကြိမ်ကြိမ် အထပ်ထပ် ရေရွတ်ရင်း တတ်နိုင် သမျှ မှန်မှန်ကန်ကန်၊ မျှမျှတတနှင့် ပြေလည်စေဖို့သာ ဝန်းရံကူ ညီဖြေရှင်းပေးခဲ့သည်။ သို့ပါလျက် “ဒေါ်စုနှင့် နအဖ တွေ့ဆုံဆွေး နွေးနေပြီဖြစ်ရာ မိမိတို့မှာ သတိကြီးစွာ ထားရမည် ဖြစ်သည့် အတွက် မိမိတို့ဘာသာ သီးခြားသာ နေထိုင်လုပ်ကိုင်တော့မည်” ဟု ဆင်ခြေပေး ကြေညာလျက် အများနှင့်ဆုံသော စကားဝိုင်းနှင့် အများဆိုင်ရာကိစ္စများမှ ဆုတ်ခွာသွားသောအခါတွင်ကား ကျွန် တော်တို့အနေနဲ့ ဘာမှ မတတ်နိုင်။ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိုင်။ ကျွန်တော်တို့မှာကား အများစုနှင့်အတူ ကျန်ရစ်ကာ အများဆိုင်ရာမှန်သမျှကို ရှေ့တန်းမှ တက်ကြွစွာ လုပ်ဆောင် လျက်ပင် ရှိခဲ့သည်။ ထို့နောက် အကြောင်းကိစ္စရှိတိုင်းမှာပင် ကျွန်တော်တို့ဘက်က တိုင်ပင်ဆွေးနွေးရန် (သို့) ပူးပေါင်းလုပ် ဆောင်ရန် ကမ်းလှမ်းခဲ့၊ ဖိတ်ခေါ်ခဲ့သော်လည်း သူတို့ကမူ သူတို့၏ ဆုံးဖြတ်ချက်ကို မပြောင်းခဲ့ပေ။ ကျွန်တော်တို့၏ ဖိတ်ခေါ်ချက်ကို ပယ်ပြီးရင်းသာ ပယ်ခဲ့သည်။ သူတို့လုပ်သမျှကို ကျွန်တော်တို့ထံ အကြောင်းကြားသည်၊ ဖိတ်ကြားသည်ဟူ၍လည်း မရှိတော့။ သူတို့အစုအဖွဲ့နှင့် အလွမ်းသင့်ရာ မင်းဟန်၊ မောင်ဖြိုးအပါအဝင် အနည်းငယ်မျှဖြင့်သာ ကြိတ်ဝိုင်းလုပ်နေခဲ့ကြသည်။
ထိုစဉ်ကာလအတွင်းမှာပင် ကျွန်တော့်အမှုတွဲရဲဘော်များ ထောင်မှ လွတ်မြောက်ကာ ကျွန်တော့်မှာမူကား ၁၀(က)ဖြင့် ဆက်လက်ပိတ်လှောင်ခံ ကျန်နေရစ်ခဲ့ရပေသည်။ထောင်အတွင်း ရှိ ကျွန်တော်တို့ ရဲဘော်အရေအတွက်မှာ လက်ငါးချောင်းပင် မပြည့်တော့ပေ။ သို့သော် ကျန်ရစ်သမျှ သိပ်သည်းညီညွတ်စွာ လုပ်စရာရှိတာအားလုံးကို ထောင့်စေ့အောင်တော့ တက်ညီလက် ညီ လုပ်ဆောင်ဖြစ်နေခဲ့ကြသည်။ သူတို့ထံမှ ဖြန့်ဝေသော သတင်း များကိုလည်း မိတ်ဝတ်မပျက် လက်ခံကာ ခွဲခြားစိတ်ဖြာမှုရှိစွာ လေ့လာနေခဲ့ကြပေသည်။
ထိုစဉ် ဧပြီလဆန်းရက်တစ်ရက်မှာ သူတို့၏ ပြန်ကြားရေး မှူးဆိုသူ ဇော်ထူးနှင့် အတွင်းရေးမှူးဆိုသူ ကိုသန်းမင်းတို့ ရောက်လာပြီး…
“အခုလို တွေ့ဆုံဆွေးနွေးပွဲဖြစ်နေစဉ်ထဲမှာ ကျွန်တော်တို့ အနေနဲ့ အပတ်စဉ် အင်္ဂါနေ့တိုင်း ပရိတ်ရွတ်၊ မေတ္တာပို့ပြီး ဆွေး နွေးပွဲ ချောမွေ့အောင်မြင်စေကြောင်း ဆုတောင်းကြမှာဖြစ်ပါ တယ်။ ညဘက်မှာ Candlelight Movement အဖြစ် ဖယောင်း တိုင်ထွန်းတာလည်း လုပ်မယ်။ ဒါ့အပြင် ဆေးရုံက အာဟာရချို့ တဲ့နေတဲ့ ပေါ်တာပြန်တွေကို အာဟာရတိုက်ကျွေး ဒါနပြုမယ်။ နောက် ကျွန်တော်တို့အထဲမှာချည်းပဲ သင်တန်းတွေ၊ ဆွေးနွေးပွဲ တွေ လုပ်မယ်ဗျာ။ အဲဒါ အစ်ကိုတို့အနေနဲ့ လိုက်ပါနိုင်သမျှ လိုက် ပါဖို့ အကြောင်းကြား ဖိတ်ကြားတာပါ” ဟု ဆိုလာသည်။
ကျွန်တော်တို့အနေဖြင့် နောက်ကြည့်မှန်ကို ကြည့်လျက် ရှေ့သို့ မောင်းနှင်နေသည်မှန်သော်လည်း မလိုအပ်လျှင်၊ အကျိုး မရှိလျှင် အတိတ်မှာချည်း ဝဲလည်လှည့်မနေကြဖို့တော့ သဘော ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြင့် ဇော်ထူးနှင့် ကိုသန်းမင်းတို့ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုကာ ၎င်းတို့ ကမ်းလှမ်းလာသမျှကိုလည်း အလေးအနက် လက်ခံစဉ်းစားခဲ့ကြသည်။
ကျွန်တော်တို့မှာ အပြင်အခြေအနေကို သိပ်သိလှသည် တော့ မဟုတ်။ သူတို့ ထုတ်ဝေဖြန့်ချိသမျှ သတင်းများပေါ်တွင်သာ အခြေခံလျက် အပြင်အခြေအနေကို ခန့်မှန်းကြည့်ကြခြင်းသာ ဖြစ်သည်။ ထောင်ဝင်စာပါ မိသားစုထံမှ သတင်းစကားအချို့နှင့် ဆက်စပ်လျက် သုံးသပ်လေ့တော့ ရှိကြသည်။ သို့ဖြင့် ကျွန်တော် တို့အမြင်မှာ ယခု တွေ့ဆုံဆွေးနွေးနေသည်ဆိုခြင်းနှင့် ပတ်သက် ၍ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းညင်သာ စွာ ဖြေရှင်းဖို့ လမ်းစတစ်ခုအဖြစ် ဝမ်းသာအားတက်မိသည်မှာ မှန်သော်လည်း အပြည့်အဝ မယုံရဲ။ စိတ်လုံးပုံ၍ မအပ်ရဲသေးလှ ပေ။ ၁၉၆၃၊ ၁၉၈၁ ခုနှစ်များက ကျွန်တော်တို့ပါတီနှင့် တွေ့ဆုံခဲ့ ဖူးသည်များ၊ ယခုနောက်ပိုင်း KNU နှင့် ဆွေးနွေးသည်ဆိုခြင်း များ၊ အပစ်အခတ်ရပ်စဲရေး အဖွဲ့တစ်ခုချင်းနှင့် ဆက်သွယ်ထိတွေ့ ခဲ့ပုံများ အပါအဝင် သင်ခန်းစာပေါင်းများစွာမှာ လတ်ဆတ်နေဆဲ ဖြစ်ရာ ယခုကိစ္စမှာလည်း အဖြစ်နိုင်ဆုံး မျှော်လင့်ချက်ထားကြည့် ရလျှင်ပင် ဆွေးနွေးပွဲ၏ ပဏာမအဆင့်၊ အကြိုခြေလှမ်းအဆင့် မျှဟုသာ ထင်မြင်မိပေသည်။ ဤသည်ကို ဆုတောင်းပတ္တနာပြုရုံ မျှဖြင့် တာဝန်ကျေလိမ့်မည်ဟုလည်း မထင်ပေ။ သို့ဖြင့် ယင်းတို့ ယုံကြည်ချက်၊ ယင်းတို့အမြင်ဖြင့် ယင်းတို့ဘာသာ ဆုံးဖြတ်လုပ် ကိုင်သည်ကို ဘာမှ မပြောလိုသော်လည်း ကျွန်တော်တို့အနေဖြင့် ကိုယ်တိုင်လုပ်ရန်ကိုမူကား စိတ်ပါလက်ပါ မရှိလှပေ။ ကိုယ့်လိပ် ပြာ ကိုယ်လည်း မသန့်လှပေ။ သို့ဖြင့် ဤအတိုင်းသာလျှင် ပျော့ ပျောင်းနူးညံ့ချိုသာစွာ လေးနက်တည်ကြည် ကျယ်ပြန့်စွာ အကြောင်းပြန်ဖြစ်ခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီစောင့်ရှောက် ပေးမှာ၊ ကာကွယ်ပေးမှာတော့ အသေအချာပါပဲ။ အကယ်၍ အန္တရာယ်ရှိခဲ့တယ်၊ ဆိုးကျိုးတွေ ဖြစ်လာခဲ့တယ်ဆိုရင်လည်း ဆိုးကျိုးကို ရဲဘော်တို့နဲ့ ထပ်တူ မျှဝေခံစားသွားမှာဖြစ်ပါတယ်” ဟုလည်း တာဝန်သိစွာ ထည့်သွင်းပြောဆိုခဲ့ပေသည်။ ပုံမှန် အတိုင်း သတင်းဖြန့်ချိမှုကို ဝမ်းမြောက်ဝမ်းသာ ဆက်လက်စား သုံးသွားမည်ဖြစ်ကြောင်းလည်း ထည့်ပြောဖြစ်အောင် ပြောခဲ့ သည်။ ဤသည်ကို သဘောတစ်မျိုးပေါက်ပြီး မကျေမလည်ရှိဟန် ဖြင့် ဒုတိယအကြိမ် လာရောက် ဆွေးနွေးပြန်တော့လည်း အလား တူပင် ကျွန်တော်တို့ ထပ်မံ ရှင်းပြခဲ့ကြသည်။ သို့ရာတွင် မကြာ လှသော ရက်ပိုင်းအတွင်း၌ပင်လျှင် ယင်းတို့အစုအဖွဲ့အနေဖြင့် ကျွန်တော်တို့ရဲဘော်များ အတွင်းတွင် အာဏာပိုင်နှင့် ပူးပေါင်း ကာ အာဏာပိုင်ကို အလုပ်အကျွေးပြုသူ ရှိခဲ့ဖူးသည် ဟူသော စာတမ်းငယ်တစ်ခုကို လျှို့ဝှက်စွာ လက်သိပ်ထိုးဖြန့်ဝေကြောင်း ကျွန်တော်တို့ သိခဲ့ရပေသည်။ ကျွန်တော်တို့အနေဖြင့် ထုံးစံ အတိုင်း စိတ်မကောင်းဖြစ်ရုံမှတစ်ပါး အခြားမရှိ။ ကျွန်တော်တို့ ထံ အသိမပေးသော ကိစ္စကို တရားဝင်သည်ဟုလည်း မထင်။ ဘာသိဘာသာသာလျှင် နေခဲ့ကြသည်။
ထို့နောက် သြင်္ကန်ကာလ ရောက်သောအခါ ထောင်တွင်း ရိုးရာ သြင်္ကန်ပွဲတစ်ခုကို စုပေါင်းကျင်းပကြရန် အများစုနှင့်အတူ ညှိနှိုင်းပြီး ကျွန်တော်တို့ ကြိုးပမ်းခဲ့ကြရာ မောင်ဖြိုးနှင့် မင်းဟန် တို့က “ဘာသာရေးမယုံကြည်တဲ့ ကွန်မြူနစ်တွေ ဦးစီးလုပ်တဲ့ ဘာသာရေးပွဲကို မတက်ရောက်နိုင်”ဟု မျက်စိပိတ်အကြောင်း ပြန်ခဲ့ကြသည်။ သြင်္ကန်မှာ ဘာသာရေးပွဲမဟုတ်၊ ရိုးရာပွဲလမ်းသာ ဖြစ်ကြောင်းနှင့် ကွန်မြူနစ်များ ဦးစီးသည်လည်း မဟုတ်၊ နိုင်ငံ ရေးအကျဉ်းသားအများ စုပေါင်းလုပ်ခြင်းမျှသာ ဖြစ်ကြောင်း အေးဆေးစွာသာ ကျွန်တော်တို့ ရှင်းပြခဲ့ကြသည်။ NLD အစု အဖွဲ့မှာမူကား အများစုနှင့် မပတ်သက်ဘဲ သူတို့ဘာသာ သီးခြား အစီအစဉ်ဖြင့်သာလျှင် အပြိုင်ကျင်းပခဲ့ပေသည်။ ထို့နောက် မေ ၁ ရက် မေဒေးနေ့ အစီအစဉ်နှင့်ပတ်သက်၍ ထိတွေ့ကြည့်သော အခါ NLD အစုအဖွဲ့မှ ]ထောင်အတွင်းကာလ ကွန်မြူနစ်များနှင့် ဆက်ဆံခဲ့ခြင်းမှာ ထောင်တွင်း P.P ညီညွတ်ရေးအတွက်မျှသာ ရည်ရွယ်သည်ဖြစ်၍ ယခုလို တွေ့ဆုံဆွေးနွေးနေသည့် ကာလ တွင်ကား CP နှင့်လည်းကောင်း၊ CP က ဦးဆောင်သော လှုပ် ရှားမှုနှင့်လည်းကောင်း၊ CP ပါဝင်သော လှုပ်ရှားမှုများတွင်လည်း ကောင်း ပါဝင်မည် မဟုတ်တော့ပါ ဟု အတိအလင်းနှင့် တရားဝင် အကြောင်းပြန်ခဲ့ပေသည်။
သို့ဖြင့် ဇွန် ၁၉၊ ဇွန် ၂၁၊ ဇူလိုင် ၇၊ ဩဂုတ် ၈ မှသည် စက် တင်ဘာ ၂၇ ရက် NLD မွေးနေ့အထိ လှုပ်ရှားမှုများမှာ ပေါ်ပေါ် တင်တင်ပင် နှစ်မျိုးနှစ်စား ကွဲပြားလျက် ရှိနေခဲ့ကြပေတော့သည်။ ထောင်အတွင်းရှိ ABSDFဗကသတို့မှာလည်း နှစ်ခြမ်းစီ ဟက် တက်ကွဲကာ ယင်းတို့ NLD အစုအဖွဲ့ ကိုယ်တိုင်ပင်လျှင် သုံးပုံနှစ် ပုံနီးပါးမျှသာ အစုအခဲအလိုက် ကျန်ရစ်ကာ ကျန်အဖွဲ့ဝင်များမှာ တစ်ဦးချင်းအဖွဲ့ဝင်များအဖြစ်သာ ရပ်တည်လျက် ရှိနေကြတော့ သည်။ ထို့နောက်တွင်ကား ထောင်တွင်းရှိ P.P အချင်းချင်း ဆက် ဆံရေးမှာ ပျူငှာပွင့်လင်းမှု သိပ်မရှိလှတော့ဟုပင် ကျွန်တော် ခံစားနေမိပါတော့သည်။ ဤသည်ကို သတိဝီရိယထားပြီး စောင့် ကြည့်အကဲခတ်လျက် နွားအကွဲမှာ ကျားဆွဲတော့မည်ကို စိတ် တွင် အမြဲ စိုးရိမ်ပူပန်လျက် ရှိနေစဉ် စက်တင်ဘာ ၂၈ ရက် ညနေ ၌မူကား…။
ကျွန်တော် သက်ပြင်းချမိပြန်ပါသည်။
(ခြောက်)
“ခင်ဗျားဘာသာပဲ လွတ်လွတ်လပ်လပ် ပြောချင်သလား။ ဒါမှမဟုတ် မင်းဟန်ရှေ့မှာ ပြောမလား”
ရန်ကုန်တိုင်း ထောင်အုပ်စုညွှန်မှူးရှေ့ ကျွန်တော်ထိုင် အလိုက်မှာပင် ညွှန်မှူးက ဆီး၍ မေးလိုက်သည်။ ကျွန်တော်က လည်း မဆိုင်းမတွပင် “မင်းဟန်ရှေ့မှာ ပြောမယ်လေ။ ခေါ်လိုက် ပေါ့”ဟု တုံ့ပြန်ဖြစ်ခဲ့သည်။
ဝန်ထမ်းတစ်ယောက် သွားခေါ်ကာ ခဏကြာတော့ မင်း ဟန် ရောက်လာခဲ့သည်။
စက်တင်ဘာ ၂၈ ရက် ညနေက အဖြစ်အပျက်ကို ထွေးလှ ကျွန်တော့်ဆီ ရောက်လာကာ အကူအညီတောင်းသည်မှ အစပြု ၍ ကျွန်တော် အမှန်အတိုင်း ပြောပြခဲ့လိုက်သည်။ သို့ရာတွင် အဆောင်သို့ အသွားအလာနှင့် ကျွန်တော်တို့ရှိရာသို့ အခြား တိုက်မှ လူများ ရောက်လာခဲ့ကြသည်ကိုတော့ မပြော။ ၄ တိုက်က ကျော်အေးနိုင်ကို ၃ တိုက်မှာ ညတွင်းချင်း စာရင်းပြောင်းထားခဲ့ သည်ကိုလည်း မပြော။ သီးသန့်ဟုခေါ်သော ၅(ည) အကျဉ်းသား များသာ ရှိရမည့် ၃ တိုက်မှာ ကျွန်တော်နှင့် အခန်းချင်းကပ်လျက် သား ၅ ခန်းတွင် ပုဒ်မ ၃၀၂ သာ အတပ်ခံထားရသူများ ဖြစ်သည့် ဇော်ထူးနှင့် အောင်နိုင်ကြီးတို့ တရားမဝင်ရောက်ရှိနေခဲ့သည်ကို လည်း မပြောဘဲ ခြွင်းချန်ထားခဲ့သည်။ ညွှန်မှူးက တိုက်ခန်း အဖွင့်အပိတ်အချိန်များ မေးသည်ကိုလည်း ထောင်က တရားဝင် ထုတ်ပြန်သတ်မှတ်ချက်အတိုင်းသာလျှင် ပြောခဲ့၍ “ရန်ဖြစ်တာ အပြင် ဘာရည်ရွယ်ချက်ရှိသလဲ”ဆိုလျှင်တော့ “မရှိပါ”ဟုသာ ရိုးရိုးဖြေခဲ့ပြီး နောက်ကျတော့မှသာ “ရန်ဖြစ်တာ မဟုတ်၊ မင်း ဟန်က တမင်ရန်စပြီး ကျန်လူများက ရုတ်တရက် ဝိုင်းဝန်းထိုး ကြိတ်ကြခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကို မိမိ မသိ” ဟု ပြန်ဖြေ ဖြစ်ခဲ့သည်။ “ဘာကြောင့်ဖြစ်ရတာလဲ” ဆိုတာကိုတော့”ထောင်တွင်း မွန်းကျပ်မှုတွေနဲ့ ဒီလိုဖြစ်တတ်တာတွေ ရှိပါ တယ်။ ဆန်းတဲ့ကိစ္စ မဟုတ်ပါ”ဟုပင် တုံ့ပြန်ခဲ့သည်။ ထောင် အရာရှိများနှင့် ဆက်ဆံရေးမှာ ရာနှုန်းပြည့် စိတ်ကျေနပ်ဖွယ် မဟုတ်သော်လည်း ဆက်ဆံ၍တော့ အဆင်ပြေပါသည်ဟုလည်း ဖော်ပြခဲ့ပေသည်။
