တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်

တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်

ရန်ကုန် – ၂၀၂၅ မတ် ၂၁ (မော်ကွန်း)

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီဒေသကို ဆက်သွယ်ထားတဲ့ လွိုင်ကော်-ဆီဆိုင် ပြည်ထောင်စုလမ်းကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။

ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားတွေ ပြုလုပ်လာတဲ့အတွက် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်လာနိုင်ပြီး လမ်းကို ရက်အကန့်အသတ်မရှိ သွားလာခြင်းမပြုလုပ်ဖို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါကလည်း ဖြစ်ပေါ်လာမယ့် အကြောင်းအရာတွေကို KNDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့လည်း အသိပေးထားတာပါ။

ဒီလမ်းပိုင်းဟာ ကရင်နီပြည်နယ် လွိုင်ကော်က ရှမ်းတောင်ပိုင်း ဆီဆိုင်၊ တောင်ကြီးမြို့တွေအထိ ဆက်သွယ်ထားတာပါ။

ဒီလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ်လိုင်းတွေပြေးဆွဲနေသလို ကုန်စည်ကူးသန်းရောင်းဝယ်သူတွေ အသုံးပြုနေတဲ့လမ်းပိုင်းဖြစ်ပါတယ်။

ဒီလမ်းပိုင်းကို ကရင်နီဒေသက စစ်ဘေးရှောင်တွေအပြင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေလည်း အဓိကထားအသုံးပြုနေတဲ့လမ်းလို့ ဒီဒေသခံတချို့က ပြောပါတယ်။

တောင်ကြီးကနေ လွိုင်ကော်ပြေးဆွဲတဲ့ ကားဂိတ်တချို့ကတော့ ဒီနေ့မနက်ပိုင်းထိ ကားလတ်မှတ်တွေ ရောင်းချနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“လောလောဆယ်တော့ ကားလက်မှတ်တော့ ရောင်းနေပါတယ်။ တခြားကွင်းလမ်းတွေတော့ ရှိတယ်။ ကားလေးတွေကတော့ သွားလို့ရအုံးမယ်ထင်တယ်” လို့ တောင်ကြီး-လွိုင်ကော် ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ် လွိုင်ကော်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း မနှစ်က ဇူလိုင်မှာ လွိုင်ကော်နဲ့ ရှမ်းတောင်ပိုင်းကို ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့ပါတယ်။

၎င်းပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေအပြင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ရဲ့ စစ်ဆေးရေးဂိတ်တွေလည်း အများအပြားရှိနေပြီး ကုန်တင်ယာဉ်တွေဆိုရင် ဂိတ်ဖြတ်သန်းခတွေ အများအပြားပေးရတယ်လို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အဲဒီမှာ ကုန်တင်လာတဲ့ကားဆို PNO ဂိတ်တစ်ခု တစ်သိန်းဆိုပြီးပေးရတယ်။ လမ်းဖြတ်ခဆိုပြီးတော့ကို ကောက်တယ်။ အိမ်စီးကားတွေကအစ ကောက်တယ်။ မှတ်ပုံတင်တွေဘာတွေလည်း တော်တော်စစ်တယ်” လို့ ၎င်းက ပြောပါတယ်။

KNDF အနေနဲ့ ဒီလဆန်းပိုင်းကလည်း ကရင်နီတောင်ပိုင်းက လမ်းပိုင်းတစ်ခုဖြစ်တဲ့ ဒီးမော့ဆို-မော်ချီး ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေပြီး ဒီမြို့ကို ထိန်းချုပ်ထားတဲ့ KNDF အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေတာပါ။

ပုံစာ – ကရင်နီဒေသက လမ်းပိုင်းတစ်နေရာမှာတွေ့မြင်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – KNDF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."