မူဆယ် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း)
တရုတ်နိုင်ငံဘက်ကနေ အဝင်အထွက်ဂိတ်တွေကို ပိတ်ထားတဲ့အပြင် ကုန်သွယ်မှုတွေကိုပါ ရပ်နားထားတာကြောင့် သွင်းကုန်ပစ္စည်းတချို့ပြတ်လပ်နေပြီး စျေးနှုန်းတွေမြှင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဂိတ်ပိတ်လိုက်တော့ ပစ္စည်းအဝင်ကမရှိတော့ဘူး။ တရုတ်ကသွင်းတဲ့ပစ္စည်းတွေကို ပြန်ဖြန့်တဲ့ ကုန်သည်တွေလည်း အလုပ်တွေရပ်နားလိုက်ရတယ်။ သွင်းကုန်ပစ္စည်းတွေက များတော့ ပိတ်ထားတာလည်း ကြာတော့ တချို့ ပစ္စည်းတွေဆို စျေးတွေအရင်ထက်ပိုတက်တယ် ၊ငွေစျေးကလည်း တက်နေတယ် “လို့ မူဆယ်မြို့ဒေသခံတစ်ဦးကဆိုပါတယ်။
တရုတ်ဘက်ကနေ တင်သွင်းတဲ့ လယ်ယာမြေသုံးစက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မြေဆီ၊ ဘိလပ်မြေ၊ မြေသြဇာ၊ ဆိုင်ကယ်အပိုပစ္စည်းတွေနဲ့ အဝတ်အထည်တွေ၊အပိုပစ္စည်းတွေ၊ဖုန်းပစ္စည်းတွေ မှာမရတော့တာကြောင့် ပစ္စည်းပြတ်တာတွေဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဂိတ် တွေအကုန် ပိတ်ထားတော့ အပိုပစ္စည်းတွေလည်းဝယ်မရဘူး။ ပစ္စည်းမဝင်တော့ ရန်ကုန်-မန္တလေးဘက်က ကုန်သည်တွေလည်းအလုပ်မဖြစ်ကြဘူး”လို့ဒေသခံကုန်သည်က ဆိုပါတယ်။
နယ်စပ်ဂိတ် တွေပိတ်ထားတာကြောင့် ပို့ကုန်ဖြစ်တဲ့ မြန်မာနိုင်ငံ ကနေတင်ပို့နေကြဖြစ်တဲ့ သီးနှံတွေကို ပြည်တွင်းမှာပြန်လည်ရောင်းချနိုင်ပေမယ့် သွင်းကုန်တွေမဝင်တဲ့အခါ လိုအပ်ချက်တွေရှိလာနိုင်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။
တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေကိုအောက်တိုဘာ ၆ရက်နေ့က တရားဝင်ပိတ်လိုက်တာကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းတွေရှိသလို ကုန်တင်ကားသမားတွေလည်းနေရပ်ပြန်ကြရပြီဖြစ်ပါတယ်။
#Dailynews