ကျွန်တော့်အမေးအဖြေ အစအဆုံးကို မင်းဟန်ကိုယ်တိုင် ရှိနေလျက်နှင့်ပင် ဤသို့ ဖြေဆိုခဲ့ခြင်းမှာ ကျွန်တော့်၌ ရည်ရွယ် ချက် ရှိပေသည်။ ရှင်းရှင်းပြောရလျှင် ထောင်စကားအရ ဒိုင်စား မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့အပြင် သူတို့မှာ အပြစ် ကျူးလွန်မိခဲ့ပြီ ဖြစ်သောကြောင့် အပြစ်ပေးခံရလျှင်တောင်မှ သက်ညှာစွာ ဖြစ်စေရန် စေတနာထားရှိခဲ့လေသည်။ သို့ဖြင့် ရှေ့ မှကြိုတင်၍ လမ်းကြောင်းပေးထားလျှင် သက်သာရာကို လိုက်ပါ လာမည်လားဟု မျှော်လင့်ခဲ့မိသည်။ သို့သော် မင်းဟန်အလှည့် ကျသောအခါတွင်မူကား စကားတတ်ခါစ ကြက်တူရွေးပမာ ထင် သမျှ၊ မြင်သမျှ၊ ကြားဖူးနားဝ ရှိလေသမျှ အိတ်သွန်ဖာမှောက် တရစပ် မရပ်မနား အန်ထုတ်ကာ ဖြစ်စဉ်သက်သက်မျှသာမက ဖြစ်ရသော အကြောင်းရင်းတွေကို တပုံတပင် ဇာချဲ့ပေတော့ သည်။ ကျွန်တော့်အပေါ် ပုဂ္ဂိုလ်ရေးအရ၊ နိုင်ငံရေးအရ အပုပ်ချ လိုက်ပုံကလည်း ရစရာပင် မရှိ။ သူမို့လို့ ကြံကြံဖန်ဖန် ပေါက် ပေါက်ရှာရှာ ပြောလည်း ပြောတတ်လွန်းပေသည်။ စည်းရုံး သည်၊ အုပ်စုဖွဲ့သည်၊ ဘုရားမရှိ တရားမရှိ ဆိုသော စကား တွေမှာလည်း အပ်ကြောင်းပင် ထပ်လေမတတ်။ ရှေ့မှာ “အန် ကယ်၊ ကျွန်တော် အရင်ပြောပြမယ်။ ပြီးမှ ရေးပါ”ဟုပင် စကားခံ လိုက်ချေသေးသည်။ “သားကြီးက အုတ်ခဲကိုင်ပြီးတော့…”ဟု လည်း ပါသည်။ ကိုကျော်ကျော်က ထိုးသည်၊ ကိုဌေးက ကန်သည်၊ ကိုသန်းနိုင်ကလည်း ပြေးလာပြီး ထိုးသည်။ ဘိုဘိုဟန်ကတော့ သူ့ကို နောက်ကနေ ချုပ်ထားပေးသည်ဟုလည်း ပါသည်။ တစ် ချိန်တည်းမှာပင် ဘိုလူး နှင့် ညီညီက ၂ တိုက်တွင် NLD ဗဟို ဦးစီးအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအား “ဒီ ကိစ္စတွေ ဖြစ်ရတာ ခင်ဗျားမှာ တာဝန်ရှိတယ်”ဟု ပြောပြောဆို ဆို တွန်းလှဲပစ်ခဲ့ကြောင်း၊ သဲနှင့်လည်း ပက်ကြောင်း စသည့် ကျွန်တော် မသိသေးသည့် ကိစ္စများလည်း ပါနေပေသေးသည်။
ကျွန်တော့်မှာ စိတ်ပျက်လက်ပျက် ဖြစ်၊ ဒေါလည်း ပွ၊ စိုး လည်း စိုးရိမ်ဖြစ်ကာ လာတော့မည့် အန္တရာယ်ကို တွေးမျှော် လျက် သူတို့အတွက်ပင် စိတ်မကောင်းဖြစ်မိသည်။ သို့သော် မတတ်နိုင်တော့။ ပတ်ထုတ်၍ မရနိုင်တော့။ ရောဂါကား ရင့်လွန်း လှပေပြီ။ သခင်သန်းထွန်းပြောခဲ့ဖူးသည့် အစွယ်ပေါက်စခွေး ကလေးလို ဟိုလူကိုက်ချင် ဒီလူကိုက်ချင်နှင့် ဆိုသော စကားကို ပြန်လည်သတိရလျက် ညွှန်မှူးထံ ခွင့်တောင်းကာ ထပြန်၍ လာ ခဲ့သည်။ ပြီးဆုံးသည်အထိ လုံးစေ့ပတ်စေ့ နားထောင်ရန် ဘယ်လို မှ ဆန္ဒမရှိတော့ပေ။ မင်းဟန်ကား နောက်ထပ် မိနစ် ၄၀ ကြာမျှ ပင် ညွှန်မှူးရှေ့မှာ ထိုင်ကျန်ရစ်ခဲ့သည်။
(ခုနစ်)
“ကျွန်တော့်ဆီကို စက်တင်ဘာ ၂၉ ရက်မှာ အစီရင်ခံ စ တင်ရရှိခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၂ ရက်မှာ ကျွန်တော်တို့ òန်မှူးဆီကို ထပ်ဆင့် အစီရင်ခံခဲ့ပြီး ညွှန်မှူးမှတစ်ဆင့် ဝန်ကြီး ထံ အောက်တိုဘာ ၄ ရက်မှာ ခွင့်ပြုမိန့် တောင်းခံခဲ့ပါတယ်။ ဝန် ကြီးထံမှ ခွင့်ပြုမိန့်ကျခဲ့ပြီး အောက်တိုဘာ ၁၉ ရက်မှာ ကျော်မြ ပါ ၁၀ ဦးတို့ကို အမှတ် ၁ ရဲစခန်းမှာ စတင် ဖမ်းဆီးချုပ်နှောင်ထား ခဲ့တယ်။ ဒီနောက် ခရိုင်ဥပဒေရုံးမှ အကြံဉာဏ်တောင်းခံလျက် ခုလို ပုဒ်မ ၅(ဃ)နဲ့ တရားစွဲဆိုတင်ပို့…”
အမှုတွဲတည်ဆောက်သူ I.O လည်း ဖြစ်သည့် S.B ရဲအုပ် ၏ အသံမှာ ပြတ်သားရှင်းလင်းလှပေသည်။
ကျွန်တော်နှင့် မင်းဟန်ကို အ.က.စ ညွှန်မှူးက ၂၉ ရက် တွင် ခေါ်ယူစစ်ဆေးခဲ့ပြီးသည့်နောက် အောက်တိုဘာ ၄ ရက်ကျ မှသာ S.B က ကျွန်တော့်ကို ထပ်ဆင့်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ကြိမ်စလုံးမှာရော ထို့နောက်ပိုင်း ICRC လာချိန် အထိ ကျွန်တော့်ဘက်မှ မိမိတို့ အတွင်းပိုင်းကိစ္စတွေကို တစ်စုံတစ်ရာ ဖွင့်ဟခဲ့ခြင်း မရှိ။ ကျွန်တော်နှင့် တစ်ခန်းတည်းနေသူ ကိုသန်းနိုင် နှင့် ဘိုဘိုဟန်တို့ဘက်မှလည်း မရှိ၊ သားကြီးနှင့် ဘိုလူးမှာ အောက်တိုဘာ ၇ ရက်ကျမှသာ SB+MI ပူးတွဲအဖွဲ့က စစ်မေးခဲ့ ခြင်း ဖြစ်သည်။
နေ့စွဲ၊ ရက်စွဲတွေကို စိတ်ထဲတွင် မှတ်သားစီစဉ်ကြည့်လိုက် ရာ အဖြေမှာ ရှင်းနေပေတော့သည်။
မင်းဟန်ဘက်ကို ကျွန်တော် စောင်းကြည့်လိုက်သည်။
မင်းဟန်ကား မျက်နှာကြီး မည်းပုပ်လျက် ခေါင်းငိုက်စိုက် ကျနေပေသည်။
