ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်လိုက်တာကြောင့် ကုန်ပစ္စည်းတွေပြတ်လပ်ဈေးတက်

ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်လိုက်တာကြောင့် ကုန်ပစ္စည်းတွေပြတ်လပ်ဈေးတက်

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၅ (မော်ကွန်း)

စစ်ကောင်စီက ထိုင်းနိုင်ငံကနေ ကုန်စည်တင်သွင်းတဲ့လမ်းကြောင်းတွေကို ပိတ်လိုက်ပြီးနောက် ပြည်တွင်းမှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်ပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ စားသုံးသူတချို့နဲ့ ကုန်ပစ္စည်းရောင်းဝယ်သူတချို့က ပြောပါတယ်။

ထိုင်းနိုင်ငံကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တရားမဝင်တင်သွင်းတာ၊ သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းတဲ့အကြောင်းပြချက်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်လိုက်တဲ့အပြင် ဒီရက်ပိုင်းမှာပဲလေကြောင်းကနေ ကုန်ပစ္စည်းတင်ပို့တဲ့ Air Cargo နဲ့ တင်သွင်းတာကိုလည်း အကန့်အသတ်မရှိ ပိတ်ထားလိုက်တာပါ။

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကျတဲ့ မြဝတီနယ်စပ်က အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဒီလ ၁၈ ရက်က ပိတ်လိုက်ပြီး လေကြောင်းကနေ တင်ပို့မှုတွေကိုလည်း ဒီလရဲ့ နောက်ဆုံးသီတင်းပတ်မှာ ပိတ်ထားလိုက်တာပါ။

လက်ရှိမှာ ထိုင်းနိုင်ငံဘက်ကတင်သွင်းတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေဟာ ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေမှာ ကုန်ပစ္စည်းပြတ်လပ်နေပြီး တချို့ပစ္စည်းတွေကလည်း ဈေးနှစ်ဆနီးပါး မြင့်တက်နေတယ်လို့ ဈေးဝယ်သူ အိမ်ရှင်မတချို့က ပြောပါတယ်။

“အရင်ဝယ်နေကျ ပုစွန်နှစ်ကောင်ဆီတို့၊ တစ်ရှူးတို့ကအစ ထိုင်းဘက်ကဟာတွေ ဆိုင်တော်တော်မျာများမှာ မရှိကြတော့ဘူး။ ရှိတဲ့ဆိုင်တွေကလည်း အရင် တစ်သောင်းတန်ဆိုရင် နှစ်သောင်းနီးပါး ဈေးတက်သွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က တင်သွင်းပြီး ရောင်းချနေတဲ့ အကင်မျိုးစုံ၊ ဝက်အူချောင်းနဲ့ ကြက်အူချောင်းတွေလည်း ဝယ်ယူလို့မရတော့ဘူးလို့ အိမ်ရှင်မတချို့က ပြောပါတယ်။

စစ်ကောင်စီက မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အခုလိုရပ်တန့်လိုက်တဲ့အတွက် မဲဆောက်ဘက်မှာ မြန်မာကိုပို့မယ့် ကုန်တင်ကား အစီးရေ ၅၀၀ ကျော်ဟာလည်း ပိတ်မိနေတာပါ။

ရန်ကုန်မြို့က စီးတီးမတ်တချို့မှာဆိုရင် ထိုင်းကုန်ပစ္စည်း၊ တရုတ်ကုန်စ္စည်းတွေပြတ်လပ်နေပြီး ပြည်တွင်းထုတ်ကုန်တွေအများစုနဲ့ အစားထိုးထားတယ်လို့ ဈေးဝယ်သူတချို့က ပြောပါတယ်။

“အရင်အမေ့ကိုတိုက်နေကျ ဖြည့်စွက်စာတွေ ဆေးတွေလည်း ဝယ်လို့မရတော့ဘူး။ ဆပ်ပြာတို့ ဆပ်ပြာမှုန့်တို့ဆိုရင်လည်း ထိုင်းထုတ်တွေ သိပ်မတွေ့ရတော့ဘူး ပြည်တွင်းထုတ်တွေပဲ တင်ထားတာများတယ်” လို့ ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က အိုင်တီပစ္စည်းရောင်းချတဲ့ ဈေးကွက်ထဲမှာလည်း ပစ္စည်းပြတ်လပ်နေပြီး လက်ကျန်ကုန်စ္စည်းတွေကိုပဲ ရောင်းချနေကြရတာပါ။

တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်လမ်းကြောင်းတချို့မှာတော့ ကားလေးတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူတာတွေ ရှိပေမယ့် တန်ဆာခက မြဝတီလမ်းကြောင်းထက် လေးငါးဆနီးပါး များတယ်လို့ ထိုင်းကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချနေသူတစ်ဦးကလည်း ပြောပါတယ်။

“ကားကြီးတွေတော့ တစ်စီးမှမတက်တော့တာ ကြာနေပြီ။ ကားလေးတွေနဲ့တော့ အတက်အဆင်းရှိတယ်။ တန်ဆာခတွေကတော့ ကြောက်ဖို့တောင်ကောင်းတယ်။ ပစ္စည်းရှားသွားတော့ ကျွန်တော်ဘက်ကလည်း ဈေးတက်လာတာတော့ ထုံးစံပါပဲ” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီက ထိုင်းနယ်စပ်သွင်းကုန်တွေကို အခုလိုပိတ်ထားတာနဲ့ ပတ်သက်ပြီး ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာကိုလည်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အခုလို တရားဝင်လမ်းကြောင်းတွေကအစ ပိတ်ထားတဲ့အတွက် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့လို ထိုင်းဘက်ကဝင်လာတဲ့ ကုန်ပစ္စည်းတွေကို အားထားနေရတဲ့ ဒေသတွေမှာလည်း ကုန်ပစ္စည်းဆိုးဆိုးဝါးဝါးပြတ်လပ်နေတာပါ။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကနေ လူသုံးကုန်၊ အလှကုန်နဲ့ စားသောက်ကုန်တွေကို တင်သွင်းနေရပြီး နှစ်စဉ် ထိုင်းနိုင်ငံဘက်ကတင်သွင်းတဲ့ သွင်းကုန်ပမာဏက ဒေါ်လာနှစ်ဘီလီယံနီးပါးရှိတယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပုံစာ – မြဝတီက ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ကို မနှစ်က နှစ်ဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ထားတဲ့မြင်ကွင်း

ဓါတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."