Photo – Kyaw Zayya
ရွှေကျွန်းသာ (စက်တင်ဘာ၊ ၂ဝ၁၇)
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အောက်ပိုင်း၊ ပင်လယ်ဘက်ကို မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ ဆင်းသွားတဲ့အခါ အနီရောင်ဆိုင်းဘုတ်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ထိုးထိုးထောင်ထောင် စိုက်ထူထားတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ကြရပါလိမ့်မယ်။
ဒီဆိုင်းဘုတ်တွေပေါ်မှာ ရေးထားတာကတော့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်တာ၊ တဲအိမ်ဆောက်တာ၊ ငါးဖမ်းတာ၊ ကဏန်းထောင်တာ၊ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ အမိန့်စာရဲ့ အောက်ဆုံးမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆန်းကျော် (ပ/၄၂၄၉) ဆိုပြီး ရေးထားပါတယ်။
ဒီအမိန့်ထုတ်ပြန်ထားတဲ့ ကျွန်းရဲ့နာမည်က ရွှေကျွန်းသာလို့ ခေါ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အဝန်းအားဖြင့် ဧက ခုနစ်ထောင်ကျော်ကျယ်ဝန်းပြီး ဒီအထဲက ဧက ၂,၇ဝဝ ကျော်ကို တိုင်းအစိုးရက စိုက်ပျိုးခွင့်၊ လူနေထိုင်ခွင့် တားမြစ်ထားတာပါ။ လပွတ္တာမြို့နယ်ထဲက ကြာကန်ကွင်းပေါက်သစ်တောကြိုးဝိုင်းထဲမှာ ပါဝင်နေတဲ့ ဒီကျွန်းဟာ ပြန်မလော့မြစ်နဲ့ လွှစာမြစ်တို့ရဲ့ ကြားထဲမှာ ရှိတာပါ။
အဲဒီကျွန်းပေါ်မှာနေတဲ့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးခင်သိန်းဆိုရင် ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့စပါးတွေကို တိုင်းအစိုးရက သိမ်းယူခဲ့ပြီး ဒီနှစ်မှာလည်း စပါးမစိုက်ဖို့ တားမြစ်ခံထားရသူပါ။ အဲဒီနေရာဟာ သစ်တောကြိုးဝိုင်းမြေဖြစ်ပြီး မြေယာအငြင်းပွားမှုကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ လူသတ်မှုနှစ်ကြိမ်ဖြစ်ခဲ့ဖူးလို့ ပိတ်ပင်ထားတယ်လို့ အစိုးရက အကြောင်းပြထားပါတယ်။
”လယ်ဘေးက အိမ်ကိုလည်း ဖျက်ပေးလိုက်ရတယ်။ အခု ဘာအလုပ်မှ မရှိဘူး။ ဘာမှလည်း လုပ်မစားတတ်ဘူး။ မွေးထားတဲ့ ဆိတ်ကလေးတွေ ရှိတာကို သတ်ဖြတ်ရောင်းချ စားနေရတာ”လို့ ဦးခင်သိန်းက ပြောတယ်။
ရွှေကျွန်းသာကျွန်းပေါ်မှာ ဦးခင်သိန်းအပြင် အခြား လယ်သမား ၃ဝဝ ကျော်လည်း လယ်ယာလုပ်ငန်း လုပ်ကိုင်ခွင့်မရဘဲ အလုပ်လက်မဲ့ဖြစ်နေတာပါ။ သူတို့ဟာ ကျွန်းပေါ်မှာ နေထိုင်ခွင့်၊ ငါးရှာခွင့်၊ ကဏန်းထောင်ခွင့်လည်း မရတဲ့အပြင် ကျွန်းပေါ်မှာ ဖြတ်သန်းသွားလာခွင့်တောင် ပိတ်ပင်ခံထားရပါတယ်။
ကျွန်းပေါ်က လယ်မြေတွေမှာ မူလလုပ်ကိုင်သူနဲ့ လက်ရှိလုပ်ကိုင်သူတွေကြား အငြင်းပွားမှုတွေ၊ လူသတ်မှုတွေ ဖြစ်ခဲ့ပြီး ရှုပ်ထွေးနေတာကြောင့် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လယ်စိုက်ခွင့် ပိတ်သိမ်းထားရတာပါလို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရက အကြောင်းပြပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ မှားယွင်းနေတယ်လို့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ မြေယာအငြင်းပွားမှုပေါင်းများစွာ ဖြေရှင်းဖို့ ကျန်နေသေးပြီး တိုင်းအစိုးရဆုံးဖြတ်ချက်နဲ့ စိုက်ပျိုးခွင့်အပိတ်ခံထားရတဲ့ ရွှေကျွန်းသာဟာ ယင်းဖြစ်စဉ်တွေထဲကမှတစ်ခုပဲဖြစ်ပါတယ်။
ရွှေကျွန်းသာရဲ့ သမိုင်းနောက်ခံ
