ဂေထော၊ ရန်ကုန်
ဇန်နဝါရီ ၁၃
တော်လှန်ရေး ပန်းတိုင်မရောက်မချင်း ဘဝတူမဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ခုခံတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သူတို့တပ်ဖွဲ့ရဲ့ ၅၇ နှစ်ပြည့် အခမ်းအနားမှာ ထုတ်ပြန် ပါတယ်။
ဇန်နဝါရီ ၁၂ က ထုတ်တဲ့ ဒီကြေညာချက်မှာ တအာင်းအမျိုးသားတို့ရဲ့ ကံကြမ္မာကို တအာင်းတို့ဖန်တီးခွင့်ရရှိရေး၊ မဟာလူမျိုးကြီးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် မြန်မာစစ်အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်နဲ့ ခုခံတော်လှန်တိုက်ခိုက်လာတာ အခုဆိုရင် ၅၇ နှစ်ပြည့်ပြီလို့ ဖော်ပြတယ်။
“ ငြိမ်းချမ်းရေးအကောင်ထည်ဖော်နိုင်ဖို့ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာတော့ အဆင်သင့်ဖြစ်တယ်။ အစိုးရနဲ့တပ်ဘက်ကလည်း အားလုံးလက်ခံနိုင်တဲ့ နည်းလမ်းကို စဉ်းစားပေးဖို့လိုနေပြီ။ အဲလိုမျိုး ကျွန်တော်တို့ မြင်တယ်” လို့ TNLA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောတယ်။
ဒါအပြင် သူတို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ တအာင်းအဖွဲ့တွေဟာ ကြေညာထားတဲ့ အပစ်ရပ်သဘောထားကို အခုထိ ဆက်လက်ထိန်းသိမ်းနေဆဲပဲလို့လည်း သူက ပြောတယ်။
သူတို့ဘက်က အပစ်ရပ်ထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်း သူတို့လှှုပ်ရှားနယ်မြေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဟာ တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေ လုပ်တာကြောင့် ဖြစ်ခဲ့ရတာလို့လည်း သူကပြောတယ်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မော်ကွန်းက ဆက်သွယ်ပေမယ့် အဆက်အသွယ်မှုဧရိယာပြင်ပ ဖြစ်နေတဲ့အတွက် ဆက်သွယ်ခဲ့နိုင်မှု မရှိပါ။
ဓါတ်ပုံ- TNLA ဝက်ဆိုက်
#dailynews