အများပြည်သူ (သို့) ပြည်သူတစ်စု အထိတ်တလန့်ဖြစ်စေ ရန် ကြံရွယ်လျက် ရုန်းရင်းဆန်ခတ်ဖြစ်မှုတဲ့။
ပုဒ်မ ၅(ဃ)တဲ့ ဆိုပါလား။
မည်သူတွေ မည်မျှအထိ ထိတ်လန့်၍ မည်သို့ ထိခိုက်ခဲ့ရ သည်ကိုကား တရားရုံးတွင် သက်သေတင်ပြချက် မရှိပေ။ လူတစ် ယောက်အနေဖြင့် မိမိ၏ မွေးရာပါ သွားနှစ်ချောင်း အကျွတ်ခံ၊ သွေးထွက်သံယို အဖြစ်ခံလျက် အများပြည်သူကို ထိတ်လန့်စေ ရန် ကြံရွယ်သည်ဆိုခြင်းမှာလည်း မည်သို့သော အကျိုးစီးပွားကို ရည်ရွယ်၍မှ ဖြစ်နိုင်ဖွယ်ရာ မရှိ။ လူတစ်ယောက်ကို လူတစ်စုက ဝိုင်းဝန်းထိုးကြိတ် အမဲဖျက်နေကြသည့် မြင်ကွင်းမျိုးကို လက် ပိုက်၍ ကြည့်မနေနိုင်ဘဲ ဝိုင်းဝန်းထိန်းသိမ်း ဆွဲလွဲကြသူများမှာ ရော မည်ကဲ့သို့သော အကျိုးအကြောင်းနှင့် အပြစ်ဖြစ်ရသည်ကို နားလည်နိုင်ဖွယ်ရာ မရှိ။ သို့သော် ယခုမူကား ထိုးသူရော၊ ခံရသူ ရော၊ ဘေးမှ ဝင်ရောက်ဖျန်ဖြေထိန်းသိမ်းကြသူ အားလုံးပင် တရားခံဖြစ်လျက် ရှိနေချေပေတော့သည်။
မနေ့က တရားခွင် စ မဖွင့်မီ အချိန်အထိ ကျွန်တော်တို့ကို မည်သူက မည်သည့်အကြောင်းကြောင့် မည်သို့လုပ်မည်ကို လုံးဝ ရိပ်မိ သိရှိခဲ့ကြခြင်း မရှိပေ။ သတင်းသိရချိန်မှာတော့ လက်ထိပ် ကိုယ်စီနှင့် ဘူးဝမှာ ရောက်နေခဲ့ကြပြီဖြစ်သည်။ ပြီးတော့ ရှေ့နေ ငှားခွင့်မရှိတဲ့။ ၁၉ ရက်မှ စတင်၍ အမှတ် ၁ ရဲစခန်းတွင် ချုပ် နှောင်ထားရာမှ တရားစွဲဆိုတင်ပြခြင်းတဲ့။ ဘေးမှာ နောက်မှာ ရဲတွေတော့ အများကြီးပါလာသည်။ သို့သော် တိုင်းအရံရဲများ သာ။ သူတို့ကို သင်တန်းတက်နေစဉ် ရုတ်တရက် ခေါ်လာခဲ့ခြင်းဟု သိရသည်။ အားလုံးပင် ဘုမသိ ဘမသိ။ တရားသူကြီးကိုယ်တိုင် ဘုမသိ ဘမသိ။
သို့ဖြင့်ပင် ပြဇာတ်၏ ဒုတိယအပိုင်း ကန့်လန့်ကာကို စတင် ဖွင့်လိုက်ပေတော့သည်။
(ရှစ်)
စပြီဆိုသည်နှင့် တစ်ပြိုင်နက် တရားသူကြီးက နိုင်ငံတော် ကိုယ်စား ရဲသတင်းတပ်ဖွဲ့မှ ဒုရဲအုပ်စန်းဦး စွဲဆိုတင်ပြလာသည့် အမှုကို ရုံးတော်က လက်ခံလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။
မနေ့က စာရင်းတင်ခဲ့သည့် အစိုးရသက်သေ ၁၀ ဦးအနက် ထောင်မှူးနှစ်ဦးနှင့် အခင်းဖြစ်စဉ်က တိုက်တာဝန်ကျဝန်ထမ်း တစ်ဦး စုစုပေါင်းသုံးဦးတို့မှာ မပါတော့။ ဘယ်အချိန်က ဘယ်လို ပယ်ဖျက်လိုက်ခဲ့သည်ကိုလည်း မသိရ။ ကျွန်တော်တို့ စွပ်စွဲခံရသူ တွေကို စစ်မေးခြင်းလည်း လုံးဝမရှိ။ ကျွန်တော်တို့ကိုယ်စား ကျွန် တော်တို့ကိုယ်တိုင်ပင် လျှောက်လဲရမည်ဖြစ်သော စွဲချက်တင် သင့်၊ မတင်သင့်ဆိုသည့် ကဏ္ဍလည်း လုံးဝမရှိ။ အမှုကိုတော့ တောင်ငူခရိုင် အထူးတရားရုံးမှ လက်ခံလိုက်ပြီဟု ဆိုသည်။ ပြီး တော့မှ မနေ့က စစ်မေးခဲ့သမျှ လိုပြသက်သေများအနက် ပြန် လည် မေးမြန်းလိုသောသူများ ရှိ၊ မရှိကို မေးသည်။
ကျွန်တော်က အစိုးရရှေ့နေဖြစ်သည့် ဦးစိုးလွင်နှင့် ဦးသိန်း ဇော်တို့ဘက်ကို လှည့်ပြီး “အေးဗျာ Final Judgement ကို ကျွန်တော်တို့ သိပြီးပါပြီ။ ဒါပေမဲ့ အခွင့်ရှိသလောက်တော့ လုပ်ရ ဦးမှာပေါ့လေ” ဟု ပြောလိုက်သည်။
ကျွန်တော်က ထောင်ပိုင်ကြီးနှင့် စစ်ကြောရေးအဖွဲ့၏ ကြီး ကြပ်ရေးမှူး ဖြစ်သည့် S.B ဒုရဲမှူးကြီး ဦးလှထွန်းကို ပြန်ခေါ် လိုက်လေသည်။
ထောင်ပိုင်ကြီးအား ထိုညနေက သေနတ်ဖောက်ဟန့်တား ခဲ့ပြီးနောက် ဆက်လုပ်ခဲ့သည်များကို မေး၍ ထိုညက ရဲနှင့် ထောက်လှမ်းရေးများကို ခေါ်သွင်းလာကာ ကျွန်တော်တို့ကို အထူးရှာဖွေရေး လုပ်ခဲ့သည်။ ကျွန်တော့်ဒဏ်ရာအတွက် အလေးအနက် အရေးတယူကား မရှိခဲ့။ ထိုအချိန်မှသည် ယခု နောက်ဆုံးတိုင်အောင် မရှိခဲ့။ အထိုးအကြိတ်ခံရသူ၏ နစ်နာမှု အတွက် အခုထိ တစ်စုံတစ်ရာ တာဝန်ယူမှုလည်း မရှိခဲ့ကြောင်း။ ဤသည်ကပင်လျှင် ကျွန်တော့်အပေါ် အငြှိုးအတေးတစ်စုံတစ် ရာ ရှိနေသည်ဖြစ်ကြောင်း ပေါ်လွင်အောင် မေးခဲ့သည်။ ပြီးတော့ သေနတ်ဖောက်သည့် အဖြစ်မှာ ထောင်ပိုင်၏ စိုးရိမ်မှုသာ ဖြစ် ကြောင်းတို့ကို ထပ်မံထင်ရှားစေခဲ့သည်။ S.B ဒုရဲမှူးကြီးအား လည်း ထောင်အတွင်းမှာ နိုင်ငံရေးလုပ် အုပ်စုဖွဲ့သည်ဆိုခြင်းနှင့် ပတ်သက်ပြီး အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ထင်မြင် ယူဆချက် သက်သက်သာ ဖြစ်လျက် ပုဒ်မ ၁၀(က) အချုပ်ခံဘဝ မှ ထောင်ကျစေရန် ရည်ရွယ်ခြင်း ရှိ၊ မရှိကို သွယ်ဝိုက်မေးမြန်းခဲ့ ပေသည်။
အခြားသူများကတော့ မည်သူ့ကိုမျှ ပြန်မခေါ်ကြတော့ပေ။
ကျွန်တော့်မှာလည်း တက္ကသိုလ်မှာ တတိယနှစ်အထိ ဥပဒေသင်တန်းတက်ခဲ့ဖူးသော မတောက်တခေါက်ကလေးနှင့် လုပ်ငန်းခွင်အတွင်း ရရှိခဲ့လေသမျှ ဗဟုသုတအတိုအစလေးများ ကိုသာ အသုံးချနိုင်သည်ဖြစ်ရာ တကယ်ဆိုလျှင် ဘာမှ ထိရောက် လှမည် မဟုတ်သည်မှာ သေချာလှပေသည်။ စိတ်ထဲတွင်တော့ခါင်းပေါင်းပေါင်းထားတဲ့ စစ်ခုံရုံး ဆိုသည်ကို သတိရလျက် တရားသူကြီးအား ဤဇာတ်ထုပ်၏ မင်းသားကြီးတစ်လက်အသွင် ဖြင့်သာ မြင်ယောင်လျက်။
(ကိုး)
“ဗမာလူမျိုး၊ ဗုဒ္ဓဘာသာပဲလား”
“ဗမာလူမျိုး ဟုတ်ပါတယ်။ ဘာသာကိုးကွယ်မှုတော့ မရှိ ပါဘူး”
