ရန်ကုန် – ၂၀၂၄ မတ် ၂၂ (မော်ကွန်း)
ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် မြဝတီမြို့ကိုသွားတဲ့ ထို့ကော်ကိုးလမ်း ပိတ်မယ့်သတင်းတွေဟာ ကောလာဟလတွေပဲဖြစ်ပြီး လမ်းကို ပုံမှန်ဖွင့်ထားတယ်လို့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ NCA ထိုး KNU/KNLA – PC အဖွဲ့က ဖေ့စ်ဘွတ်ကနေ ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်လိုက်ရပြီး ကုန်သည်တွေဟာ ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုကာ ကုန်စည်ကူးသန်းနေရတာပါ။
လက်ရှိမှာ အဲဒီလမ်းပိုင်းကို အခုရက်ပိုင်းအတွင်း ပိတ်မယ်ဆိုတဲ့ သတင်းတွေ ကုန်သည်တွေအကြား ပျံ့နှံ့နေတာကြောင့် KNU/KNLA – PC ကတော့ လမ်းပိတ်ဖို့ အစီအစဉ်မရှိသေးဘဲ သတင်းအမှားသာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။
ထို့ကော်ကိုးလမ်းပိုင်းကို ၂၄ နာရီ ဖွင့်လှစ်ပေးထားပြီး ပိတ်ဖို့ အစီအစဉ်မရှိဘူးလို့ KNU/KNLA (PC) ဗဟိုဌာချုပ်က တပ်မှူးတစ်ဦးဖြစ်တဲ့ စောတင်ထွဋ်က သူ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
“ကျွန်တော်တို့ ထို့ကော်ကိုးလမ်းက (၂၄)နာရီ ဖွင့်လှစ်ပေးထားပါတယ်။ တစ်ရက်မှ ပိတ်ရက်မရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တခြားအဖွဲ့အစည်းက ပိတ်ပင်ရင်တော့ ပြောပြမတတ်ပါဘူးနော်။ အခုလောလောဆယ်တော့ ပုံမှန်သွားလာတုန်းပါ။ အခြေအနေ အပြောင်းအလဲမရှိပါ” လို့ ၎င်းက ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း မြဝတီလမ်းကြောင်းပိတ်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ကုန်တင်ခတွေကိုလည်း တိုးကောက်မှုတွေ ရှိနေတယ်လို့ မြဝတီ-ရန်ကုန် ကုန်စည်ကူးသန်းနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အခု ၂၅ ရက်ပိတ်မယ်ဆိုပြီး ပြောနေကြတော့၊ တချို့ကားတွေလည်း တန်ဆခတွေ တင်တာတွေရှိတယ်။ ဒါက သတင်းအမှားတမင်လွှင့်တာဖြစ်နိုင်တယ်။ လမ်းကတော့ ပုံမှန်ပါပဲသွားနေကြတာပါပဲ” လို့ အဲဒီ ကုန်သည်က ပြောပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပိတ်သွားပြီးနောက် အသုံးပြုနေရတဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်းဟာ KNU/KNLA-PC အဖွဲ့အပါအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် အဖွဲ့စုံထိုင်တဲ့ စစ်ဆေးရေးဂိတ်တွေ အများအပြားရှိပြီး ငွေတောင်းကြမ်းတဲ့လမ်းအဖြစ် ကုန်သည်တွေအကြား လူသိများပါတယ်။
အဲဒီလမ်းပိုင်းဟာ တောင်ပေါ်လမ်းဖြစ်ပြီး လမ်းကြမ်းတာကြောင့် ၁၀ ဘီးကားတွေနဲ့ ၁၂ ဘီးကားတွေကိုတော့ ဖြတ်သန်းခွင့်မပြုထားပါဘူး။
ပုံစာ – ထို့ကော်ကိုးလမ်းပိုင်းတစ်နေရာ
ဓာတ်ပုံ – Saw Tin Htut