စည်သူ
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၁၉ (မော်ကွန်း)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၂ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် မဲဆန္ဒနယ်ရှင် ၈၃ ရာခိုင်နှုန်း မဲပေးခွင့်ဆုံရှုံးမှာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ အချက်အလက်တွေကဖော်ပြပါတယ်။
တောင်ကုတ်မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၂၀,၀၀၀ ကျော်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်၊ ဂူတာရပ်ကွက်၊ ချောင်းကောက် ရပ်ကွက်က မဲဆန္ဒရှင် ၂၁,၀၀၀ ကျော်သာ မဲပေးခွင့်ရရှိတော့မှာပါ။
“တောင်ကုတ်က တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ထားတာကိုး။ ကျွန်တော်ဒေသမှာရှိတဲ့ ပါတီတော်တော်များများ မြို့နယ်တစ်ခုလုံးရဲ့ အောင်နိုင်ရေးကို ကြိုးစားစည်းရုံး တည်ဆောက်ထားတာတွေဟာ အခုအချိန်မှာ UECရဲ့ ကြေညာချက်ကြောင့် အားလုံးဟာ အဆင်မပြေမှုတွေ ဖြစ်ရတယ်။ ကိုယ့်ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ နိုင်ငံတော် အခွင့်အရေးတွေဟာ အားလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ်”လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လင်းက မော်ကွန်းကို ပြောပါတယ်။
ပြည်နယ်လွှတ်တော် တောင်ကုတ်မဲဆန္ဒနယ်(၁)မှာလည်း ရွေးကောက်ပွဲ မကျင်းပတော့တာကြောင် ၎င်းမဲဆန္ဒနယ်ကနေ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မဲ့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အပါအဝင် ကိုယ်စားလှယ်လောင်း အသီးသီးလည်း ယှဉ်ပြိုင်ခွင့်ဆုံရှုံးမှာဖြစ်ပါတယ်။
“ယှဉ်ပြိုင်လို့ မရအတွက်ကြောင့် ဒေသအတွက်တော့ ကိုယ်စားလှယ် လစ်လပ်မှာပေါ့။ ဒါလည်း တစ်ခုကတော့ အားနည်းချက်ဖြစ်မယ်။ ကြားဖြတ်ပေါ်လာတဲ့ အခါ အမှတ် ၁ အတွက် ကိုယ်စားလှယ်ကို ပြည်သူတွေအနေနဲ့တော့ ထပ်ပြီးရွေးချယ်ရုံပဲရှိတာပေါ့ “ လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးဝင်းမြင့် က မော်ကွန်းကို ပြောပါတယ်။
လာမည့် ရွေးကောက်ပွဲမှာ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရရှိတော့မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ က ညှိနှိုင်းရေးမှူး ကိုအောင်နိုင်က “ UEC က ဒီနေရာတွေကို မလုပ်တော့ဘူးဆိုတဲ့ အပေါ်မှာ တစ်ချို့လူငယ်တွေရော၊ လူကြီးတွေရော မဲမပေးတော့ဘူးဆိုတဲ့ အသံတွေ ထွက်လာတယ်။ No Vote အသံတွေ၊ဆန္ဒခံယူပွဲတွေ လုပ်မယ်ဆိုတဲ့အသံတွေ ထွက်လာတယ်”လို့ မော်ကွန်းကို ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနဲ့ ကျန်ရှိတဲ့ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုတို့မှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ အခါ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သတ်နေကြတဲ့ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကြေညာသင့်တယ်လို့ ကိုအောင်နိုင်က မှတ်ချက်ပြုပါတယ်။
ပုံစာ : ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မဲစာရင်းများကပ်ထားကြေညာမှုကို ဇွန်လ ၂၅ရက် နေ့ကတွေ့ရစဉ်
Photo: ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
#Dailynews

