တရုတ်ခရီးသွားတွေအသုံးပြုနေတဲ့အွန်လိုင်းငွေပေးချေမှုစနစ်ကိုပိတ်ပင်ဖို့လွှတ်တော်မှာဆွေးနွေး

တရုတ်ခရီးသွားတွေအသုံးပြုနေတဲ့အွန်လိုင်းငွေပေးချေမှုစနစ်ကိုပိတ်ပင်ဖို့လွှတ်တော်မှာဆွေးနွေး

ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၀

မြန်မာပြည်ရောက် တရုတ်ခရီးသွားတွေ အသုံးပြုနေတဲ့ အွန်လိုင်းငွေပေးချေမှုစနစ် Wechat Pay နဲ့ Ali Pay တွေကို ပိတ်ပင်ပေးဖို့နဲ့ ဒီလိုအသုံးပြုမှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာငွေနစ်နာနေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံမှာသာ တရားဝင်တဲ့ ဒီအွန်လိုင်းငွေပေးချေမှုစနစ်ကို မြန်မာပြည်ရောက် တရုတ်ခရီးသွားတွေကြား အသုံးပြု နေတာကို တားမြစ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်အမတ်က ဒီကနေ့ လွှတ်တော်မှာ မေးခွန်းမေးမြန်းတဲ့ အခါ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက လတ်တလောမှာ ဆောင်ရွက်ဖို့ မရှိသေးတာကို ရှည်လျားထွေးပြားစွာ ရှင်းလင်းခဲ့တဲ့ အတွက် လွှတ်တော်ဥက္ကဌက နောက်ဆိုရင် တိုတိုကျစ်ကျစ်ဖြေဖို့ ကြားဝင် ညွှန်ကြားခဲ့ရတယ်။

“ တရုတ်ခရီးသွားများနဲ့ပတ်သက်လို့ ကောင်းကျိုးဆိုးကျိုးနှစ်ခုစလုံးရှိနေပါတယ်။ ကောင်းကျိုးကတော့ တရုတ်ခရီးသွား ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားကားလုပ်ငန်းအဖွဲ့တွေ၊ အခြေခံလူတန်းစားအချို့ အလုပ် ဖြစ်ကြပါတယ်။ ဝင်ငွေရရှိကြပါတယ်” လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

ဒါပေမဲ့ “ တရုတ်ခရီးသွားများဟာ ကမ္ဘ္ဘာအနှံ့လည်ပတ်နေကြပေမယ့် ငွေပေးချေရေးစနစ်မှာဆိုရင် အွန်လိုင်းငွေပေးချေရေး စနစ်ဖြစ်တဲ့ wechat pay နဲ့ Ali pay စနစ်ကိုသာ အသုံးပြုလေ့ ရှိပါတယ်။ ဒီငွေပေးချေစနစ်ကြောင့် သက်ဆိုင်ရာ နိုင်ငံ များမှာ ဝင်ငွေဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်” လို့ သူက သတိပေးတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်ကတော့ ဒီလို ငွေကြေးအသုံးပြုမှုကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေအရပဲ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လတ်တလော မြန်မာနိုင်ငံအနေနဲ့ တားမြစ်ပိတ်ပင်ထားတာမရှိသေးဘူလို့ လွှတ်တော်ကို ရှင်းလင်းပါတယ်။

ဒါအပြင် တရုတ်ခရီးသွားတွေဝင်ရောက်နေတဲ့အတွက် တိုင်းပြည်ဘဏ္ဍာဖြစ်ထွန်းနေတာတွေလည်း ရှိတယ်လို့ သူက တင်ပြတယ်။

“ (တရုတ်ခရီးသည်) Zero budget ခရီးသွားဆိုရာမှာ နိုင်ငံအတွက် လုံးဝအကျိုးမရှိ၊ လုံး၀၀င်ငွေမရှိတာမျိုးမဟုတ်ဘဲနဲ့ တစ်ခြားနိုင်ငံဧည်သည်တွေနဲ့ယှဉ်ရင် တစ်ဦးခြင်းသုံးစွဲမှု လျော့နည်းတာမျိုးသာဖြစ်ပါတယ်။ နောက်တစ်ခါ တရားမဝင် လုပ်ငန်းဆောင်ရွက်တာတွေ၊ တရားမဝင်ငွေပေးချေတာတွေကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခများ လျော့ နည်းနေရတာဖြစ်ပါတယ်” လို့ ဦးတင်လတ်က ရှင်းလင်းတယ်။

ယခင်နှစ်တွေကနဲ့စာရင် ဒီနှစ်ထဲမှာ တရုတ်ခရီးသွား ၄ သိန်းကျော်လောက် ပိုမိုတိုးတက်ဝင်ရောက်လာပြီး ဗီဇာကြေး အဖြစ် နိုင်ငံတော်ဘဏ္ဍာထဲကို ဒေါ်လာ နှစ်သန်းလောက် ဝင်ဖို့ ရှိတယ်လို့ သူက ပြောတယ်။

ဒါအပြင် တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံထဲမှာ တစ်ဦးချင်း ပျမ်းမျှ တစ်ရက်ကို ဒေါ်လာ ၆၀ ကျော်လောက် သုံးစွဲ နေပြီး လူဦးရေ လေးသိန်းနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ သန်း တစ်ရာကျော်လောက် ပြည်တွင်းမှာ ပိုမိုသုံးစွဲခဲ့ကြတယ်လို့ ဦးတင်လတ်က ရှင်းပြတယ်။ ၂၀၁၅ ရခိုင်အရေးအခင်းဖြစ်ပြီးနောက် ကျဆင်းသွားတဲ့ ခရီးသွားအရေအတွက်ကို တရုတ်၊ ကိုရီးယား၊ဂျပန်နိုင်ငံက ခရီးသွားတွေကို ဖြေလျော့ပိုမိုဝင်ရောက်လာအောင် အစိုးရက စွဲဆောင်ထားတယ်လို့လည်း သူက ဆိုတယ်။

ဦးအောင်ကျော်ကျော်ဦးကတော့ တရုတ်ခရီးသည် Zero budget သမားတွေရဲ့ ဒဏ်ကို ခံနေရတာကဟာ မြန်မာတစ်နိုင် ငံတည်းမဟုတ်ဘဲ အခြားအာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေမှာလည်း ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့် တစ်ချို့ နိုင်ငံတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒီကိစ္စကို တားမြစ်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူက ဆိုတယ်။

၂၀၁၆ မှာ ထိုင်းနိုင်ငံဟာ Zero budget ခရီးသွားအစီအစဉ်တွေကို တားဆီးဖို့ အစီအစဉ်တွေ ချမှတ်ခဲ့သလို ၂၀၁၉ ဇူလိုင်မှာလည်း ကမ္ဘောဒီယားခရီးသွားလာရေးဝန်ကြီးက Zero budget ခရီးသွားလာရေးကို ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောခဲ့ပါတယ်လို့ သူက ရှင်းပြတယ်။ ၂၀၁၉ စက်တင်ဘာမှာဆိုရင် ဧဝရက် တောင်တက်ခရီးစဉ်တွေနဲ့ နာမည်ကြီးတဲ့ နီပေါနိုင်ငံ အစိုးရက တရုတ်ခရီးသွားတွေ အသုံးပြုနေတဲ့ အွန်လိုင်းငွေပေးချေစနစ်ဖြစ်တဲ့ wechat pay နဲ့ Ali pay ကို ခွင့်မပြုတော့ဘဲ ပိတ်ပင်ခဲ့တယ်လို့ သူက ပြောပါတယ်။


#mawkun #magazine #chronicle #dailynews


 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."