ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၃ (မော်ကွန်း)
COVID-19 ကပ်ရောဂါစတင်ဖြစ်ပြီးနောက် သုံးနှစ်ခွဲကျော်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတချို့နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက မော်ကွန်းကိုပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ဧည့်တွေ့ခွင့်ပြုလိုက်ပြီလို့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်က အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ဒီနေ့ကနေစပြီး တွေ့လို့ရပြီ။ ဒါပေမယ့်တစ်လမှာ (အကျဉ်းသားတစ်ဦးကိုမိသားစုဝင်)တစ်ယောက်ပဲတွေ့လို့ရတယ်။ တချို့တွေကျတော့လည်း တွေ့တဲ့အချိန်ပိုလိုချင်ရင်ဝန်ထမ်းနဲ့ညှိရတာပေါ့။ အဲဒါကျ တာဝန်ကျတဲ့ ဝန်ထမ်းနဲ့ပဲဆိုင်တာပေါ့” လို့ သူကပြောပါတယ်။
ထောင်ဝင်စာတွေ့မယ့် မိသားစုဝင်တွေအနေနဲ့ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း၊ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားကြောင်းထောက်ခံစာ၊ ရဲစခန်းမှာ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာနဲ့ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာတွေလိုအပ်တယ်လို့ အဲဒီထောင်ဝန်ထမ်းကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ထောက်ခံစာတွေတောင်းတဲ့အပေါ် အခုလိုမှတ်ချက်ပေးပါတယ်။
“ မလွဲမရှောင်သာလို့ ဖွင့်ပေးလင့်ကစား ခုနကအချက်အလက်တွေနဲ့ဆိုတာတော့ အကိုတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်။ ဒါကဖြစ်မှမဖြစ်သင့်တာ။ တကယ့်တကယ်က မိသားစုဝင်ဖြစ်ရင်ရပြီလေဗျာ။ ထောက်ခံစာမူရင်းတွေဘာတွေက တမင်နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော လူသားဂုဏ်သိက္ခာကိုပါညှိုးနွမ်းအောင်လုပ်တာ”
ထောင်ဝင်စာတွေ့ခွင့်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ အကျဉ်းဦးစီးဌာန နေပြည်တော်ရဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လူကြီးမရှိသေးလို့ပါ လို့သာ အကြောင်းပြန်ခဲ့ပါတယ်။
သာယာဝတီထောင်မှာ ထောင်ဒဏ် ၁၀ နှစ်ကျော်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီးဖြစ်သူကတော့ ထောင်ဝင်စာဧည့်တွေ့ခွင့်ရတော့မယ်ဆိုလို့ ဝမ်းသာကြောင်း ပြောပါတယ်။
“သူအမိန့်ချခံရပြီးကတည်းကမတွေ့ရတာ တစ်နှစ်ကျော်ပြီ။ တွေ့ရမယ်ဆိုတော့ ဝမ်းသာတာပေါ့။ အခုသာယာဝတီလည်း လူပေးတွေ့မယ်၊ ၂၄ ရက်နေ့ စမယ်လို့တော့ပြောတယ်။ သူများတွေ သွားတွေ့တဲ့သူတွေစောင့်ကြည့်ဦးမယ်။ တကယ်တွေ့ရတယ်ဆို အစ်မတို့တော့သွားမယ်” လို့ ဆိုပါတယ်။
နိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ က မတ်လကတည်းက ကန့်သတ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၅,၀၀၀ကျော်ဖမ်းဆီးခံထားရပြီး အဲဒီထဲက ရှစ်ထောင်နီးပါးကို ထောင်ဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။
ပုံစာ-အင်းစိန်အကျဉ်းထောင်မှာ အခုနှစ် နှစ်ဆန်းတစ်ရက်က အကျဉ်းသားတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့မြင်ကွင်း။
ဓာတ်ပုံ-mawkun