ရွှေကျွန်းသာကျွန်းဟာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉ဝဝ ဝန်းကျင်ကတည်းက လပွတ္တာမြို့နယ်မှာ ရှိတဲ့ ကြာကန်ကွင်းပေါက်သစ်တောကြိုးဝိုင်းထဲမှာရှိခဲ့တာပါ။ ဒေသခံတွေဟာ ကျွန်းပေါ်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာလည်း အစိုးရကို တာဝန်ကျေစပါးပေးပြီး လယ်ယာလုပ်ငန်းတွေ လုပ်ခဲ့ကြတယ်။
လယ်ယာစိုက်ပျိုးခွင့်ပေးခဲ့ပေမယ့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက ဒီကျွန်းပေါ်က လယ်ယာမြေတွေကို သစ်တောကြိုးဝိုင်းဧရိယာထဲက ထုတ်နုတ်ပယ်ဖျက်ခြင်းတော့ မရှိခဲ့ပါဘူး။ ၁၉၈၄ မှာ သစ်တောစီမံကိန်းတစ်ခု အကောင်အထည်ဖော်စဉ်က ရွှေကျွန်းသာပေါ်က မြေဧကတစ်ထောင်ကျော်ကို အစိုးရက သိမ်းယူ သစ်ပင်စိုက်ခဲ့ပါတယ်။ ဒီစီမံကိန်းအတွင်းမှာ လယ်သမားအချို့ရဲ့ လယ်တွေ အသိမ်းခံခဲ့ရတယ်။
နောက်ပိုင်း စီမံကိန်း မအောင်မြင်ဘဲ ရပ်နားသွားတဲ့အခါ အခြားလယ်သမားတွေက တဖြည်းဖြည်း ခုတ်ထွင်ရှင်းလင်းကာ လယ်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂ဝဝ၈ နာဂစ်မုန်တိုင်းနောက်ပိုင်း အကြောင်းကြောင်းကြောင့် လယ်မြေကို စွန့်လွှတ်သွားသူတွေရဲ့ လယ်တွေကိုလည်း ဝင်ရောက် လုပ်ကိုင်ကြတာတွေ ရှိလာပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ သစ်တောကြိုးဝိုင်းဧရိယာထဲက လယ်မြေတွေ၊ ရွာတွေကို သစ်တောကြိုးဝိုင်းထဲက ဖယ်ထုတ်ပေးတဲ့အခါမှာ ရွှေကျွန်းသာကျွန်းပေါ်က လယ်ယာမြေတစ်ဝက်လောက် ပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်ကျမှ ၁၉၈၄ တုန်းက သစ်တောစီမံကိန်းကြောင့် နစ်နာခဲ့ရတဲ့ လယ်သမားတချို့ကလည်း ပြန်လည်တင်ပြတောင်းခံခဲ့ပါတယ်။ ဆက်လက်စိစစ်စာရင်းပြုစုဆဲမှာပဲ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ဆုံးသွားတာကြောင့် ကျွန်းပေါ်က လယ်မြေတစ်ဝက်လောက်ဟာ သစ်တောကြိုးဝိုင်းစာရင်းမှာ ကျန်နေခဲ့တယ်လို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။
ဒါပေမဲ့ ထိုမူလပိုင်ရှင်တွေနဲ့အတူ အခြားပိုင်ရှင်မဟုတ်တဲ့ သူတွေပါ ရောပြီး လက်ရှိလယ်စိုက်ပျိုးနေတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေအပေါ်မှာ၂ဝ၁၅ မတ်လက လူနေအိမ်တွေ ဝင်ဆောက်ခဲ့ကြပါတယ်။
Photo – Kyaw Zayya တိုင်းအစိုးရ တားမြစ်မိန့်အနီးတွေ့ရတဲ့ ဒေသခံလယ်သမားတစ်ဦး
လက်ရှိစိုက်ပျိုးနေတဲ့လယ်သမားတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျင်ဟိန်းကလည်း ” လယ်ယာတောင်းတဲ့သူတွေထဲမှာ သစ်တောသိမ်းတုန်းက နစ်နာခဲ့တဲ့လူ အနည်းငယ်ပဲပါတယ်။ အများစုက ဒီကျွန်းပေါ်မှာ နေတောင် မနေခဲ့ဖူးတဲ့သူတွေပါတယ်”လို့ ပြောပါတယ်။
ဒါကြောင့်လည်း သမ္မတဦးထင်ကျော်အစိုးရသစ်တက်လာပြီး နှစ်လခန့်အကြာ၊ ၂ဝ၁၆ ဇွန်လထဲမှာ သစ်တောကြိုးဝိုင်းမြေအဖြစ်ပဲ ရှိနေသေးပြီး မစိစစ်ရသေးတဲ့ မြေယာအပေါ်မှာ ကျူးကျော်စိုက်ပျိုးနေတဲ့ လယ်သမားတွေကို လယ်မစိုက်ကြဖို့ တိုင်းဒေသကြီးအစိုးရက အမိန့်ထုတ်ခဲ့တာလို့ ဒေသခံလယ်သမားတွေက ရှင်းပြပါတယ်။
”အစိုးရက တားပေမယ့် ကျွန်တော်တို့ကဒီလယ်ပဲ စိုက်စရာရှိတာ။ တစ်လျှောက်လုံးလည်း သစ်တောက တားခဲ့တာပဲ။ ဒီလိုပဲ စိုက်ခဲ့နေခဲ့ကြတာပဲ”လို့ အနှစ် ၂ဝ ခန့် ကျွန်းပေါ်မှာ လယ်စိုက်ခဲ့တဲ့ ဦးကျင်ဟိန်းက ဆက်ရှင်းပြတယ်။
