တောင်ကြီး – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း)
ယခုလ ၂၆ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာကျင်းပတဲ့ စစ်ကောင်စီရဲ့မူးယစ်ဆေးဝါးဖျက်ဆီးရေးအခမ်းအနားမှာ မူးမေ့သွားခဲ့တဲ့ကျောင်းသားတွေ မနေ့ည ၇:၀၀ လောက်က ဆေးရုံကဆင်းသွားပြီလို့ တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှသိရပါတယ်။
အဲဒီနေ့က ကျောင်းသား/သူတွေဟာ နံနက်စောစောထလာရတာကြောင့် အစာမစားလာခဲ့ရတာရယ်၊ နေအပူရှိန်အောက်ပြေးလွှားဆော့ကစားနေတာကြောင့် ရေဓာတ်ခမ်းခြောက်ပြီး အခမ်းအနားမကျင်းပမီ မူးယစ်ဆေးဝါးတွေမီးမရှို့ခင်ကတည်းက မူးမေ့သွားကြတာလို့ ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လူနာစုစုပေါင်း ၃၀ ကျော်တယ်။ အဲဒီ့ထဲကမှ ဆေးရုံပို့ရအဆင့်ကတော့ ၁၃ ယောက်ရှိပါတယ်။ ကျွန်တော်တို့ ရှေးဦးသူနာပြုနည်းနဲ့ကုလို့မရလို့ ဆရာဝန်တွေက ဆေးရုံမှာကုသမှုခံယူဖို့လွှဲပြောင်းခဲ့တာ။ Drip တွေဘာတွေ ချိတ်လိုက်ရတယ်။ အခုတော့အားလုံးဆေးရုံကဆင်းသွားကြပြီ။”လို့သူကပြောပါတယ်။
တောင်ကြီးမြို့မှာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်ကျင်းပခဲ့သလို စာသင်ကျောင်းတွေက ဆရာ/မ ကျောင်းသား/သူတွေလည်းနှစ်စဉ်တက်ရောက်ကြတာပါ။
တောင်ကြီးမြို့ခံတစ်ဦးကတော့ “အစကတည်းကဒီလိုဖြစ်စရာကိုမလိုတာ။ နေပူကြီးထဲမှာ ဟိုလူကြီးစောင့်ရ ဒီလူကြီးစောင့်ရနဲ့၊ မတော်တဆပြန်မသက်သာလာဘဲ ကလေးတွေတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ” လို့ပြောပါတယ်။
အဲဒီအခမ်းအနားမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၇၀ နီးပါးကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို တောင်ကြီးမြို့တွင်သာမက နိုင်ငံအနှံ့ကမြို့ကြီးအချို့မှာလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ၊
ပုံစာ- တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်းမှာ မူးမေ့သွားတဲ့ကျောင်းသား/သူတွေကိုကူညီကယ်ဆယ်ပေးနေသည့်မြင်ကွင်း
Photo – တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့
#Dailynews