“ဒါဆိုရင် ကျမ်းကျိန်စရာ မလိုဘူးပေါ့လေ”
ကျမ်းထုပ်ကို မကိုင်ဘဲ ကတိသစ္စာပြု၍သာလျှင် ကျွန် တော် စတင်အစစ်ခံခဲ့ပါသည်။ ဤသည်မှာ ကိုယ်ပိုင်စစ်ပင် ဖြစ်ရ မည်ဟု ထင်သည်။ တရားသူကြီးကတော့ ကိုယ်တိုင်အစစ်ခံဖို့ဟု လည်း ပြော၊ ခင်ဗျားမှာ အပြစ်မရှိကြောင်း ထုချေဖို့ပါပဲဟုလည်း ပြောနေသည်။ စိတ်ထဲမှာ မရှင်းလှ။ နောက်မှပဲ ရှင်းအောင်လုပ် တော့မည်ဟု အောက်မေ့ကာ ကျွန်တော့်ရပ်တည်မှုကိုသာ ပြော ပြခဲ့သည်။
“ကျွန်တော်ဟာ မတရားသင်းပုဒ်မ ၁၇(၂)နဲ့ ထောင်ချခံခဲ့ ရပြီးတဲ့နောက် ထောင်ထဲမှာ ဆုမှတ်ရက်တစ်ရက်မှ မရရှိဘဲ ၁၀ နှစ်တင်းတင်း နေခဲ့ရာက လွတ်ရက်စေ့သည့်တိုင်အောင် လွှတ် မပေးဘဲ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးမယ်လို့ ထင်မြင်ယူဆ ချက်နဲ့ ပုဒ်မ ၁၀(က)တပ်ပြီး ဆက်လက်ထိန်းသိမ်းခံထားရသူ ဖြစ်ပါတယ်။ တောင်ငူထောင် ၃ တိုက်မှာ အခြား အကျဉ်းသား ၁၇ ယောက်တို့နဲ့ အတူနေရပါတယ်။ အခုလက်ရှိအချိန်မှာ နိုင်ငံ ရေးကြောင့် ထောင်ထဲရောက်နေကြရတဲ့ အကျဉ်းသားအားလုံး ဟာ ထောင်လက်စွဲဥပဒေအရ မုချရကြရမှာဖြစ်တဲ့ ဆုမှတ်ရက် ကို ခံစားခွင့်မရှိကြတော့ပါဘူး။ ပြီးတော့ အားလုံးဟာ နှစ်ရှည် ထောင်ကျခံနေရသူများလည်း ဖြစ်တဲ့အလျောက် ထောင်ဒဏ်ပိ ပြီး မွန်းကျပ်ြွကပ်ဆတ်နေကြတာလည်း အမှန် ဖြစ်ပါတယ်။ ဒါ့ အပြင် အသက်အရွယ်၊ အတွေ့အကြုံဖြတ်သန်းမှု၊ အဖွဲ့အစည်း နောက်ခံ၊ ကိုယ်ပိုင်အယူအဆ စသည်များမှာ မတူခြားနားကြတဲ့ အလျောက် မကြာခဏဆိုသလို မလိုလားအပ်တဲ့ အငြင်းပွားမှု တွေ၊ ပဋိပက္ခတွေလည်း ဖြစ်ပွားရလေ့ရှိတတ်ကြပါတယ်။ မိသားစု တစ်စုအတွင်း ညီအစ်ကိုအချင်းချင်း ဖြစ်ကြတာမျိုးတွေပါပဲ။ အခု စက်တင်ဘာ ၂၈ ရက် ညနေက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဆိုရင်လည်း ဒီလို အလားတူဖြစ်ရပ်မျိုးထဲက တစ်ခုမျှသာ ဖြစ်ပါ တယ်။ ဘာမှ အဆန်းတကြယ်ကိစ္စ မဟုတ်ပါဘူး။ ဒါကို ထောင်ပိုင် ကြီးက အစိုးရိမ်လွန်ကဲပြီး သေနတ်ဖောက်လိုက်တဲ့အတွက် ကြောင့်သာလျှင် ပြဿနာဟာ ရုံးရောက်၊ ဂါတ်ရောက်သည်အထိ ကြီးကျယ်နေရခြင်းသာ ဖြစ်ပါတယ်”
ထောင်တွင်းကိစ္စဖြစ်လို့ အကယ်၍ အပြစ်ရှိလျှင် တောင် ထောင်တွင်းပြစ်ဒဏ်မျှဖြင့်သာ ထိုက်တန်ကြောင်း ပြောဦး မည်ဟု စိတ်ကူးမိသေးသော်လည်း ပြောလည်း ထူးမှာ မဟုတ်ဟု ချက်ချင်း အတွေးဝင်ကာ လက်တွေ့တွင် မပြောဖြစ်ခဲ့ပေ။ ကျွန်တော်ပြောနေစဉ် တရားသူကြီးက “ခင်ဗျားမှာ အပြစ် မရှိ ကြောင်းသာ ပြောပါ”ဟု ဖြတ်ပြောနေသည်ကိုတော့ “ဒါ လျှောက်လဲချက်ပေးရမှာလား”ဟု ပြန်ပက်ဖြစ်ခဲ့သည်။
ထို့နောက် အစိုးရရှေ့နေက ကျွန်တော့်အား “မည်သူထိုး သလဲ”ဟု မေးလျှင် “ဦးအောင်နိုင်၊ ဇော်ထူးနှင့် ကျော်အေးနိုင်” ဟု ပြန်ဖြေလျက် “ဦးအောင်နိုင်ဆိုရင် နှလုံးရောဂါရှိသူ ဖြစ်တဲ့ အတွက်…”လို့ ဆက်အပြောမှာ တရားသူကြီးက လက်ကာပြခဲ့ သည်။ “ခင်ဗျားဘက်ကရော ဘယ်သူတွေ ကူသလဲ” ဆိုလျှင် “မသိပါ။ ဖျန်ဖြေကြတာတော့ ရှိမည်ထင်သည်”ဟု ဖြေခဲ့သည်။
“ထောင်ပိုင်က နှုတ်နဲ့ အရင်တားပြီးမှ ပစ်တာလား၊ ပစ်ပြီး မှ တားတာလား”
“ထောင်ပိုင်ကိုယ်တိုင်သာ အသိဆုံးဖြစ်မယ် ထင်ပါတယ်”
“သေနတ်သံကြောင့် လူတွေ ထိတ်လန့်ချောက်ချားစေ မယ်လို့ ထင်သလား”
တရားသူကြီးဘက်လှည့်ကာ “ကျွန်တော်လည်း Expert မဟုတ်ဘူးနော်” ဟု ပြောလျက်…
“စိတ်ဝင်စားစရာတော့ ဖြစ်ကြလိမ့်မယ် ထင်ပါတယ်”
“ခင်ဗျားပတ်ဝန်းကျင်မှာ လူဘယ်လောက်များသလဲ”
“ဝန်ထမ်းတွေနဲ့ ရှုပ်နေတယ်။ ပြီးတော့ ကျွန်တော်လည်း မူးနောက်နေတယ်။ မသိဘူး။ မခန့်မှန်းတတ်ပါဘူး”ဟုပင် ဖြေ ဖြစ်ခဲ့ပါသည်။ ကျွန်တော်၏ အစစ်ခံချက်အပေါ် မည်သူကမျှ ပြန် လှန်မေးခွန်းထုတ်ခြင်းလည်း မရှိ။ အခြားရဲဘော်များမှာလည်း ကျွန်တော်ကဲ့သို့ပင် ထူးထူးခြားခြား မရှိလှ။ မည်သူ့အပေါ်မှ အပြစ်ပုံချခြင်း မရှိခဲ့ကြပေ။ ယင်းတို့အားလည်း မည်သူကမှ ပြန် လှန်မေးခွန်းထုတ်ခြင်း မရှိခဲ့ကြ။ သို့သော် မင်းဟန်အလှည့်တွင် တော့ “ကျွန်တော်ဟာ ကွန်မြူနစ်ဝါဒကို လက်မခံပေမယ့် ကွန် မြူနစ်ကို တူးတူးခါးခါး ဆန့်ကျင်နေသူလည်း မဟုတ်ပါဘူး”ဟု အစချီလျက် ကျွန်တော်က တက်ခေါက်လိုက်သည်ကို ဦးအောင် နိုင်က လိုက်မေးခဲ့သည်ဟု ပြောင်းပြန်တစ်ခု ထည့်ပြောခဲ့ပေ သည်။ ကျွန်တော်လည်း မသိသားဆိုးဝါးလှသူအပေါ် စိတ်မတို ရက်တော့လောက်အောင်ပင် စိတ်မောလျက် အသာနားထောင် နေခဲ့သည်။ သို့သော် ဤစကားကိုပင် အောင်နိုင်ကြီးက ထပ်ပြော ရုံသာမက ကျွန်တော်က စတင်ထိုးသည်ဟူ၍ပါ ပြောလာပြန် သည့်အခါတွင်တော့ တရားခွင်မှာ ဇာတ်လမ်းတွေ ထပ်မရှုပ်စေရ အောင် လုပ်မှ ဖြစ်တော့မည်ဟု အကြံရှိလျက် ကျွန်တော် တက် ခေါက်လိုက်တယ်ဆိုတာ ဟုတ်၊ မဟုတ်နှင့် စထိုးသည်မှာ ဟုတ်၊ မဟုတ် မေးခဲ့သည်။ သူကလည်း ပြောမြဲအတိုင်းပင် မျက်နှာ ပြောင်တိုက်ခဲ့ပေသည်။ သို့ဖြင့် “ဘယ်နားများ ထိသွားသလဲ” ဆိုတော့ ရင်ဘတ်ကို ထိုးပြပြီး “သိပ်တော့ မနာပါဘူး”ဟုပင် ဆို သေးသည်။ သူ့မှာ အသက် ၆၀ ကျော်ပြီဖြစ်၍ ကျန်းမာရေးလည်း မကောင်းကြောင်း၊ ကိုကျော်ကျော်၊ ကိုဌေးနှင့် အခြားသူများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း ငိုချင်းပင် ချလိုက်ချေသေးသည်။ ကျမ်းစာထုပ်ကိုင် ကျိန်တွယ်ပြီးမှ ဗြောင်လိမ်နေသည်ကို အူယား လှသော်လည်း စိတ်ကို ဇွတ်ပင် လျှော့၍ ထားလိုက်ရပါသည်။
