ရန်ကုန် – ၂၀၂၄ မေ ၂ (မော်ကွန်း)
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ပေးထားပေမယ့် အွန်လိုင်းစနစ်တွေ မလုပ်ဆောင်နိုင်သေးတာကြောင့် ကုန်သွယ်ရေးနဲ့ အကောက်အခွန်ဆိုင်ရာလုပ်ငန်းတွေ ကြန့်ကြာနေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့က အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဧပြီ ၃၀ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မြဝတီမြို့မှာဖြစ်ပွားထားတဲ့ တိုက်ပွဲအပျက်အစီးတွေကြောင့် ကုန်သွယ်ရေးဇုန်ဟာ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးဘဲ ကုန်တင်ကားတစ်စီးချင်းစီ တန်းစီစနစ် (Manual စနစ်) နဲ့ လုပ်ဆောင်နေတာကြောင့် ကုန်စည်တွေဖြတ်သန်းရာမှာ ပုံမှန်ထက်ကြန့်ကြာနေတာလို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“Manual ကတော့ အရင် စနစ်တွေ မသုံးခင်က သုံးနေတဲ့ စနစ်ဆိုတော့ မြဝတီအတွက်ကတော့ အထွေအထူးတော့ မဟုတ်ဘူးပေါ့၊ ဟိုခေတ်တွေတုန်းက ဆောင်ခဲ့သလို လက်ရေးနဲ့ပဲ ရုံးစာတွေနဲ့ ဆောင်ရတာပေါ့။ လိုင်စင်တို့ အခွန်တို့ အကုန်ပေါ့ ၊ လက်ရေးနဲ့ပဲ လုပ်တဲ့စနစ်ဖြစ်သွားတာ” လို့ ၎င်းက ပြောပါတယ်။
အရင်ကတော့ ပို့ကုန်သွင်းကုန်လိုင်စင်တွေနဲ့ အခွန်ကိစ္စရပ်တွေကို အွန်လိုင်းစနစ်နဲ့ လုပ်ဆောင်တာဖြစ်တဲ့အတွက် မြန်ဆန်မှုရှိပေမယ့် လက်ရှိမှာ အရင်ထက် အချိန်နှစ်ဆကျော်လောက် ကြန့်ကြာနေတယ်လို့ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
“ကားတွေ ဂိတ်ကိုဖြတ်ဖို့ အချိန်တော်တော်လေးစောင့်ရတဲ့ အခြေအနေတွေတော့ရှိပါတယ်။ ကုန်သည်တွေကတော့ တံတားဖွင့်တာနဲ့ ဝင်တိုးနေကြတာပါပဲ” လို့ ၎င်းကုန်သည်က ပြောပါတယ်။
အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲတွေဖြစ်လာပြီးနောက် ပြီးခဲ့တဲ့လ ၂၀ ရက်က တံတားကို ယာယီပိတ်ထားခဲ့ပြီး ၁၀ ရက်အကြာမှာ ပြန်လည်ဖွင့်ပေးလိုက်တာပါ။
ပြီးခဲ့တဲ့လပိုင်းမှာ KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကရင်ပြည်နယ် မြဝတီမြို့က တပ်စခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုပါ သိမ်းပိုက်တော့မယ့် အခြေအနေတွေ ဖြစ်ပွားခဲ့ပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးဟာလည်း ယာယီရပ်တန့်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တံတားအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ ရဲ့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက နယ်စပ်အနီးထိ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဧပြီလ ၂၀ ရက်နောက်ပိုင်းမှာတော့ KNLA နဲ့တော်လှန်ရေးတပ်တွေဟာ မြဝတီမြို့ကနေ ရုတ်တရတ် ဆုတ်ခွာပေးလိုက်ပြီး တိုက်ပွဲလည်းရပ်တန့်သွားပါတယ်။
လက်ရှိမှာ ပြည်တွင်းကနေ မြဝတီကိုသွားတဲ့လမ်းကြောင်းတွေအနက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် တောင်ပေါ်လမ်းခွဲတစ်ခုဖြစ်တဲ့ ဘားအံ-ထိုကော့ကိုး-မြဝတီ လမ်းပိုင်းကနေ သွားလာနေကြရတာကြောင့် ခရီးလမ်းမှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။
ပုံစာ – မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် မြင်ကွင်း
ဓာတ်ပုံ – Myawaddy Tradezon