ကလေးမြို့ – ၂၀၂၃ မတ် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လူထုတရားဟောပြောပွဲကို ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)နဲ့ ပင်မသပိတ်တို့က ဦးဆောင်ကာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ သွေးသစ္စာသီချင်းသီဆိုတာ၊ Kalay Civil Army ကပေးပို့တဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ရှုတာ၊ သပိတ်တရားဟောတာ၊ ပင်မသပိတ်မှာပထမဆုံးကျဆုံးခဲ့တဲ့ မအားခူရဲ့အတ္ထုပ္ပတ္တိကိုဖတ်ကြားတာနဲ့ ကမ္ဘာမကြေဘူးသီချင်းသီဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့ထိ ရပ်နားခြင်းမရှိသေးတဲ့ သပိတ်တစ်ခုဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အချိန်ကာလတစ်ခုကြာမြင့်လာတဲ့အခါ ပြည်သူလူထုဟာ ခက်ခဲပင်ပန်းလာတာတွေရှိလာပေမယ့် ရင်းထားရတဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေတွေအတွက် လူထုတစ်ရပ်လုံး တော်လှန်ရေးနဲ့ယှဉ်တဲ့နိုးကြားမှုတွေနဲ့ ပြန်လည်စုစည်းလာဖို့လိုတယ်လို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။
ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၇၈၂ ရှိလာခဲ့ပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

