ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းနဲ့ အနီးတစ်ဝိုက်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေတွေ မကပ်ဖို့နဲ့ ငါးမဖမ်းဖို့ ကန့်သတ်တဲ့အမိန့်ကို စစ်ကောင်စီက မနေ့ကထုတ်ပြန်လာပါတယ်။
အမိန့်ကြော်ငြာစာကိုထုတ်ပြန်တဲ့ရက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်ထိ နှစ်လအတွင်း အတည်ဖြစ်တယ်လို့လည်း အဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်းကြီးတစ်ခုဖြစ်တဲ့ ရမ်းဗြဲကျွန်းမှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်လာတာပါ။
ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသကို အခြေပြုလှုပ်ရှားနေတဲ့ AA ဟာ လက်ရှိမှာ တောင်ပိုင်းအစွန်အဖျားဒေသဖြစ်တဲ့ ကျောက်ဖြူနဲ့ ရမ်းဗြဲ ဒေသတွေကိုပါ တိုက်ပွဲဖော်ဆောင်လာတာဖြစ်ပါတယ်။
မနေ့ကတော့ ရမ်းဗြဲမြို့ပေါ်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ပေါ်ကဒေသခံအားလုံးနီးပါးဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရမ်းဗြဲအခြေအနေက ပြောရရင် မြို့ပေါ်မှာလူမရှိသလောက်ဖြစ်နေပြီ။ မနေ့ကတော့ တစ်နေ့လုံး လက်နက်ကြီးနဲ့ ပစ်နေတယ်။ ကျွန်တော်တို့လည်း ဘေးလွတ်ရာပြေးနေရတယ်။ ဒီလိုပဲ ဆွေမျိုးနီးစပ်ရှိတဲ့ တိုက်ပွဲလွတ်တဲ့ရွာတွေကို ပြေးကြတာပေါ့” လို့ အဲ့ဒီရမ်းဗြဲဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသတွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပေမယ့် အခုတိုက်ပွဲဖြစ်ပွားတဲ့ ရမ်းဗြဲကျွန်းကတော့ ပထမဦးဆုံးအကြိမ် တိုက်ပွဲဖြစ်လာတဲ့ ဒေသပါ။
ယခုလ ၁၈ ရက် မနက်ပိုင်းမှာ ရမ်းဗြဲမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ အောင်ချမ်းသာစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ AA တို့ ရုတ်တရတ်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာ၊ စစ်ရဟတ်ယာဉ်တွေနဲ့လည်း လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်က နေအိမ်အချို့နဲ့ ဆိုင်ခန်းအချို့ မီးလောင်ပျက်စီးသွားတယ်လို့လည်း ရမ်းဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။
“မနေ့က တစ်နေကုန်ပစ်တယ်။ မြို့ပေါ် က အိမ်တွေပေါ်လည်း ကျတယ်။ ပြီးရင်ဆိုင်ခန်းတွဲတွေရှိတယ်။ အဲ့ဒီအပေါ်တွေကျတယ်။ အခု မြို့ပေါ်မှာ ဘယ်သူမှမနေရဲကြတော့ဘူး။ ကျွန်တော်တို့ဆို ဘာမှကိုမယူနိုင်ဘူး။ ကိုယ်လွတ်ရုန်းပြီးပြေးကြရတာ” လို့ အဲ့ဒီမြို့ခံက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်စခန်း၊ ရဲစခန်း၊ နယ်ခြားစောင့်တပ်စခန်းတွေ အပါအဝင် စခန်းပေါင်း ၁၄၀ ကျော်ကို AA က သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတိုက်ပွဲဖြစ်နေတဲ့ ရမ်းဗြဲကျွန်းဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက စတုရန်းကီလိုမီတာ ၁,၃၀၀ ကျော်ရှိတဲ့ ကျွန်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်းတစ်ခုပါ။
ဒါ့အပြင် အဲ့ဒီကျွန်းဟာ တရုတ်နိုင်ငံကို ပို့လွှတ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တဲ့နေရာဖြစ်သလို တရုတ်ရဲ့ အကြီးစားစီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွေ တည်ဆောက်မယ့် ဒေသလည်းဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲကြောင့်စစ်ဘေးရှောင်နေရတဲ့ ရမ်းဗြဲမြို့ဒေသခံများ
ဓာတ်ပုံ – Ko Ko Naing

