ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၂
သတ္ထုခိုးတူးသည့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်နှင့်ဒေသခံများက အချိန်မှီ တိုင်ကြားသတင်းပို့ခဲ့ရာ ဝန်ကြီးဌာနမှကွင်းဆင်းစစ်ဆေးပြီးနောက် ခိုးတူးသူတရုတ်နိုင်ငံသား လွတ်မြောက်သွားကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ရွာငံမြို့နယ်၊ သဖန်းပင်ကျေးရွာနှင့် ငှက်သောက် ကျေးရွာအနီး အင်ကြင်ရေဒေသတွင် GPS အမည်ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီက ခွင့်ပြုမိန့်မရှိဘဲ ခဲသတ္ထုတူးဖော်မှုကို ရွာငံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ယခုနှစ် သြဂုတ်လအတွင်း လွှတ်တော်မှတစ်ဆင့် ဝန်ကြီးဌာနသို့ မေးမြန်းရာ နှစ်လအကြာ အောက်တိုဘာတွင် ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
GPS ကုမ္ပဏီသည် ခွင့်ပြုမိန့်မရှိဘဲ တစ်ရက်လျှင် ခဲသတ္ထု တန် ၂၀ ကျ စက်ရုံကိုလည်ပတ်ကာ လပေါင်းများစွာ အဆောက်အအုံ အခိုင်အမာဖြင့် တူးဖော်နေကြောင်းတွေ့ရှိရသည်ဟုဆိုကာ ကွင်းဆင်းစစ်ဆေးပြီး နှစ်လအကြာ ဒီဇင်ဘာ ၁ ရက်တွင် ကုမ္ပဏီမှ တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်သူ တရုတ်နိုင်ငံ၊ စီချွမ်ဒေသမှ မစ္စတာ Lui Kaiyong ကို သတ္ထုတွင်းဥပဒေအရ အရေးယူပေးရန် ရွာငံမြို့မရဲစခန်း၌ သတ္ထုတွင်း ဦးစီးဌာနမှအမှုဖွင့်ရာ ၎င်းမှာ မြန်မာနိုင်ငံအတွင်း မရှိတော့ကြောင်း ယနေ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“ ဒီနိုင်ငံမှာ မရှိတော့ဘူး။ အခုအချိန်ထိလည်း ဖမ်းမမိပါဘူး။ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ကိစ္စပါ။” လို့ ရွာငံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။
ယင်းကုမ္ပဏီသည် တရားမဝင်တူးဖော်မှုကာလအတွင်း လမ်းအရှည်တစ်မိုင်ခန့်ဖောက်ခဲ့ကာ ခဲသန့်စင်စက်ရုံတစ်ရုံ၊ အမြင့် ၁၃ပေ၊ အကျယ် ၁၅ပေနှင့် အရှည် ပေ ၁၀၀ ခန့် ရှိသော သတ္ထုထုတ်လှိုင်ခေါင်းတစ်ခု၊ ပေ ၄,၅၀၀ ဝန်းကျင်ရှိ ဟင်းလင်းပွင့် သတ္ထုမိုင်းတစ်ခုတို့ကို ဖန်တီးကာ သတ္ထုများကို တူးဖော်သွားကြောင်း ဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးရဲမြင့်ဆွေက GPS ကုမ္ပဏီမှ တာဝန်ခံ တရုတ်နိုင်ငံသားကို အမှုဖွင့်အရေးယူထားပြီး ယင်းကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းနိုင်ဖို့လည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ယနေ့ ကျင်းပသည့် လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။
သတ္ထုခိုးတူးနေသည့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုကို လက်ပူးလက်ကျပ်တွေ့ရှိပြီးနောက် ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး တရားစွဲရန်ကြိုးစားသော်လည်း တရားခံဟုယူဆရသူတရုတ်နိုင်ငံသားမှာ လွတ်မြောက်သွားခြင်းဖြစ်သည်။
GPS ကုမ္ပဏီ၏ သတ္ထုစက်ရုံ
ဓါတ်ပုံ -ဦးအောင်စိုးမင်း ဖေ့ဘုတ်
#mawkun #magazine #chronicle #dailynews