ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ပြည်နယ်နှစ်ခုကိုချန်လှပ်ပြီး လာမယ့်နိုဝင်ဘာ ၁ ရက်ကစတင်ကာ တိရစ္ဆာန်ကောင်ရေစာရင်း ဒုတိယအကြိမ်ကောက်ယူဖို့ ပြင်ဆင်နေပါတယ်။
အဲ့ဒီလို မြန်မာတစ်နိုင်ငံလုံးက တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ် (ကရင်နီ)နဲ့ ချင်းပြည်နယ်တို့ကို ချန်လှပ်ခဲ့တာပါ။
တစ်နိုင်ငံလုံးတိရစ္ဆာန်ကောင်ရေစာရင်းကို ၂၀၁၈ က ပထမဆုံးအကြိမ် ကောက်ယူခဲ့ပါတယ်။
ခုချိန်မှာ ငါးနှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံကောက်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီးအရာရှိတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဲ့ဒီလိုကောက်ယူရာမှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခု၊ မြို့နယ်ပေါင်း ၂၁၅ မြို့နယ်က ကျေးရွာအုပ်စု၊ ရပ်ကွက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို ကောက်ယူမှာဖြစ်ကာ စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကိုတော့ ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမယ်လို့ ၎င်းကပြောပါတယ်။
“အဓိကတော့ စီးပွားဖြစ်မွေးမြူရေးခြံတွေကို အဓိကထားကောက်မှာပေါ့။ ကျန်ဒေသတွေတော့ လွှမ်းခြုံပြီးကောက်သွားမှာ ” လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။
စာရင်းကောက်ယူဖို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကဝန်ထမ်းတွေကို စာရင်းကောက်ယူရာမှာ အသုံးပြုတဲ့ မေးခွန်းလွှာတွေနဲ့ အချက်အလက်ဖြည့်စွက်ပုံတွေနဲ့ ပတ်သက်လို့ မြို့နယ်အလိုက် သင်တန်းတွေပေးနေတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းတွေဆီကသိရပါတယ်။
ရန်ကုန်တိုင်း သုံးခွမြို့နယ်က ကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးကတော့ “အခု ကျွန်တော်တို့ကို မြို့နယ်က လာပြောထားတယ်။ စာရင်းကောက်တော့မှာ အဆင်သင့်ပြင်ထားဖို့ပေါ့။ ဘာအကျိုးရှိမလဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မွေးမြူရေး တိရစ္ဆာန်ကြီးတွေအဖြစ် ဒေသနွားကောင်ရေ ကိုးသန်းကျော်ရှိပြီး၊ နို့စားနွား ကောင်ရေတစ်သိန်းကျော်၊ ကျွဲအကောင်ရေ နှစ်သန်းကျော်၊ နွားနောက် ကောင်ရေ သုံးသိန်းကျော်ရှိတယ်လို့ ၂၀၁၈ က ထုတ်ပြန်ထားတဲ့ တိရစ္ဆာန်ကောင်ရေစာရင်းအရ သိရပါတယ်။
ဒါ့အပြင် တိရစ္ဆာန်ငယ်တွေဖြစ်တဲ့ ဆိတ်ကောင်ရေ ၁ ဒသမ ၇ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၇ သန်း၊ မွေးမြူရေးကြက် ၄၄ သန်းကျော်၊ အသားစားကြက်ကောင်ရေ ၁၆ သန်းကျော်နဲ့ ဥစားကြက် ကောင်ရေ ၁၂ သန်းကျော် ရှိတယ်လို့ ၎င်းစာရင်းမှာ ဖော်ပြထားပါတယ်။
ပုံစာ – မှော်ဘီမြို့နယ်က ကြက် မွေးမြူရေးခြံတစ်ခုကိုတွေ့ရစဉ်
Photo – MOALI

