အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ ဧပြီ ၂၄ (မော်ကွန်း)
တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ မဝင်ရောက်ရန်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် မြန်မာများကို ဖမ်းပေးပါက ယွမ်တစ်ထောင်ဆုငွေပေးမည်ဟု တရုတ်နိုင်ငံ ရွှေလီအစိုးရက ယနေ့ထုတ်ပြန်လိုက်သည်။
တရုတ်နယ်စပ်အရေးပေါ်ညွှန်ကြားချက်ဟုဆိုသည့် ၎င်းထုတ်ပြန်ချက်တွင် နယ်စပ်ဖြတ်ကျော်ခွင့်ကို ရက် ၆၀ ကန့်သတ်ထားပြီး မြန်မာနိုင်ငံ၏ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍ ကန့်သတ်ကာလထပ်တိုးမည်၊ ရွာသားတစ်ဦးကျူးလွန်လျင် တစ်ရွာလုံးခံစားခွင့်ရနေသည့် ထောက်ပံ့ကြေးများကို ဖြတ်တောက်မည်၊ မလိုက်နာပါက ထောင်ဒဏ်အထိအရေးယူခံရမည့်အပြင် ရောဂါကူးစက်လာပါက ကြီးလေးသော ပြစ်ဒဏ်ပေးခြင်း ခံရမည်ဟုဆိုသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျောခိုးဝင်လာသည့် မြန်မာများအားဖမ်းဆီးပေးနိုင်ပါက ယွမ်တစ်ထောင် ဆုငွေပေးမည်ဟုလည်းပါရှိသည်။
ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်း နာယက ဒေါ်မိုးမခက “ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုနှုန်းက များလာတာဆိုတော့ သူတို့ အဝင် အထွက်တွေ အကုန်လုံးပိတ်လိုက်တာဟာ ကျန်းမာရေးအတွက်လို့ပဲ ထင်ပါတယ်” ဟု ပြောသည်။
ယခုလို အဝင်အထွက် တားမြစ်လိုက်ခြင်းသည် COVID -19 ရောဂါပိုးကို ထိန်းချုပ်နိုင်မည်ဟု တရုတ်ဘက်က ယူဆခြင်းကြောင့် ဖြစ်နိုင်ပြီး မြန်မာနိုင်ငံဘက်မှ ခိုးဝင်နေသူများကိုလည်း ကျန်းမာရေးစစ်ဆေးနိုင်ရန် စည်းကမ်း တင်းကျပ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေါ်မိုးမခက မှတ်ချက်ပြုသည်။
နယ်စပ်လုံခြုံရေးကို ပူးပေါင်းကိုင်တွယ်နိုင်ရန် တရုတ်စစ်သား ၆၀၀ အင်အားဖြည့်တင်းကာ နေ့အချိန်တွင် နယ်ခြားစောင့်ရဲနှင့် ပြည်သူ့ရဲအဖွဲ့တို့က တာဝန်ယူမည်ဖြစ်ပြီး ညအချိန်တွင် စစ်တပ်တာဝန်ယူမည်ဟုဆိုသည်။
ယနေ့မြင်တွေ့ရသည့် မူဆယ် – ရွှေလီနန်းတော်ဂိတ်
Photo: Supplied
#Dailynews