မြေယာအတင်းတက်လုနေတဲ့ လူတွေကြောင့် ”လူသတ်မှုဖြစ်ခဲ့တဲ့ လယ်ပိုင်ရှင်နှစ်ဦးပေါင်းမှ ဧက ၅ဝ လောက်ပဲ ပိုင်ကြတာ။ ဒါကို အကြောင်းပြုပြီးတော့ အစိုးရက အကုန်လုံးကို ပိတ်ပင် တားဆီးလိုက်တာ”လို့ ဦးကျင်ဟိန်းက ဆိုပါတယ်။
၂ဝ၁၆ အတွင်း စပါးရိတ်သိမ်းချိန်ရောက်တဲ့အခါမှာတော့ တားမြစ်ထားတဲ့ကြားက စပါးစိုက်လို့ဆိုပြီး ရွှေကျွန်းသာကျွန်းပေါ်က လယ်သမား ၃၁၆ ဦး စိုက်ပျိုးထားတဲ့ လယ် ၂,၇၇၁ ဧကပေါ်က စပါးတွေကို ဧရာဝတီတိုင်းဒေသကြီး အစိုးရက လာရောက်သိမ်းယူခဲ့ပါတယ်။
ဒါ့အပြင် ကျွန်းပေါ်မှာ ရှိနေတဲ့ လယ်သမားတွေရဲ့ နေအိမ်တွေကို ဖျက်သိမ်းခိုင်းခဲ့ပြီး ကျွန်းပေါ်မှာ ဖြတ်သန်းသွားလာခွင့်၊ ကဏန်းထောင်ခွင့်၊ ငါးရှာခွင့်တွေပါ မပြုလုပ်ရဘူးလို့ (၁/၂ဝ၁၇) အမိန့်စာထုတ်ပြန်ပြီး ထပ်မံ တားမြစ်ခဲ့တယ်။
ဧရာတိုင်းအစိုးရရဲ့ တားမြစ်ပိတ်ပင်မှု
အခုလို လယ်ယာမြေနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေကို လယ်စိုက်ခွင့် တားမြစ်လိုက်ပြီး စိုက်ထားတဲ့ စပါးတွေကို နိုင်ငံတော်အရန်ဆန်အဖြစ်ပါ သိမ်းယူခဲ့တဲ့လုပ်ရပ်ဟာ မှားယွင်းနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက သုံးသပ်ပါတယ်။
”ငါတို့ အစိုးရလက်ထက်ကျမှ (လယ်သမားဆီက စပါး) သိမ်းတယ်ဆိုတာ မသင့်လျော်ဘူး”
တည်ဆဲဥပဒေတွေဖြစ်တဲ့ တရားမကျင့်ထုံး ဥပဒေမှာလည်း လယ်သမားစိုက်ပျိုးထားတဲ့စပါးကို ဝရမ်းကပ် သိမ်းဆည်းခွင့် ပေးမထားဘူးလို့ ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။
လူသတ်မှုဖြစ်ပွားတာကို ရာဇဝတ်မှုပုဒ်မတွေနဲ့ အရေးယူရမှာ ဖြစ်သလို တိုင်းအစိုးရ ပြောသလိုနှစ်ဖက်အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာကြောင့် မငြိမ်မသက် ဖြစ်နေတယ်ဆိုရင်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၅ နဲ့ အမိန့်ထုတ်ပြီး ထိန်းသိမ်းရမယ်လို့ သူက ရှင်းပြပါတယ်။
”ဒီလိုမှ မငြိမ်သေးရင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အစိုးရက ထိန်းသိမ်းမှုတွေလုပ်လို့ရပေမယ့် ရွှေကျွန်းသာကျွန်းဖြစ်စဉ်မှာ ဒီလို ဥပဒေ အကိုးအကားတွေကို အသုံးပြုတာ မတွေ့ရဘူး”လို့သူက ဆက်ပြောပါတယ်။
လပွတ္တာမြို့နယ်အသင်းရဲ့ နာယကတစ်ဦးဖြစ်သလို မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းရဲ့ နာယကတစ်ဦးလည်း ဖြစ်တဲ့ ဦးမြတ်ဦးက သစ်တောပိုင်မြေကို ကျူးကျော်တယ်ဆိုပြီး တိုင်းအစိုးရက စပါးတွေ သိမ်းဆည်းတာဟာ လုပ်ကိုင်ပုံ နည်းလမ်းမကျသလို တောင်သူလယ်သမားတွေ နစ်နာတယ်လို့သူက ဆိုပါတယ်။
”ဒီလူတွေဟာ ဘိန်းစိုက်နေတာမဟုတ်ဘူး။ ဒါဟာ လယ်စိုက်နေကြတာပါ”လို့ ဦးမြတ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာဝန်ကြီး ဦးဘဟိန်းကတော့ တိုင်းအစိုးရအဖွဲ့က စပါးတွေ သိမ်းယူခဲ့တာဟာ မြေယာအငြင်းပွားနေတဲ့ လယ်သမားတွေကြား မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo – Kyaw Zayya စိုက်ပျိုးခွင့်ပိတ်ပင်ခံထားရတဲ့ လယ်သမားတချို့ကို သူတို့၏ လယ်ကွင်းများအနီးတွင် တွေ့ရစဉ်
”ချုပ်ပြောရရင်တော့ ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ရှေးရှုပြီးတော့ ဒါကို ဆောင်ရွက်ခြင်းပဲဖြစ်တယ်”လို့သူက ပြောပါတယ်။
