လောက်ကိုင် – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့သတင်းတွေထွက်လာပြီးနောက် မြို့ထဲမှာအလုပ်လုပ်နေတဲ့ အလုပ်သမားအတော်များများဟာ အလုပ်ထွက်ပြီးနေရပ်ကိုပြန်နေကြပြီလို့ လောက်ကိုင်မြို့ကဒေသခံတစ်ဦးကပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ စစ်ဖြစ်လာနိုင်တာကြောင့် အလုပ်သမားတွေပြန်ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
‘ကျွန်တော်တောင်မနက်ဖြန်ပြန်မှာ၊ ဒီရက်ပိုင်းသေနတ်သံတွေလည်းကြားနေရတယ်၊ စစ်သားတွေလည်း သေနေကြတယ်ဆိုတော့စစ်ဖြစ်လာဖို့ကသေချာတယ်၊ အကုန်ပြန်ကြပြီ”လို့ အလုပ်လာလုပ်နေသူတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့မှာစစ်ဖြစ်လာရင် အလုပ်ရှင်တွေကလည်းတာဝန်မယူနိုင်ဘူးလို့ဆိုတာကြောင့် အလုပ်သမားတွေအားလုံးနီးပါး အလုပ်ထွက်ပြီးနေရပ်ပြန်ကြတာလို့ဒေသခံကပြောပါတယ်။
မြို့တွင်းမှာ အခြေအနေထူးခြားတာမျိုးမရှိသေးပေမယ့် မြို့အနီးဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏထိတွေ့မှုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လောက်ကိုင်မြို့တွင်းက ဂိမ်းရုံမှာအလုပ်လုပ်နေသူတွေဟာ အလုပ်စာချုပိ နှစ်ချုပ်ချုပ်ထားတာကြောင့် ပြန်လို့မရသေးသူတွေရှိနေသေးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – ယနေ့လောက်ကိုင်မြို့မြင်ကွင်း
ဓာတ်ပုံ – CJ
#Dailynews

