၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Historic Event ဖြစ်ပါသည်။
အဂတိလိုက်စားသည်ဟု ကျော်စောသတင်းထွက်နေခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူများ၏ ဝေဖန် တိုင်ကြားမှုများကြောင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု ကော်မရှင်မှ တစ်လကြာ စုံစမ်းစစ်ဆေးခဲ့ရာတွင် အဂတိလိုက်စားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။
NLD အစိုးရလက်ထက်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုကာ ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ စွဲဆိုထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။
ကော်မရှင်က ရန်ကုန်မြို့နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးပြီးနောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်အပြင် အဂတိ လိုက်စားမှုတွင် ပါဝင်ပတ်သက်ခဲ့သော Global Grand Services (GGS) ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက် တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။
ယခုကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့အစည်းရှိ ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးအား တရားစွဲဆိုနိုင်ခဲ့ခြင်းသည် အခြားအစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအတွက်ပါ သတိပေးခေါင်းလောင်းသံဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ထားကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်ကိုလည်း ပြည်သူအများစုက ကြိုဆိုထောက်ခံခဲ့ကြသည်။
တရားရင်ဆိုင်ကာ ထိန်းသိမ်းခံနေရသော ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အား တရားရုံးဆုံးဖြတ်ချက်အပေါ် မူတည်၍ ပါတီတွင်း တွင်လည်း အရေးယူမှုများ ပြုလုပ်မည်ဟု ပါတီအသိုင်းအဝိုင်းက မီဒီယာများတွင် ပြောဆိုထားသည်။
၂၀၁၀ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲနောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဆင့် ဝန်ကြီးချုပ်တစ်ဦးအား ပထမဆုံးအကြိမ် အရေးယူခြင်းအဖြစ် သမိုင်းဝင်ဖြစ်စဉ်ပင် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၂၀၁၅ တွင် ၁၆၇ နိုင်ငံအနက် အဆင့် ၁၄၇၊ ၂၀၁၆ ၌ ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၆၊ ၂၀၁၇ တွင် နိုင်ငံ ၁၈၀ အနက် အဆင့် ၁၃၀ ၌ သတ်မှတ်ခံထားရကြောင်း နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။