ဒီကျွန်းပေါ်က မြေယာသိမ်းမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝေဖန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရည်ညွှန်းပြီး ဦးဘဟိန်းက အခုလိုလည်း တုံ့ပြန်ပါတယ်။
”သွေးချောင်းစီးသွားမှာကို ဝေဖန်တဲ့သူတွေက မမြင်ဘူး။ ကျုပ်တို့ အနီးကပ်နေတဲ့သူတွေက ဒါကို မြင်တယ်။ သွေးချောင်းစီးမှာကို မြင်တာမို့ စပါးထက်တန်ဖိုးရှိတာ၊ မြေထက် တန်ဖိုးရှိတာ လူ့အသက်ပဲ”
တိုင်းအစိုးရဖွဲ့ရဲ့ စီမံခန့်ခွဲမှုတွေဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ထဲမှာ ဝေဖန်ထောက်ပြနေတဲ့ ကိုယ်စားလှယ်တွေကို ဘာမှတ်ချက်ပေးချင်ပါသလဲလို့ ဦးဘဟိန်းကို မေးမြန်းတဲ့အခါ သူက အခုလို ဆိုပါတယ်။
”အစိုးရလုပ်တာ ဥပဒေနဲ့မညီဘူးဆိုရင် သစ်တောထဲကို ကျူးစိုက်တာလည်း ဥပဒေနဲ့ မညီဘူးလို့ ပြောရမယ်။ ဒါမှသာလျှင် ဥပဒေအပေါ်မှာ မတိမ်းမစောင်း ရပ်တည်ပြီးတော့ ပြောတာဆိုတာ လုပ်တာကိုင်တာ ဖြစ်မယ်။ ဒါပဲ”
ရွှေကျွန်းသာကျွန်းပေါ်က လယ်သမား ၇ဝ ကျော်ကို သစ်တောပိုင်မြေ ကျူးကျော်စိုက်ပျိုးလို့ဆိုပြီး သစ်တောဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက စပါးသိမ်းယူမှုမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နဲ့ လယ်သမား ၃၈ ဦးကိုလည်း တရားစွဲခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ လုပ်ရပ်တွေဟာ တရားဥပဒေပြဋ္ဌာန်းချက်နဲ့ မညီညွတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကြည်ဝင်းဟာ သူ့မဲဆန္ဒနယ်ထဲမှာပါတဲ့ ဒီဒေသကို မြေပြင်အထိ ကွင်းဆင်းလေ့လာခဲ့တာကြောင့် သစ်တောကြိုးဝိုင်းလို့ဆိုနေတဲ့ ရွှေကျွန်းသာကျွန်းနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပြုပါတယ်။
”မြန်မာပြည်မှာ ရှိနေသမျှ လယ်တွေအားလုံးဟာ သစ်တောကနေပြီး လယ်ဖြစ်လာတာလေ။ အဲဒါကို သူတို့က ပုံကြီးချဲ့ပြီးတော့ သစ်တော သစ်တော လျှောက်ပြောနေတာဟာ အဲဒီနေရာမှာ သစ်တောနဲ့တူတဲ့ ဒန့်ကျွဲပင်တောင် မရှိဘူး”
Photo – Kyaw Zayya လယ်စိုက်ခွင့်တားမြစ်ခံရသလို လယ်ကွင်းများပေါ်က နေအိမ်တွေလည်း ဖျက်ပေးကြရတယ်
ပြီးတော့ သူက တစ်ဆက်တည်း အခုလို ထပ်ပြောပါတယ်။ ”ငါတို့ အစိုးရပါကွာ။ ငါဟာ အတိုက်အခံ မဟုတ်ပါဘူး။ ငါက NLD ပါ။ အဲဒီလောက် မကောင်းတာကျတော့ ငါလည်းလိုက်ပြီး သူတို့ဘက်က မပါနိုင်ဘူး။ လယ်သမားဘက်ကပဲ ငါတော့ ပါမယ်”
လယ်သမားတွေရဲ့ မတရားမြေသိမ်းခံရမှုအရေးတွေကို ကူညီဆောင်ရွက် ဖြေရှင်းပေးရာမှာ နာမည်ကြီးတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကလည်း ဧရာဝတီတိုင်းထဲမှာ သစ်တောကြိုးဝိုင်းနဲ့ မလွတ်ကင်းတဲ့ လယ်ယာမြေနဲ့ ကျေးရွာတွေ ဒီနေ့အထိ ရှိနေတာမို့ ရွှေကျွန်းသာကျွန်းပေါ်က လယ်တွေ သစ်တောကြိုးဝိုင်းစာရင်းဝင်နေတာဟာ အထူးအဆန်း မဟုတ်ဘူးလို့ ဆိုပါတယ်။
”မင်းလည်းမစိုက်နဲ့၊ နင်လည်း မစိုက်နဲ့ဆိုတာဟာ ဒီမြေက နှစ်ယောက်တည်း စားရတာမဟုတ်ဘူး။ ဒီက ရတာကို အကုန်လုံး(ဒေသတစ်ခုလုံး) စားနေတာ။ ဒီလို သွားလုပ်လို့ မရဘူး” လို့ လယ်သမားတွေကို တိုင်းအစိုးရက လယ်မစိုက်ဖို့ တားမြစ်မိန့် ထုတ်ထားတဲ့အပေါ် ဦးစိန်ဝင်းက သုံးသပ်ပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်
