ကချင်ပြည်နယ်ထဲမှာ တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းခွဲကျော်လောက်ရှိနေတယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပေမယ့် ဝန်ကြီးဌာနကတော့ မှတ်ပုံတင်စာရင်းအရ ခုနှစ်သောင်းကျော်သာ ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မဲဆန္ဒနယ်အသီးသီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက မြစ်ကြီးနားနဲ့ဗန်မော်ခရိုင်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းခွဲကျော်ရှိနေတယ်လို့ ထောက်ပြဆေးနွေးချက်တွေအပေါ် ဒီနေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေရှင်းရာမှာ ဌာနမှာရှိတဲ့ စာရင်းတွေအရ ဧက ခုနှစ် သောင်းကျော်ပဲ ရှိတယ်လို့ သူက ပြောတာပါ။
“ ၂၀၁၈-၁၉ အထိ စာရင်းအရ တစ်နိုင်ငံလုံးအနေနဲ့ ငှက်ပျောစိုက်ဧက ၂၆၀,၀၀၀ ကျော်ရှိတဲ့အနက်က ကချင် ပြည်နယ်မှာ စာရင်းတွေအရ ဧက ၇သောင်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းကျော် ရှိတဲ့အနေအထားဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ သစ်တောပြုန်းပြီး ဒီငှက်ပျောစိုက်ခင်းတွေမှာ အသုံးပြုတဲ့ ဓါတုဆေးပစ္စည်းတွေကြောင့် ထိခိုက် ခံစားနေရမှုတွေ၊ အခွန်ဘဏ္ဍာလွတ်ကင်းပြီး လူဝင်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာ တရားလွတ်ဆောင်ရွက်နေမှုတွေ အကြောင်းကို ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ ဆွေးနွေးမှု ဒီနေ့အဆုံးသတ်ခဲ့ပါပြီ။
ဒုတိယဝန်ကြီးက တစ်ရှူးငှက်ပျောစိုက်ခင်းတွေကိစ္စ အစိုးရက စီစဉ်ဆောင်ရွက်နေတာမို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းတင်သွင်းတဲ့ ဒီကဏ္ဍ ထိန်းချုပ်ကြပ်မတ် ရေး အဆိုကို မှတ်တမ်းတင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဆိုရှင်က မဲခွဲအဆုံးအဖြတ်ရယူဖို့ တောင်းဆိုခဲ့တာကြောင့် ဆုံးဖြတ်ရာ ထောက်ခံမဲများတဲ့အတွက် တရုတ် တစ်ရှူးငှက်ပျောပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်ပေးဖို့ လွှတ်တော်ကတိကဝတ်လည်း ဖြစ်ခဲ့ပါတယ်။
တစ်ရှူးငှက်ပျောဟာ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ပေးထားတဲ့ ကုန်စည်အမျိုးအစားဖြစ်တဲ့အတွက် ဒီကဏ္ဍက အခွန် အကောက်မရပေမယ့် ဝင်ငွေခွန်အဖြစ် ကုန်ခဲ့တဲ့တစ်နှစ်ခွဲကာလအတွင်း ကျပ် ၁၀ ဘီလီယံကျော် ရရှိထားတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
ဒါအပြင် ၂၀၁၅-၁၆ မှာ အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် တန်ဖိုးရှိတဲ့ တစ်ရှူးငှက်ပျောတန်ချိန် ၈၈,၀၀၀ ကျော် တရုတ်နိုင်ငံကို တင်ပို့ခဲ့သလို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ တန်ချိန် ၇၃၀,၀၀၀ ကျော်ကို တင်ပို့ခဲ့တယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြတယ်။ လက်ရှိမှာ ကုမ္ပဏီ ၃၆ ခုက ကချင်ပြည်နယ်အတွင်း တစ်ရှူးငှက်ပျောစိုက်ပျိုးမှုကို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
အဆိုတင်သွင်းသူ ဒေါက်တာ ခွန်ဝင်သောင်းကတော့ ဒီကဏ္ဍအပေါ် အစိုးရအနေနဲ့ လွှတ်ပေးမထားသင့်ဘဲ နိုင်ငံတော် အခွန်၊အခနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ မဖြစ်ပေါ်အောင် ထိန်းသိမ်းကြပ်မတ်ပေးရမယ်လို့ ဆိုပါတယ်။
တစ်ဧကကို ငှက်ပျောအပင် တစ်ထောင်နှုန်းနဲ့ ငှက်ပျောတစ်ပင်ကို အမေရိကန်ဒေါ်လာ သုံညဒဿမသုံး ဒေါ်လာလောက် အခွန်စည်းကြပ်မယ်ဆိုရင်တောင် ကချင်ပြည်နယ်မှာ ရှိနေတဲ့ ငှက်ပျောစိုက်ခင်းဧက တစ်သိန်းခွဲကျော်ကနေ နိုင်ငံတော်ဘဏ္ဍာ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ကျော်လောက် ရနိုင်တယ်လို့ သူက တွက်ချက်ထောက်ပြတယ်။
ပုံစာ- တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းလုပ်ငန်းခွင်တစ်ခု။
#mawkun #magazine #chronicle #dailynews