ရန်ကုန် – ၂၀၂၅ ဧပြီ ၂၄ (မော်ကွန်း)
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေကြောင့်လမ်းပိတ်ထားပြီး ဒေသခံတွေဟာ ရေလမ်းခရီးကနေ သွားလာနေရတာကြောင့် ယခင်ကထက် ခရီးစရိတ် ၁၀ ဆနီးပါး မြင့်တက်သွားတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒီလမ်းပိုင်းကိုပိတ်ထားတာ သီတင်းတစ်ပတ်နီးပါးရှိလာပြီဖြစ်ပါတယ်။
၎င်းကားလမ်း ပိတ်ထားတာကြောင့် မြိတ်နဲ့ ထားဝယ် ခရီးသွားတွေဟာ ခရီးသွားအေဂျင်စီတွေက စီစဉ်တဲ့ Speed Boat တွေကိုအသုံးပြုပြီး ရေလမ်းခရီးကနေသွားလာနေကြရတာပါ။
မြိတ်နဲ့ ထားဝယ်ကို ကားခဟာ ယခင်က ကျပ်သုံးသောင်းနီးပါးပဲ ကျသင့်တယ်ဆိုပေမယ့် ရေလမ်းခရီးကသွားမယ်ဆိုရင် ကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းထိ ကျသင့်တာကြောင့် မဖြစ်မနေ အရေးပေါ်သွားရောက်လိုသူတွေပဲ သွားလာနိုင်တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“မြိတ်ဆိပ်ငယ်ဘောတံတားကနေ ထားဝယ်ကြက်စာပြင်တံတားထိကို လူ ၁၀ ယောက်၊ ၁၅ ယောက်တင်ပြီး ပြေးဆွဲတဲ့ Boat တွေနဲ့ သွားနေရတယ်။ ထားဝယ်ကနေ ရန်ကုန်ကိုတော့ ကားရှိတယ်။ တော်ရုံမသွားနိုင်ဘူးလေ။ မဖြစ်မနေသွားရမယ့်လူလောက်ပဲ သွားကြတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မြိတ်-ထားဝယ် ကားလမ်းပေါ်က သရက်ချောင်းမြို့နယ်မှာရှိတဲ့ ဝင်းဝကျေးရွာ နယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။
မနေ့ကလည်း ဒီကားလမ်းပေါ်က ပလောက်မြို့အနီးမှာရှိတဲ့ ဆင်ထိုးကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ကားလမ်းကို ဒီနေ့ထိ ပိတ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အခုလို ကားလမ်းပိတ်ထားတာကြောင့် ထိုင်းနိုင်ငံကနေ ကုန်စည်တင်သွင်းရောင်းချသူတွေကလည်း အရောင်းအဝယ်တချို့ကို ရပ်ထားရတယ်လို့ ပြောပါတယ်။
အထည်အလိပ်တွေ တင်သွင်းရောင်းချသူတစ်ဦးကတော့ “အခုလောလောဆယ်တော့ ရပ်ထားရတယ်။ ကုန်ကားတွေ ဒီတိုင်း ကားလမ်းမှာပြန်စောင့်နေတယ်။ ရေလမ်းကနေလည်း စရိတ်ကအရမ်းကြီးတယ်လေ” လို့ ပြောပါတယ်။
၎င်းကားလမ်းဟာ ကော့သောင်းနဲ့ မြိတ်မြို့တွေကနေ ထိုင်းကုန်ပစ္စည်းတွေအပြင် ရေထွက်ကုန်နဲ့ အသီးအရွက်တွေ သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပြီး အခုလို ကားလမ်းပိတ်နေတာကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်နေတာပါ။
လက်ရှိမှာ မြိတ်နဲ့ ထားဝယ် သွားလာနေတဲ့ ခရီးသည်တင်ကား၊ အိမ်စီးကားတွေ၊ ကုန်တင်ယာဉ်တွေဟာ ထားဝယ်၊ ပုလောနဲ့ မြိတ်မြို့တွေက အဝေးပြေးကားဝင်းတွေမှာ ကားလမ်းဖွင့်တဲ့အချိန်ကို စောင့်ဆိုင်းနေကြတယ်လို့ ဒေသတွင်းသတင်းတချို့မှာလည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ၎င်းကားလမ်းပေါ်က သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်တာကြောင့် ကားလမ်းရက်ရှည်ပိတ်ခဲ့ရပါသေးတယ်။
ပုံစာ – ကားလမ်းပိတ်နေတာကြောင့် Speed Boat နဲ့သွားလာနေကြရတဲ့ မြိတ်-ထားဝယ် ခရီးသွားများ
ဓါတ်ပုံ – မအေးခရီးသွားလုပ်ငန်း