ဦးခင်သိန်းဆိုရင် သူစိုက်ပျိုးထားတဲ့ စပါးတွေ အသိမ်းခံရတဲ့အပြင် တရားစွဲတာကိုပါ ခံခဲ့ရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက စိုက်ထားတဲ့ စပါးကို ကိုယ်တိုင်ရိတ်သိမ်းချင်ရင် သစ်တောမြေမှာကျူးကျော် စပါးစိုက်ပျိုးခဲ့ပါတယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးရင်တော့ရမယ်ဆိုတဲ့ အကြံပေးချက်ကြောင့် ဦးခင်သိန်းဟာ လပွတ္တာမြို့ပေါ်ကို တက်ပြီးသစ်တောဌာနမှာ ကျူးကျော်ပြီး စပါးစိုက်ခဲ့ကြောင်း ဝန်ခံလက်မှတ်ထိုးပေးခဲ့ပါတယ်။
ဒါပေမဲ့ သူထင်ထားသလို ဖြစ်မလာဘဲ ”တရားလည်း အစွဲခံရတယ်။ စပါးလည်း တစ်စေ့မှမရဘူး။ ကွင်းပေါ်ကပါ ဆင်းပြေးရတယ်”လို့ ဦးခင်သိန်းက ဆိုပါတယ်။
ဒါ့အပြင် သူ့လယ်တွေရဲ့ အစပ်မှာ ဆောက်ထားတဲ့ နေအိမ်ကိုပါ တိုင်းအစိုးရက ဖျက်သိမ်းခိုင်းခဲ့တာကြောင့် အခုဆိုရင် ရွှေကျွန်းသာကျွန်းရဲ့ တစ်ဖက်ကမ်း လွှစာမြစ်ကမ်းဘေးမှာ တဲထိုးပြီး နေထိုင်နေရပါတယ်။
သူဟာ သစ်တောဥပဒေနဲ့ တရားစွဲခံခဲ့ရပြီး ကိုးလတာအတွင်း ရုံးချိန်း ၂ဝ ခန့် လပွတ္တာမြို့နယ်တရားရုံးမှာ အမှု ရင်ဆိုင်ခဲ့ရတယ်။ တရားရုံးချိန်း သွားရောက်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်ကို မွေးထားတဲ့ ကြက်နဲ့ ဘဲတွေကို ရောင်းချကာ တရားရင်ဆိုင်ခဲ့ရတယ်လို့ သူက ရှင်းပြတယ်။
သူ့အမှုကို အပြီးသတ်အမိန့်ချမယ့် ရုံးချိန်းအပတ်ကဆိုရင် သူ့အိတ်ကပ်ထဲမှာ ငွေငါးထောင်ကျပ်ပဲ ဦးခင်သိန်းပါသွားပါတယ်။
တရားရုံးက ငွေဒဏ်ဆိုရင် တစ်သောင်း၊ ထောင်ဒဏ်ဆိုရင် တစ်လသတ်မှတ်လိုက်ပြီး အခြားလျှောက်လွှာနဲ့ စာရေး၊ စာချီ လက်ဖက်ရည်ဖိုးတွေပါ ပေါင်းရင် သူ့အမှုပိတ်ဖို့ ငွေနှစ်သောင်းခွဲလောက် လိုနေတဲ့အခါ အကျပ်ရိုက်သွားရတယ်လို့ ပြောပြီး သူကအခုလို ဆိုပါတယ်။
Photo – Kyaw Zayya ဒေသခံတွေဟာ သစ်တောဥပဒေနဲ့လည်း တရားစွဲခံကြရတယ်
”အခြားသူတွေဆီက ငါးထောင်၊ တစ်သောင်းစသဖြင့် ချေးပြီးတော့ တရားရုံးကြေး ဆောင်ခဲ့ရတယ်။ အခြားသူတွေ ငွေဝိုင်းကူလို့။ မဟုတ်ရင် အချုပ်ထဲမှာ နေခဲ့ရမှာ”
ရွှေကျွန်းသာကျွန်းပေါ်က လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဌေးလွင်ဆိုရင် ကျွန်းပေါ်မှာ လယ်ယာစိုက်ပျိုးနေတာ အနှစ် ၄ဝ ခန့် ရှိပါပြီ။ သူလုပ်ကိုင်နေတဲ့ လယ်တွေရဲ့ တစ်ဝက်ခန့်ဟာ မိဘအမွေဖြစ်ပြီး ကျန်တစ်ဝက်ကတော့ သူလုပ်ကိုင်ခဲ့တဲ့ ကာလတစ်လျှောက် ဝယ်ယူထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ တိုင်းဒေသကြီးအစိုးရရဲ့ အမိန့်ကြောင့် မိဘတွေလက်ထက်ကတည်းက နိုင်ငံတော်တာဝန်ကျေစပါး ပေးသွင်း စိုက်ပျိုးခဲ့တဲ့ လယ်တွေလည်း စိုက်ပျိူးခွင့် တားမြစ်ခံထားရတယ်လို့ သူက ဆက်ပြောပါတယ်။
ကျပ်သိန်းပေါင်း ၁၄ဝ လောက် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဦးဌေးလွင်က ရှင်းပြတယ်။
ရွှေကျွန်းသာကျွန်းပေါ်က လယ်တွေရဲ့ တစ်ဧကစိုက်ပျိုးစရိတ်ဟာ ကျပ်နှစ်သိန်းခွဲနဲ့ သုံးသိန်းဝန်းကျင်ကြား ကုန်ကျတာမို့ ဦးဌေးလွင်ဆိုရင် ပြီးခဲ့တဲ့ ရာသီက စိုက်စရိတ်အရင်းအနှီး ကျပ်သိန်း ၁ဝဝ နီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုရမှာပါ။
ဥပဒေနဲ့ မျှတမှု ချိန်ညှိဖို့ လို
