ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း)
ရွှေညဝါဆရာတော်လို့ လူသိများထင်ရှားတဲ့ ဆရာတော်ဦးပညာသီဟနဲ့ နောက်ထပ်လူသိများထင်ရှားတဲ့ စာရေးဆရာမောင်သာချိုတို့ဟာ ဆေးကုသမှုခံယူနေကြရင်း ရန်ကုန်မြို့က ဆေးရုံအသီးသီးမှာ ဒီနေ့ကွယ်လွန်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို အကျဉ်းထောင်တွေအတွင်းမှာ အလူးအလဲခံခဲ့ကြရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ဖြစ်ကြပါတယ်။
သက်တော် ၆၁ နှစ်အရွယ် ဆရာတော်ဟာ ဒီနေ့ မနက် ၂ နာရီကျော်မှာ ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံမှာ ထောင်ကျနေစဉ်ကရခဲ့တဲ့ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး အသက် ၆၇ နှစ်အရွယ် စာရေးဆရာမောင်သာချိုဟာလည်း ရန်ကုန်မြို့က ပင်လုံဆေးရုံမှာ ဒီမနက် ၈ နာရီဝန်းကျင်မှာဆုံးခဲ့တာလို့ စာရေးဆရာအသိုင်းအဝိုင်းက လူမှုကွန်ယက်မှာ အသိပေးပါတယ်။
“ အတုအယောင်ရုပ်ဝတ္ထုပစ္စည်းတွေတပ်မက်တဲ့ရဟန်းတွေကြားထဲမှာ ယခုလိုပြည်သူ့ဘက်က ရှိနေပေးတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားခြင်းက နှမြောဖို့သိပ်ကောင်းပါတယ်။ ပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ပြီး နိုင်ကျဥ်းတွေရဲ့ ထောင်တွင်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တဲ့ ဆရာတော်ဘုရားကြီးရဲ့မြင်ကွင်းကို ယခုချိန်ထိမျက်လုံးထဲကနေ ထုတ်လို့ မရပါဘူး” လို့ ထောင်တွင်းမှာ အကျဉ်းကျခံဆဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထောင်ဝင်စာပို့နေတဲ့ ‘ထောင်ဝင်စာ ပို့ကြမယ်’ အဖွဲ့က လူမှုကွန်ယက်မှာ ဒီနေ့ရေးပါတယ်။
မေလတုန်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာနေဝင်းရဲ့ ဈာပနမှာ ဆရာတော်နဲ့ မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်တဲ့ စာရေးဆရာမောင်သာချိုတို့ကို အတူတကွ တက်ရောက်လာတာကို တွေ့ခဲ့ရပါသေးတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အခြားနိုင်ငံရေးသမားများနည်းတူ ဆရာတော်နဲ့ စာရေးဆရာမောင်သာချိုတို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့ညမှာပဲ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်မှာ အတူ ပြန်လွတ်လာခဲ့ကြတာဖြစ်ပါတယ်။

ပုံစာ- ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ဈာပနအခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာ မောင်သာချို(အင်္ကျီအဖြူ) နဲ့ အန်အယ်ဒီ ပါတီဝင် ဒေါက်တာ မျိုးညွန့် ဖူးမျှော်နေတဲ့ ရွှေညဝါဆရာတော်ကြီး။
ဓါတ်ပုံ- မော်ကွန်း။

