တောင်ကုတ်မြို့မှာ ၁၇ (၁)နဲ့ ဖမ်းထားသူကို ရဲစခန်းကနေ စစ်ကောင်စီက လာခေါ်ထုတ်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်

တောင်ကုတ်မြို့မှာ ၁၇ (၁)နဲ့ ဖမ်းထားသူကို ရဲစခန်းကနေ စစ်ကောင်စီက လာခေါ်ထုတ်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်

တောင်ကုတ်- ၂၀၂၄ စက်တင်ဘာ ၃၀ ( မော်ကွန်း)

အာရက္ခတပ်တော်(AA) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်ဒေသခံတစ်ဦးကို ရဲစခန်းအချုပ်ကနေ စစ်ကောင်စီက လာရောက် ခေါ်ထုတ်သွားတဲ့အတွက် သူ့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်နေကြတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။

တောင်ကုတ်မြို့မရဲစခန်းကနေ စစ်ကောင်စီဝင်တွေ လာရောက်ခေါ်ထုတ်သွားသူဟာ တောင်ကုတ်မြို့နယ်၊ သာယာအေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မနေ့ကမနက်ပိုင်းမှာ လာရောက်ခေါ်ထုတ်သွားတာလို့ သူနဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

” အရာရှိပိုင်းတစ်ဦးက ကားတစ်စီးနဲ့ လာခေါ်ထုတ်သွားတာလို့ သိရပါတယ်။ ဘယ်ကိုခေါ်သွားသလဲဆိုတာတော့ မသိရသေးပါဘူး။ အရေးပေါ်ဆိုပြီး လာခေါ်သွားတာတဲ့။ ဒီအခြေအနေမျိုးမှာ အချုပ်ကျနေတဲ့ လူတစ်ယောက်ကို စစ်တပ်ကလာခေါ်သွားတော့ အရမ်းစိုးရိမ်တယ်။ အဖမ်းခံရပြီးကတည်းက မိသားစုဝင်တွေနဲ့လည်း တစ်ခါမှတွေ့ရသေးတာမဟုတ်ဘူး” လို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပါတယ်။

စွပ်စွဲဖမ်းဆီးခံထားရတဲ့အမျိုးသားကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာက အသိမိတ်ဆွေတစ်ဦးရဲ့နေအိမ်မှာရောက်နေစဉ် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီး ပုဒ်မ ၁၇(၁) နဲ့ စွပ်စွဲ အမှုဖွင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒေသခံလူထုတွေကို မကြာခဏဖမ်းဆီးပြီး ၁၇(၁)ပုဒ်မနဲ့ အမှုဖွင့်တာကြောင့် အကျဉ်းထောင်တွေအတွင်း ရာပေါင်းများစွာသော ရခိုင်ဒေသခံတွေ ရောက်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ရာပေါင်းများစွာဟာဆိုရင် ၁၇(၁) ပုဒ်မနဲ့ ပြီးခဲ့တဲ့လထဲမှာ နှစ်ရှည်ထောင်ဒဏ်ချခံထားရတာလည်း ရှိပါတယ်။

ဒီနှစ် ဇန်နဝါရီ ၃၁ ရက်တုန်းကလည်း မြောက်ဦးမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်စွပ်စွဲဖမ်းဆီးထားပြီး အမှုရင်ဆိုင်ဆဲ အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ထုတ်သွားကာ မြောက်ဦးမြို့က ခမရ(၃၇၈) မှာ ပစ်သတ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်အတွင်း သတင်းထောက်ဖိုးသီဟ၊ ရခိုင်ရက်ပ်အဆိုတော် ဖိုးလပြည့်အပါအဝင် ခုနစ်ဦးစလုံးသေဆုံးခဲ့ကာ သူတို့အားလုံးဟာ မြောက်ဦးဒေသခံတွေ ဖြစ်ကြပြီး ၂၀၂၂ စက်တင်ဘာကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့သူတွေပါ။

လက်ရှိတောင်ကုတ်မြို့မှာ စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒီလ ၂၈ ရက်တုန်းက တောင်ကုတ်တက္ကသိုလ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းငယ်တခုကို AA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီကလည်း အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ ဖြစ်ခဲ့သေးတယ်လို့ တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။

AA ရဲ့ ဝန်းရံပိတ်ဆို့မှုကို တောင်ကုတ်မြို့မှာခံနေရတဲ့ စစ်ကောင်စီဟာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားသလို မြို့အနီးဝန်းကျင်က ကျေးလက်ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတယ်လို့ တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။

ပုံစာ- တောင်ကုတ်မြို့အဝင် ဆိုင်းဘုတ်ကို

ဓါတ်ပုံ- တောင်ကုတ်မြို့နယ်သားများဂရု


🌐 Telegram

https://t.me/MawkunMM

🌐 Facebook

https://facebook.com/mawkunmagazine

🌐 Youtube

https://youtube.com/@mawkunmagazine494/community

🌐 TikTok

https://tiktok.com/@mawkun.magazine

🌐 X

https://x.com/MawKunMM

🌐 Substack

🌐 Linktree

https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."