ရန်ကုန် – ၂၀၂၃ မတ် ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ တောင်ကုတ်-သံတွဲ ကားလမ်းပေါ်က ကျေးရွာတွေမှာ ဒီနေ့မွန်းလွဲပိုင်းကစပြီး စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတွေနဲ့ အသုံးပြုကာ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ သံတွဲဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လေယာဉ်တွေတော့ ဒီမနက်ကတည်းက တနေကုန်ဝဲနေတာ။ ဖြစ်နေတာကတော့ မြို့ပေါ်တော့မဟုတ်ဘူး။ ကားလမ်းဘေးက ရွာတွေကို လက်နက်ကြီးတွေ နေဗီတွေနဲ့ ပစ်တယ်။ လေယာဉ်တွေနဲ့လည်း ပစ်တယ်ပြောတယ်” လို့အဲဒီသံတွဲမြို့ခံက ပြောပါတယ်။
တောင်ကုတ်မြို့အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ဒီနေ့လယ်ပိုင်းမှာပိတ်ထားလိုက်ပြီလို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။
“ဒီဘက် သံတွဲကနေ တောင်ကုတ်ကို တက်တဲ့ လမ်းပေါ်မှာ တောင်ပုံကြီးနဲ့ ညောင်ကျိုးဆိုတဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်။ အခုမနက်မှာ ဖြတ်သန်းသွားလာခွင့်တွေပိတ်လိုက်တာ။ တောင်ကုတ်ကို သွားတဲ့လမ်းကို လမ်းကြောင်း ပိတ်လိုက်တာပေါ့” လို့ ၎င်းက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက မြို့အများအပြားကို သိမ်းပိုက်နိုင်ထားတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အမ်း၊ တောင်ကုတ် စတဲ့ တောင်ပိုင်းဒေသတွေအထိ ဆင်းလာပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်ပြုလုပ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတွေကို AA က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး AA ထိုးစစ်ကြောင့် တောင်ကုတ်မြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းတွေ နေရာရွှေ့ပြောင်းနေကြပြီလို့ သံတွဲဒေသခံက ပြောပါတယ်။
“ပြီးခဲ့တဲ့လတည်းက တောင်ကုတ်ကို AA သိမ်းတော့မလို့ အသံတွေထွက်နေတာပေါ့။ AA က ရမ်းဗြဲကို ရသွားပြီးတော့ ဒီဘက်ကိုဆင်းလာနေတာ။ တလောကပဲ အဲဒီကားလမ်းပေါ်မှာ စစ်ကားတွေ မိုင်းဆွဲခံလိုက်ရသေးတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်မြောက်ပိုင်းကနေ တောင်ပိုင်းကိုဆက်သွယ်ထားတဲ့ အမ်း-တောင်ကုတ် ကားလမ်းပိုင်းကို ဘက်ဟိုးကားတွေနဲ့ ဖြတ်တောက် ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း သံတွဲမြို့က ဒေသခံတွေကို လေကြောင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးတဲ့ ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးက စစ်ကောင်စီတပ်အားလုံးကို ရှင်းလင်းသွားဖို့ ထိုးစစ်ဆင်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ သူတို့ရဲ့ ထိုးစစ်ကာလ လေးလကျော်ကာလအတွင်းမှာ ပလက်ဝဒေသအပါအဝင် ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တွေကို အပြီးသတ်သိမ်းယူထားပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ ဘူးသီးတောင်၊ မောင်တော မြို့တွေက စစ်ကောင်စီစခန်းတွေကိုလည်း ယခုရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီကတော့ သူ့လက်အောက်မှာရှိနေသေးတဲ့ အမ်း၊ စစ်တွေ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့မြို့တွေမှာ စစ်မှုထမ်းဥပဒေအရ စာရင်းကောက်ယူမှုတွေ ပြုလုပ်နေသလို ဒေသတွင်း ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပုံစာ – ပလက်ဝမြို့သိမ်းတိုက်ပွဲမှာ တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – AA Info Desk