ဇော်ထူး၊ ကျော်အေးနိုင်နှင့် မောင်ဖြိုးတို့ကလည်း ကျွန် တော်နှင့် အောင်နိုင်ကြီးတို့ ထွေးလုံးနေသည်ကို မြင်သဖြင့် အပြေးရောက်လာကာ ဖျန်ဖြေကြစဉ်မှာ သူတို့သာလျှင် ဝိုင်းဝန်း ထိုးကြိတ်ခံရသဖြင့် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပေသည်။ ကျွန်တော်က စထိုးသည်ဟူ၍တော့ မည်သူမျှ မပြောရဲကြတော့ပေ။
သို့ဖြင့် တရားခွင် ခဏနားကာ ထမင်းစားချိန် ပေးလိုက်ခဲ့ ပေသည်။
(တစ်ဆယ်)
နေ့လယ်ပိုင်း ပြန်စချိန်တွင် ကျွန်တော်တို့ဘက်မှ သက် သေအဖြစ် တင်ပြလိုသူများ ရှိ၊ မရှိက စမေးသည်။
သားကြီးမှတစ်ပါး အားလုံးပင် မရှိကြောင်း ဖြေခဲ့ကြသည်။
သားကြီးကမူ ထောင်မှူး ဦးမြင့်ဆွေနှင့် ဆေးရုံတွင် လုပ် အားပေးနေသူ ၁ စ/က ရဲဘော် ကိုမြတ်စံကို သက်သေခေါ်ကာ အခင်းဖြစ်ပွားချိန်တွင် ယင်းတို့နှင့်အတူ ၁ တိုက်တွင် သူ ရောက်ရှိ နေခဲ့ပြီး အခင်းဖြစ်ပြီးနောက်ကျမှသာ သူ ရောက်ရှိလာခဲ့ကြောင်း သက်သေထူခဲ့သည်။
ထို့နောက် စီရင်ချက်ချမည်အပြုတွင် ကျွန်တော်က ကျွန် တော်တို့အနေဖြင့် နောက်ဆုံး လျှောက်လဲချက် (Final Argument) ပေးခွင့် ရှိ၊ မရှိ မေးလိုက်ရာ တရားသူကြီးက တရားရုံး လုပ်ထုံးကို မိမိတို့ ကျော်လွှားမည် မဟုတ်ပါဆိုပြီး “ကဲ၊ ပြော ပါလေ။ ကျွန်တော် သေသေချာချာ မှတ်ပါမယ်”ဟု ဆိုသည်။ ကျွန်တော်က…
“ချက်ချင်းကြီးတော့ ဘယ်အသင့်ရှိမလဲဗျာ”
“ဒါဆိုရင် ဘယ်လောက် အချိန်လိုချင်သလဲ”
“တစ်ည (One Night ) “
“ဟာ၊ အဲဒီလောက်တော့ မရဘူးဗျ။ ခဏပဲ ရမယ်”
“ဒါဆိုရင် ျွနူထေ တော့ နည်းနည်းပေးဦးမှ ဖြစ်မှာပေါ့”
“ရပါတယ်၊ ရပါတယ်။ စိတ်အေးလက်အေး လွတ်လွတ် လပ်လပ် နားနေကြပါလေ။ ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေ။ ဒါ ဟာ တရားခွင်ဖြစ်ပါတယ်။ နိုင်ငံရေးစင်မြင့် မဟုတ်ပါဘူး”
တရားသူကြီး ထွက်အသွားမှာ S.B ရဲအုပ် I.O အေးသိန်း ဝင်လာလျက် အားလုံးကို အအေးမှာတိုက်ခဲ့ပါသည်။ ပြီးတော့ မောင်ဖြိုးတို့နှင့် စကားရောဖောရောလုပ်ကာ “အေးလေကွာ၊ ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် ဖြစ်သွားတာပဲပေါ့” ဟု ဆိုသည်။ ကျွန်တော့်မှာမူကား အာရုံကို မည်သို့မျှ စုစည်း၍ မရ။
ခဏကြာတော့ တရားသူကြီး ပြန်ဝင်လာခဲ့သည်။
“ကဲ၊ ဦးကျော်မြကပဲ စလိုက်ပေါ့ဗျာ။ ခင်ဗျားက Law Student ဖြစ်ဖူးတာဆိုတော့ ခင်ဗျားက စရမှာပါပဲ”
ကျွန်တော် မတ်တတ်ထရပ်ကာ ခဏ ငြိမ်သက်စဉ်းစား လျက်…
“တရားသူကြီးမင်းခင်ဗျာ” ဟု အစချီကာ ကိုယ်တိုင်အစစ် ခံစဉ်က ပြောခဲ့သည်ကိုပင် ထပ်ပြောပြီး ထောင်အတွင်း အုပ်စုဖွဲ့ သည်ဆိုခြင်းနှင့် ပတ်သက်၍ S.B ထွက်ချက်အရပင်လျှင် ပျက် ပြယ်ပြီးဖြစ်ကြောင်းနှင့် ကျွန်တော့်မှာ စတင်ပြုလုပ်သူလည်း မဟုတ်၊ တုံ့ပြန်ခဲ့သူလည်း မဟုတ်၊ ယုတ်စွအဆုံး ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကိုပင်လျှင် သုံးခဲ့သူ မဟုတ်။ မွေးရာပါ သွားနှစ်ချောင်း အဆုံးခံရ၊ သွေးထွက်သံယို ဒဏ်ရာရခဲ့ရသည်သာ ဖြစ်၍ အပြစ် ရှိသည်ဟု ပြောစရာ အကြောင်းမရှိ။ ထောင်အတွင်းနှင့် အနီး အပါးမှ လူများ အထိတ်တလန့် ဖြစ်စေခဲ့သည်ဟု ဆိုလျှင်လည်း ဤသည်မှာ ထိုသို့ ခိုက်ရန်ဖြစ်ခြင်းကြောင့် မဖြစ်နိုင်၊ ထောင်ပိုင် က သေနတ်ဖောက်ခြင်းကြောင့်သာ ဖြစ်ကောင်းဖြစ်နိုင်မည် ဖြစ် သည်။ ဤသို့ သေနတ်ပစ်ဖောက်ရခြင်းနှင့် ပတ်သက်၍လည်း ထောင်ပိုင်ကိုယ်တိုင်ကပင် စိတ်လှုပ်ရှားပူပန်ခြင်းကြောင့် ပစ် ဖောက်မိသည့်အဖြစ်ကို ဝန်ခံခဲ့ပြီး ဖြစ်ပေရာ ဤအတွက် ကျွန် တော်အပါအဝင် မည်သည့်အကျဉ်းသားနှင့်မှ မဆိုင်၊ ထောင်ပိုင် ကြီးတွင်သာလျှင် တာဝန်ရှိမည်ဖြစ်သည်ဟု အတိအလင်း ပြော ဆိုခဲ့သည်။
ထို့နောက် ထောင်အုပ်ချုပ်ရေးစနစ်၏ လက်ရိုးနည်းဖြစ် သောDivide and Ruleခေါ် သွေးခွဲအုပ်ချုပ်ပုံကို ပြောဦးမည် ဟု ကြံမိသော်လည်း မပြောဖြစ်တော့ဘဲ…
“တရားသူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးနှောင့်ယှက်လိမ့်မယ်လို့ ထင်မြင်ယူဆပြီး လက်ရှိအစိုးရက ပုဒ်မ ၁၀(က)နဲ့ ချုပ်နှောင်ခံနေရသူ ဖြစ်ပါ တယ်။ အခုလို သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စကလေးကနေပြီး ပုဒ်မ ၅(ဃ)နဲ့ တရားစွဲဆိုခံရတဲ့အထိ ပြဿနာကို ကြီးကျယ်စေတဲ့ အကြောင်းရင်းထဲမှာ ဒီမူလအခံ ထင်မြင်ချက်ဟာလည်း အရေး ပါနေပါတယ်။ ရှင်းရှင်းပြောရရင် ဒီထင်မြင်ချက်ရဲ့ အကျိုးဆက် အဖြစ်သာလျှင် ဖြစ်ပါတယ်”ဟု ပြောဆိုလျက်။ နောက်ဆုံးတွင်…