ရွှေကျွန်းသာအရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ ၂ဝ၁၆ ဒီဇင်ဘာမှာ ကွင်းဆင်းစစ်ဆေးတာတွေလုပ်ခဲ့သလို သတင်းထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း လယ်မစိုက်ဖို့ တားမြစ်ထားတဲ့လယ်ကွက်တွေထဲမှာ စပါးစိုက်ပျိုးတာကို တားမြစ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဝန်ထမ်းတွေကို အရေးယူဖို့၊ သစ် တောမြေကို ကျူးကျော်စိုက်ပျိုးတဲ့အတွက် လယ်သမားတွေကို အရေးယူဖို့စတဲ့ အချက်တွေကို ထည့်သွင်းခဲ့ပါတယ်။
သိမ်းဆည်းခဲ့တဲ့ စပါးတွေကို လည်း ပြန်လည်ပေးအပ်သင့် တယ်လို့ အကြံပြုခဲ့ပြီး စပါးရိတ်သိမ်းမှုကို လယ်သမားတွေကိုပဲ လုပ်ခွင့်ပေးသင့်တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရကတော့ အကြံပြုချက်မှာ ပါတဲ့ လယ်သမားတွေကို တရားစွဲဆိုပါဆိုတဲ့ အကြံပြုချက်ကိုပဲ လုပ်ဆောင်ခဲ့ပါတယ်။
အခြားအကြံပြုချက်တွေဖြစ်တဲ့ ဝန်ထမ်းတွေကို အရေး ယူဖို့နဲ့ စပါးတွေကို လယ်သမားတွေကိုယ်တိုင် ရိတ်ခွင့်ပြုဖို့၊ သိမ်းထားတဲ့ စပါးတွေကို ပြန်ပေးဖို့ကိစ္စတွေကိုတော့ အကောင်အထည် မဖော်ခဲ့ပါဘူး။
လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကုန်မလိုက်နာတာကြောင့် ရွှေကျွန်းသာကျွန်းဖြစ်စဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် သက်ရောက်သွားပြီဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပြီး အခုလို ဆက်ပြောတယ်။
”အမိန့်တစ်ခုဟာ မှားယွင်းခဲ့တဲ့အတွက် နစ်နာမှု၊ နစ်နာကြေးကို တောင်းရတော့မယ်”
ဒါကြောင့် ရွှေကျွန်းသာကျွန်းက နစ်နာခဲ့တဲ့ လယ်သမားတွေဟာ တရားမမှုကြောင်းအရ ဧရာဝတီတိုင်းအစိုးရကို တရားစွဲခွင့် ရရှိသွားခဲ့ပြီဖြစ်သလို တရားရုံးကနေ လေလွင့်သွားတဲ့ စပါးတွေအတွက် လယ်သမားတွေက တိုင်းအစိုးရကို လျော်ကြေးတောင်းခွင့် ရရှိသွားပြီလို့ ဦးကြည်ဝင်းက ရှင်းပြတယ်။
ဒါပေမဲ့ တရားရင်ဆိုင်ရင် ကုန်ကျမယ့် စရိတ်ကို မတတ်နိုင်တာကြောင့် တရားစွဲဆိုမှု မလုပ်နိုင်သေးဘူးလို့ နစ်နာမှုရှိတဲ့ လယ်သမားတွေက ဆိုကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဘဟိန်းကတော့ ရွှေကျွန်းသာကျွန်းပေါ်က သိမ်းဆည်းလာတဲ့ စပါးတွေကို ပြန်လည်ရောင်းချတဲ့အတွက် ရလာတဲ့ငွေကျပ် သိန်း ၃၆ဝ ရှိတယ်လို့ ဆိုပါတယ်။ စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေ ထုတ်နုတ်အပြီး ပိုတဲ့ငွေဖြစ်ပါတယ်။ ဒီငွေတွေကို လယ်သမားတွေကို ပြန်လည်ခွဲဝေပေးမှာ မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ အဲဒီဒေသက နွမ်းပါးတဲ့စာသင်ကျောင်းတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
တားမြစ်ခဲ့တဲ့ လယ်ဧက ၂,၇ဝဝ ကျော်ကနေ ပျမ်းမျှ ထွက်ရှိရမယ့် စပါးအထွက်နှုန်းဟာ တင်းပေါင်း တစ်သိန်းလေး သောင်းကျော်လောက် ရှိပေမယ့် အစိုးရ စီမံခန့်ခွဲမှုနဲ့ တက်ရောက်ရိတ်သိမ်းယူခဲ့ရာမှာ တင်းပေါင်း တစ်သောင်း နှစ်ထောင်ကျော်ပဲ ရခဲ့တာကြောင့် စပါးတင်းပေါင်း တစ်သိန်းကျော်ဟာ လေ့လွင့်ပျောက်ဆုံးသွားခဲ့ရတယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။
