ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း)
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ဆက်လက်မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံနယ်စပ်မှာ နောက်ထပ်စစ်ဘေးရှောင်စခန်းတစ်ခု ထပ်မံဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့က ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးမှာ စစ်ရှောင်စခန်းအသစ်တစ်ခုကို ရက်ပိုင်းအတွင်းကပဲ ထပ်မံဖွင့်လှစ်ခဲ့တာပါ။
အသစ်ဖွင့်လိုက်တဲ့ စစ်ရှောင်စခန်းအပါအဝင် တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ စစ်ရှောင်စခန်းနှစ်ခုရှိလာပြီဖြစ်ပြီး ယခင်ဖွင့်လှစ်ထားတဲ့ BP-၁၂၅ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် တစ်သောင်းခွဲကျော်ကို လက်ခံထားတာပါ။
အသစ်ဖွင့်လှစ်ထားတဲ့ ရန်လုံကျိုင်းစစ်ရှောင်စခန်းမှာတော့ လက်ရှိအချိန်ထိ စစ်ဘေးရှောင် ၁,၄၀၀ ကျော်ကို လက်ခံထားတယ်လို့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ကို စတင်လာတာ သီတင်းပတ်နှစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။ အဆိုပါ ကာလအတွင်း ရှမ်းမြောက်ဒေသမှာ စစ်ဘေးရှောင် စုစုပေါင်း ငါးသောင်းကျော်ထိ ရှိလာပြီလို့ ကုလသမဂ္ဂ လက်အောက်ခံ UNOCHA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့အတွက် ထောက်ပံ့ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးကတော့ “တရုတ်နယ်စပ်စခန်းတွေကတော့ သိပ်ပြဿနာမရှိဘူး။ တရုတ်ဘက်က အလှူရှင်တွေရှိတယ်။ ရိက္ခာလည်း တရုတ်ဘက်ကနေ အလွယ်တကူဝယ်လို့ရတယ်။ အထဲက လားရှိုး၊ သိန္နီတို့ ကွမ်းလုံတို့ဘက်က စစ်ရှောင်တွေကတော့ တော်တော်ခက်ခဲနေတယ်။ ထောက်ပံ့ရေးလမ်းကြောင်းတွေ သွားလို့မရတဲ့အပြင် စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတော့ အရမ်းကို မလုံခြုံတဲ့ အခြေအနေမှာရှိတယ်” လို့ သူကပြောပါတယ်။
UNOCHA က ထုတ်ပြန်ထားချက်အရ လောက်ကိုင်ဒေသအပါအဝင် နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ဘေးရှောင်စုစုပေါင်း ငါးသောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်း၊ ဘာသာရေးအဆောက်အဦတွေ၊ နယ်စပ်အနီးနဲ့ တစ်ဖက်နိုင်ငံထဲ တိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ကုလက ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေဟာ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ လားရှိုး၊ နမ့်ခမ်း၊ လားရှိုး အစရှိတဲ့ မြို့နယ်တွေမှာဖြစ်ပွားနေတာဖြစ်ပြီး ၎င်းမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေဟာလည်း ပိတ်ဆို့နေပြီး တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာလည်း လက်ရှိအချိန်ထိ ရပ်တန့်နေပါတယ်။
ပုံစာ – အသစ်ဖွင့်လှစ်ထားတဲ့ ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်း
ဓာတ်ပုံ – ကိုးကန့်အာဏာပိုင်အဖွဲ့