“တရားသူကြီးမင်းခင်ဗျာ၊ တရားဥပဒေဆိုတာဟာ အမှန် တရားရဲ့ စံချိန် စံထားချက်ပဲ ဖြစ်ပါတယ်။ တရားသူကြီးမင်းအနေ နဲ့ အလေးအနက် အသေအချာ လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ ဥပဒေနဲ့အညီသာလျှင် မျှမျှတတ မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ် မယ်လို့ မျှော်လင့်မိပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုပါတယ်” ဟူ၍ စကားလက်စသတ်ခဲ့လိုက်ပေသည်။
ထို့နောက် ရဲဘော်သန်းနိုင်က ထိုးကြိတ်ရာမှာ သူမရှိ။ သူ မပါ၍ အပြစ်မရှိဟုသာ တိုတိုပြောလျက် ဘိုဘိုဟန်ကမူကား “ဒါဟာ နိုင်ငံရေးအရ လုပ်ကြံတာသက်သက်သာ ဖြစ်တယ်”ဟု တဲ့တိုးပင် ပြောချခဲ့လိုက်သည်။ ဘိုလူးကလည်း အခင်းဖြစ်နေစဉ် ထိုနေရာတွင် သူမရှိ။ သူရောက်သည့်အခါမှာ ပွဲက ပြီးနေပြီဖြစ် ကြောင်း၊ အပြစ်မရှိကြောင်း ထုချေလျက် သားကြီးကလည်း ထို့ အတူပင် အပြစ်မရှိကြောင်း ပြောကာ မင်းဟန်၊ အောင်နိုင်၊ ဇော် ထူး၊ ကျော်အေးနိုင်နှင့် ဖြိုးမင်းသိန်းတို့ကလည်း သူတို့ပြောခဲ့ သည်ကိုပင် ခပ်တိုတို ထပ်ပြောကာ အပြစ်မရှိကြောင်း ပြောခဲ့ သည်။ အားလုံး၏ စကားထဲတွင် တူညီနေသည်ကတော့ ထောင် ပိုင် သေနတ်ဖောက်လို့သာလျှင် အထိတ်တလန့်ဖြစ်စရာ ဖြစ်ခဲ့ရ ကြောင်း တူညီနေပေသည်။
(တစ်ဆယ့်တစ်)
စီရင်ချက်မချမီ ခဏအနားပေးချိန်တွင် မင်းဟန်နှင့် ဖြိုး မင်းသိန်းတို့နှစ်ယောက် ကျွန်တော်နှင့် ကိုသန်းနိုင်တို့ရှေ့တွင် လာထိုင်ကာ စကားရောဖောရော လာလုပ်ခဲ့သည်ကို ခပ်ငေးငေး သာ ပြန်ကြည့်ကာ ကျွန်တော် မျက်စိမှိတ်ထားခဲ့လိုက်သည်။ ရဲ ဘော်သန်းနိုင်ကလည်း ဘာမှ ပြန်မပြောခဲ့။
ဒင်းတို့ မိုက်ပြစ်အတွက် မတန်တဆ ပေးဆပ်ရတော့မည် ကို အမှန်ပင် သနားမိသော်လည်း ဤမျှအထိ မိုက်လုံးကြီးခဲ့သည် ကိုတော့ ဤမျှလောက်နှင့် ခွင့်လွှတ်ရန် မသင့်ဟု ကျွန်တော် ထင် သည်။ နောင်တွင် အားလုံးအတွက် စံနမူနာ ဖြစ်စေရန်မှာ ယင်းတို့ ကိုယ်တိုင် မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်ပြုပြင်ပြီး အတိအကျ တာဝန်ယူကြမှသာ ဖြစ်ပေမည်။ ထို့ပြင် ကျွန်တော်တို့အနေဖြင့် ယခင်ကလည်း ဘာသိဘာသာ အလျှော့ပေးခဲ့၊ ခွင့်လွှတ်ခဲ့သည် တို့ များလှပြီ ဖြစ်ပေရာ ယခုအကြိမ်တွင်တော့ ဤမျှနှင့် ကျေနပ် ၍ မဖြစ်နိုင်တော့ပေ။ သူတို့ကိုယ်တိုင် တာဝန်သိသိ ဝန်ချတောင်း ပန်မှ ပိုလည်း လိုအပ်မည်ဖြစ်သည်။
ထို့ပြင်လည်း ဤကိစ္စကြီး တစ်ခုလုံးအတွက် နိုင်ငံရေးအရ တာဝန်ရှိသူ ဖြစ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်ဆိုသူ၊ လွှတ်တော်ကိုယ် စားလှယ်ဆိုသူ၊ မဆလသတင်းစာဆရာဟောင်းအနေဖြင့် နိုင်ငံ ရေးအရ အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ပါတီကြီးဝါဒကို ဆန့်ကျင်လျက် မည်သည့် ဒီမိုကရေစီအင်အားစု၊ ပုဂ္ဂိုလ်အပေါ်တွင်မဆို တန်းတူရည်တူ အပြန်အလှန် လေးစား ဆက်ဆံရန်၊ နိုင်ငံရေးအရ ကွဲလွဲချက်ရှိလျှင်လည်း အင်အားမသုံး၊ အကောက်မကြံ၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးအရသာလျှင် ငြိမ်း ချမ်းညင်သာ လွတ်လပ်စွာ ဖြေရှင်းရန်၊ မိမိတို့ကြောင့် အများစု အကျိုး၊ ဘုံအကျိုးကို မနစ်နာစေရန်တို့ကို တိတိကျကျ လက်တွေ့ တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပေသည်။
ဤသို့မဟုတ်သမျှ ကာလပတ်လုံး ဒင်းတို့လူသိုက်အတွက် အထိုက်တန်ဆုံးသော အရာမှာ ဥပေက္ခာတရားသာလျှင် ဖြစ်ပေ လိမ့်မည်။
ကျွန်တော်တို့အနေဖြင့် အထက်ပါအချက်များကို မဆောင် ရွက်သမျှ ကာလပတ်လုံး ယင်းတို့နှင့် ဆက်ဆံရေးမှန်သမျှ ဖြတ် တောက်ရပ်ဆိုင်းကာ သတိမပြတ် အကဲခတ် စောင့်ကြည့်နေရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပေသည်။
(တစ်ဆယ့်နှစ်)
အံ့ဩဖို့လည်း ကောင်းသည်။
နာကြည်းဖို့လည်း ကောင်းသည်။
ကြေကွဲဖို့လည်း ကောင်းပေသည်။
တိုင်းပြည်က ၂၅ နှစ်ကျော် လုံးပန်းတိုက်ခိုက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သောအခါ အသစ်စက်စက် ထောင်ကျအကျဉ်းသားအဖြစ် ပြစ်ဒဏ်တိုက်ထဲ ရောက်နေသည် ကို တွေ့ရလေသည်။
ကျွန်တော်တို့ မည်သို့ပင် ပြောကြဆိုကြစေကာမူ ကျွန် တော်တို့မှာ ဥပဒေပါ အခွင့်အရေးများကို ပေးကား ပေး၏ မရ။ အကျိုးခံစားခွင့် မရှိ။ ဆယ်ယောက်စလုံးပင် ၇ နှစ်စီ ထောင်ချခံခဲ့ ကြရသည်။
“ထောင်ပိုင်ကြီးကိုယ်တိုင် သေနတ်နှစ်ချက် ပစ်ဖောက် ဟန့်တားရသည်အထိ ဖြစ်ပွားခဲ့သော ဤရုန်းရင်းဆန်ခတ်ဖြစ်မှု တွင် ကျွန်တော်တို့ ဆယ်ယောက်စလုံး (အခြားအကျဉ်းသား ၁၅ ဦးခန့်နှင့်အတူ) ရှိနေခဲ့ကြ။ အပြန်အလှန် ထိုးကြိတ်နေခဲ့ကြခြင်း ကြောင့် ပုဒ်မ ၅(ဃ) မြောက်သည်” ဟု ဆိုကာ ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။ ထောင်ပိုင်မှာမူကား အကျဉ်းထောင်လက်စွဲဥပဒေအရ လုပ်ခြင်းသာ ဖြစ်၍ အပြစ်မရှိဟု စီရင်ချက်က ဆိုပေသည်။ ထိုမျှသာမက ကျွန်တော်တို့မှာ ထောင်က ထပ်ဆင့်နှင်း အပ်သည့် ထောင်တွင်းပြစ်ဒဏ်အဖြစ် (ကြိုးသမားသုံးဦးနှင့် အတူ) တိုက်ပိတ်ခံရ၊ ထောင်ဝင်စာဧည့်တွေ့ အပိတ်ခံရ၊ ပါဆယ် သွင်းယူခွင့်ပင်လျှင် အပိတ်ခံရ၊ ပတ်ဝန်းကျင်အားလုံးနှင့်လည်း အဆက်ဖြတ်ခံနေကြရပေသေးသည်။ ရေချိုးချလျှင်ပင် ဝန်ထမ်း ၃၀ ခန့်က တိုက်တစ်ခုလုံးကို ဝိုင်းထားကာ တစ်ခန်းပြီးမှ တစ်ခန်း ၁၅ မိနစ်စီသာ ခွင့်ပြုချိန် ရပေသည်။