ယခင်က လယ်သမားသုံးရာကျော်ဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်အသီးသီးကို တစ်ပြိုင်တည်း ရိတ်သိမ်းတာကြောင့် အလေအလွင့်နည်းခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအစီအစဉ်နဲ့ ရိတ်သိမ်းတဲ့အခါ တစ်ကွက်ပြီးမှတစ်ကွက် အဆင့်ဆင့် ရိတ်သိမ်းတာ၊ အသုံးပြုတဲ့ စက်ယန္တရားတွေဟာ နွံနစ်တာကြောင့် လုပ်ငန်းမတွင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အဲဒီအခါမှာ ရိတ်သိမ်းချိန်လွန်လာတဲ့ စပါးပင်တွေဟာ မြေပြင်ကို ကိုင်းကျပြီး ရေထရက်တွေမှာ ကျွန်းပေါ်ကိုဝင်ရောက်လာတဲ့ ရေငန်တွေထဲ နစ်ကုန်တာကြောင့် အလေအလွင့် များပြားခဲ့ရတာလို့ ဒေသခံလယ်သမားတွေက ပြောပြကြပါတယ်။
ဝန်ကြီးဦးဘဟိန်းကတော့ မူလလယ်သမားဆိုပြီး လယ်ယာမြေ တောင်းဆိုနေသူတွေထဲမှာ ရွှေကျွန်းသာကျွန်းမှာ တစ်ခါမှ လယ်မလုပ်ဖူးသူတွေ ပါနေတာကြောင့် မြေယာအငြင်းပွားမှုကို သေချာစိစစ်နေတယ်လို့ ဆိုပါတယ်။ လယ်စိုက်ပျိုးခွင့်ကို ဒီရာသီမှာလည်း ဆက်လက်တားမြစ်ထားပေမယ့် ကြိုးဝိုင်းစာရင်းထဲမှာ ကျန်နေတဲ့ ကျွန်းပေါ်က လယ်မြေအားလုံးကို ဒီနှစ်ဇွန်လထဲမှာ သစ်တောဌာနက ဖယ်ထုတ်ပေးလိုက်ပြီလို့ ဝန်ကြီးက ပြောပါတယ်။
သစ်တောကြိုးဝိုင်းက စွန့်လွှတ်လိုက်တဲ့ လယ်ယာမြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ လယ်သမားတွေရဖို့ စိစစ်ဆောင်ရွက်ပေးသွားမယ်လို့ ရွှေကျွန်းသာ မြေယာအမှုအခင်း ဖြေရှင်းပေးနေမှု အခြေအနေကို ဦးဘဟိန်းက ရှင်းပြတယ်။
Photo- Kyaw Zayya လယ်စိုက်ပျိုးမှု မရှိတဲ့ လယ်ကွင်းတွေဟာ မြက်ရိုင်းတောတွေ ဖြစ်လာနေပါတယ်
”သစ်တောမြေက ပယ်ဖျက်လိုက်ရင် မြေရိုင်းဖြစ်သွားတယ်။ အဲဒါကြောင့် မြေရိုင်းဥပဒေအရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားရမယ်။ မူလလက်ငုတ်၊ လက်ရှိလက်ငုတ်ဆိုတာကို စိစစ်ပြီးတော့ ကျွန်တော်တို့က ပေးသွားမယ်။ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မယ်”လို့ သူက ဆက်ရှင်းပြပါတယ်။
ဦးကြည်ဝင်းကတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ တစ်ကြိမ်တစ်ခါမှ မစိုက်ပျိုးဖူးတဲ့ မြေက သာလျှင် မြေရိုင်းဖြစ်ပြီး နှစ်ပေါင်းများစွာ လယ်စိုက်ပျိုးလာတဲ့မြေတွေကို ဒီဥပဒေနဲ့ ပြန်လည်ခွဲဝေချထားရေး လုပ်မယ်ဆိုတာဟာ လက်ရှိစိုက်ပျိုး နေသူတွေအတွက် မမျှတဘူးလို့ ဆိုပါတယ်။
ဥပဒေအရ ခွဲဝေချထားပေးမယ်ဆိုရင် ဒီကျွန်းပေါ်မှာ တစ်ခါမှ မစိုက်ပျိုးဖူးတဲ့ သူတွေတောင်မှ လုပ်ထုံးလုပ်နည်းနဲ့ ညီနေရင် မြေယာပိုင်ဆိုင်မှု ရသွားနိုင်တာကြောင့် တိုင်းအစိုးရအနေနဲ့ မြေယာခွဲဝေချထားမှုကို မျှမျှတတဖြစ်အောင် စီမံပေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
မြေယဉ်မှ မြေရိုင်းသို့
ဧရာဝတီတိုင်းရဲ့ မြေအမျိုးအစားတွေဟာ မစိုက်ပျိုးဘဲမြေကို လှပ်ထားလိုက်ရင် နှစ်ရာသီလောက်အတွင်း ကိုင်းပင်တွေပေါက်ပြီး အရိုင်းမြေပြန်ဖြစ်သွားတတ်တာမို့ အခုလို မြေလှပ်လိုက်တာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။
လယ်ယာမြေတွေဟာ လယ်သမားတစ်ဦးအတွက် စပါးစိုက်ပျိုးရာ လယ်ကွင်းဖြစ်သလို တိုင်းပြည်အတွက် ရိက္ခာထုတ်လုပ်ပေးရာ အရင်းအမြစ်တွေဖြစ်တာကြောင့် အိမ်ခြံမြေအမှုအခင်းတွေကို ချိပ်ပိတ်ပြီး ဘယ်သူမှ မနေရလို့ ဖြေရှင်းသလိုမျိုးဖြေရှင်းလို့ မရဘူးလို့ သူက ဆက်ပြောတယ်။
”လယ်သမားစပါးစိုက်ပျိုးတာဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်တာကို တိုင်းအစိုးရအနေနဲ့ သိမြင်ပြီးကောင်းမွန်စွာ စီမံခန့်ခွဲပေးသင့်တယ်”