သန့်သန့်ရှင်းရှင်း ကျုပ်ပေးသွင်းခဲ့
လာခြင်းဘာမဆို
လက်ခံကြိုမယ်
သီတင်းကျွတ်လပြည့် အခါနီးပြီ ဖြစ်သော်လည်း လရောင် က မဖြာသေး။ မိုးအကုန် ဆောင်းအကူး ရာသီရူးမှာ အိုက်လှောင် လျက်။ သံတိုင်ကြားက ကောင်းကင်မှာ မည်းသွေ့သွေ့ အုံပြက် ပြက် ရှိနေသည်။ ကျွန်တော့်စိတ်ထဲမှာ လေထီးဦးအုန်းမောင်၏ နောက်ဆုံးစကားကို (ဦး)အံ့မောင်ရေးခဲ့ဖူးသည့် ကဗျာတစ်စသာ ပဲ့တင်ထပ်လျက် ရှိတော့သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ လိပ်ပြာသန့်တယ်ဗျို့”
ရဲဘော်သန်းနိုင်က ကျွန်တော့်ဘက် လှည့်ကြည့်ကာ ခေါင်းညိတ်သည်။ ဘိုဘိုဟန်ကတော့ အခန်းတွင်းမှာပင် ခေါက် တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း…
“အေးလေ၊ ဒီခေတ်ထဲမှာ ဒါမျိုးဖြစ်တာ မဆန်းပါဘူး။ ဟို တလောက ဖြစ်ခဲ့တဲ့ ကုလားတွေ၊ ဘုန်းကြီးတွေ ကိစ္စကိုကြည့်၊ ကျွန်တော်တို့လိုပဲ ထောင်ထဲမှာတင် ခုံရုံးဖွင့်ပြီး ချခဲ့တာ။ ကျ လိုက်ကြတာမှ ၇ နှစ်ကနေ အနှစ် ၂၀ ကျော်တဲ့အထိ။ တချို့ ပြောက်ကျားဒေသက လူတွေဆို ရုံးပြင်ကန္နားတောင်မှ မရောက် ဘဲ လမ်းမှာတင် ဖြစ်ချင်သလို ဖြစ်ကြရတာပဲ။ ကျွန်တော်တို့က သူတို့ထက်စာရင် သက်သာပါတယ်။ ခံပျော်တယ်ပဲ ဆိုရမှာပေါ့”
အသက် ၃၅ နှစ်သာ ရှိသေးသည့် လူရွယ်လေး၏ မျက်နှာ မှာ တည်ငြိမ်လေးနက်နေပါသည်။ ကျွန်တော်တို့ သုံးယောက် စလုံးပင် ၁၀(က)ဘဝမှ နေ့ချင်းညချင်း စုတေခဲ့ကြသူများ ဖြစ် ကြသည်။
မှတ်ချက်။ ။
(၁) ဒီဝတ္ထုဟာ ဝတ္ထုအသွင်ရေးထားတဲ့ အဖြစ်မှန်မှတ်တမ်း ဖြစ်ပါတယ်။
(၂) ကျွန်တော့်ဆန္ဒနဲ့ ကျွန်တော် ရေးတာ ဖြစ်တဲ့အတွက် ကျွန်တော့် အကြောင်း ကျွန်တော့်အမြင်တွေသာ အဓိကလို ဖြစ်နေတာကိုတော့ နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။
(၃) သို့သော် အဖြစ်အပျက်နဲ့ အချက်အလက်အားလုံး ရာနှုန်းပြည့် မှန်ကန် ခိုင်မာကြောင်းကိုတော့ သက်သေခံနိုင်သူ အများအပြား ရှိပြီး ဖြစ်ပါ တယ်။
(၄) ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ မင်းဟန်ဟာ ယမုံနာစာပေက ဦးဖိုးဟန်ရဲ့ သား ဖြစ်ပါတယ်။ မောင်ဖြိုးကတော့ ၁၉၉၀ အောက် ဗကသအတွင်းရေးမှူး အဖွဲ့ဝင် ဖြိုးမင်းသိန်းဖြစ်ပြီး ကျော်အေးနိုင်က ၂၀ဝ၀ ပြည့်မှာမှ ထောင်ကျလာတဲ့ NLD (စမ်းချောင်း)အဖွဲ့ဝင်တစ်ဦး၊ ဇော်ထူးက ၁၉၈၈ တောင်ဥက္ကလာ စံပြရပ်ကွက် အရေးအခင်းက လူသတ်မှုနဲ့ သေ ဒဏ်ကျခံရသူ ဖြစ်ကာ အောင်နိုင်ကြီး ဆိုတာက ဦးအောင်နိုင်(ခ)ဦးအောင်လှိုင် (အလုံ၊ အရေးအခင်း လူသတ်မှု)ဖြစ်ပါတယ်။ ဒီသုံး ယောက်စလုံးဟာ တောင်ငူထောင် NLD အစုအဖွဲ့ ဆိုတာမှာ တာဝန် ကြီးတွေ ရယူထားသူများ ဖြစ်ပါတယ်။
ဘိုဘိုဟန်က ၁၉၉၁ နိုဗယ်လ်ကိစ္စနဲ့ ထောင်ကျရတဲ့ R.A.S.U (Physics) ဂုဏ်ထူးတန်းကျောင်းသား၊ ကိုသန်းနိုင်က ၁၉၈၉ CP-U.G ပုဂံသန်းနိုင် ဖြစ်ကာ သားကြီး (ခ) သော်ထွန်းဦးကတော့ ၁၉၉၀ ဒီဇင်ဘာ လှုပ်ရှားမှုနဲ့ ထောင် ခုနစ်နှစ် ကျခဲ့ရတဲ့သူ ဖြစ်ပြီး သူ့ဖခင်က ကိုဗဆွေလေး (တ.က.သ) ဖြစ်ပါတယ်။ ဘိုလူး(ခ) ဌေးဝင်းမှာ ဒဂုံခေါင်းဖြတ်မှု (မခြူး အမှုတွဲ)၊ ဒလရဲစခန်း စီးနင်းမှုတို့နဲ့ သေဒဏ်ကျခဲ့ဖူးသူ ဖြစ်၊ သူလည်း NLD အဖွဲ့ဝင်ပဲ ဖြစ်ပါတယ်။
(၅) ကျွန်တော်တို့ကို အမှုစစ်ခဲ့တဲ့ တရားသူကြီးက ဦးအောင်ကို (ပဲခူး တိုင်း တရားသူကြီး အဆင့် ၁) ဖြစ်ပြီး အစိုးရရှေ့နေများကတော့ ဦးစိုးလွင် (အဆင့် ၁)နဲ့ ဦးသိန်းဇော် (အဆင့် ၃) တို့ပဲ ဖြစ်ကာ အမှုတွဲ နံပါတ်မှာ တောင်ငူခရိုင်တရားရုံး၊ ပြစ်မှုကြီးအမှတ် ၉၀/၂၀ဝ၁ ဟု မှတ်သားမိခဲ့ ရပါတယ်။
အမှုကို တရားလိုအဖြစ် စွဲဆိုသူကတော့ ဒုရဲအုပ်စန်းဦး (S.B) ဖြစ်ပြီး S.B M.I ပူးတွဲစစ်ဆေးရေးအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးကတော့ ဒုရဲမှူးကြီး လှထွန်း ဖြစ်ကာ I.O က ရဲအုပ်အေးသိန်း ဖြစ်ပါတယ်။
ထောင်ပိုင်ကြီးက ဦးကျော်ဝင်း (၃ ပွင့်) ဖြစ်ပါတယ်။
အမှုကို ၂၀ဝ၁ အောက်တိုဘာ ၂၂ ရက်မှာ စတင်ခဲ့ပြီး နောက်တစ်နေ့ ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်မှာ စီရင်ခဲ့ပါတယ်။
(၆) အမိန့်ချပြီးမှသည် ယနေ့ ၁၀.၁၁.၂၀ဝ၁ အထိမှာတော့ ကျွန်တော်တို့ အားလုံးကို ထောင်ဝင်စာပိတ်၊ ပါဆယ်ပိတ်ထားဆဲ ဖြစ်ပါတယ်။
ထောင်ထုံးစံအတိုင်း အတွင်းအယူခံ တင်၊ မတင် လာမေးရာမှာကိုသန်းနိုင်၊ ဘိုဘိုဟန်နဲ့ ကျွန်တော်တို့က တင်မှာ မဟုတ်ကြောင်း၊ သို့သော် မိသားစုနဲ့ တွေ့ဆုံရန် ထောင်ဝင်စာ တွေ့ ခွင့်ကိုတော့ ပြန်ဖွင့်ပေးဖို့ ပြန်ပြော ခဲ့တယ်။ ကျန်ခုနစ်ဦးကတော့ အယူခံတင်မယ်လို့ ထင်ရပါတယ်။
ကျော်မြတ်
၁၀.၁၁.၂၀ဝ၁
တနင်္ဂနွေ။