ဥပဒေတွေဟာ တစ်ခုနဲ့တစ်ခု ရှုပ်ထွေးပြီး ရှင်းလင်းပြတ်သားမှု မရှိတဲ့ အခြေအနေမျိုးမှာ တိုင်းအစိုးရရဲ့ စီမံခန့်ခွဲသူတွေထံမှာ ရှိနေရမယ့် အရာတစ်ခုက ”အကျိုးရှိစေသော ဆင်ခြင်တုံတရား”လို့ ဦးစိန်ဝင်းက အကြံပြုပါတယ်။
တိုင်းအစိုးရအနေနဲ့ ဒီမြေယာပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လက်ရှိစိုက်ပျိုးထုတ်လုပ်နေသူတွေကို ဆက်လက် စိုက်ပျိုးခွင့်ပေးရမှာ ဖြစ်သလို စိုက်ပျိုးထုတ်လုပ်ရင်းက မြေအငြင်းပွားမှုကို ဖြေရှင်းပေးတာမျိုးက အားလုံးအတွက် အကျိုးရှိတဲ့ အရာဖြစ်တယ်လို့ သူက အကြံပြုပါတယ်။
လက်ရှိအချိန်မှာတော့ အစိုးရ ထားမြစ်ထားတဲ့ မြေဧရိယာပေါ်က လယ်ယာမြေတွေဟာ ခါးစောင်းလောက်ရှည်တဲ့ မြက်ရိုင်းတောတွေ ပြန်ဖြစ်နေတာကို မော်ကွန်းက ကွင်းဆင်းလေ့လာတဲ့အခါ တွေ့ရပါတယ်။
ဒီပုံစံအတိုင်း လယ်မြေတွေ ဆက်ပစ်ထားခံရမယ်ဆိုရင် ယဉ်ပါးနေပြီဖြစ်တဲ့ လယ်မြေတွေဟာ မြက်ရိုင်းတော ပြန်ဖြစ်သွားပြီး ပြန်လည်စိုက်ပျိုးဖို့ ခွင့်ပြုရင်တောင် ပင်ပင်ပန်းပန်း မြေပြုပြင်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ ရွှေကျွန်းသာကျွန်းက စိုက်ပျိုးခွင့် တားဆီးခံထားရတဲ့ လယ်သမားတွေက ပြောပြပါတယ်။
Photo – Kyaw Zayya ဖျက်သိမ်းပေးခဲ့ရသည့် ဦးခင်သိန်း၏ နေအိမ်ဟောင်းနေရာ
ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက ချေးငှားစိုက်ပျိုးထားတဲ့ စပါးတွေကို တိုင်းအစိုးရရဲ့ သိမ်းယူမှုခံခဲ့ရတာကြောင့် အခုအခါ အကြွေးပြန်ဆပ်ရမယ့်အချိန်ကို ရောက်လာပြီဖြစ်ပေမယ့် လယ်သမားတွေဟာ မဆပ်နိုင်ကြသေးပါဘူး။
ဦးခင်သိန်းဆိုရင် ပြီးခဲ့တဲ့ ရာသီက စပါးစိုက်ပျိုးဖို့ ငှားရမ်းခဲ့တဲ့ ကျွဲငှားခနဲ့ မျိုးစပါးဖိုးငွေ ၁ဝ သိန်းလောက် အကြွေးတင်နေပါတယ်။
ဒါ့အပြင် စိတ်မကျန်းမာသူ တူတစ်ဦးရယ်၊ နှလုံးရောဂါသည် သားတစ်ဦးရယ်နဲ့ လေးနှစ်၊ ခုနစ်နှစ်၊ ကိုးနှစ်အရွယ်ကလေးတွေရဲ့ ဘဝရပ်တည်ရေးအတွက် သူဝင်ငွေရှိမှ ဖြစ်မယ်လို့ ဆိုပါတယ်။
နှလုံးရောဂါသည် သားဖြစ်သူဟာလည်း ပုံမှန် ဆေးရုံ၊ ဆေးခန်း ပြရမယ့်အခြေအနေတွေ ဖြစ်လာတာကြောင့် ရှေ့ဆက်သူတို့ မိသားစုဘဝတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို သူလည်း မပြောပြတတ်တော့ဘူးလို့ ဦးခင်သိန်းက ညည်းတွားတယ်။
သူတို့ ကြုံနေရတဲ့ အဖြစ်တွေကို ပြောပြနေစဉ်မှာ ဦးခင်သိန်းက တည်တည်ငြိမ်ငြိမ် ရှိပေမယ့် ဘေးမှာ ထိုင်နေတဲ့ သူ့ဇနီးကတော့ ငိုလို့နေပါတယ်။
သစ်တောဌာနက စိုက်ပျိုးချိန်အမီ ဖယ်ထုတ်ပေးလိုက်ပေမယ့် ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဒီနှစ်မှာလည်း ရွှေကျွန်းသာကျွန်းပေါ်မှာ လယ်စိုက်ခွင့်ကို ထပ်မံပိတ်သိမ်းထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် လယ်မြေ ၁၂ ဧက ပိုင်ရှင် ဦးခင်သိန်းဟာ သူ့ရဲ့မိသားစုစားဝတ်နေရေးအတွက် ထင်းခုတ်စားဖို့ လှေတစ်စီးကို ကြံ့ခိုင်ရေးကောင်းအောင် ပြုပြင်နေပါတယ်။
လယ်စိုက်ခွင့် တားဆီးပိတ်ပင်ထားတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရကို ဘာပြောချင်သလဲဆိုတဲ့ မေးခွန်းကို ဦးခင်သိန်းက အခုလို ဖြေပါတယ်။
”မပြောရဲပါဘူး။ သူတို့က အစိုးရလေ။ ငါတို့ပြောရင်လည်း လျှာလှီးခံရဦးမယ်”
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။