ဂေထော
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၃ (မော်ကွန်း)
နိုင်ငံရေးပါတီအချို့၏ တရားစွဲခံထားရသော ရွေးကောက်ပွဲတာဝန်ကျပညာရေးဝန်ထမ်းများ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ထံ လာရောက်ဆက်သွယ်ပါက အခမဲ့ လိုက်ပါဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယင်းကွန်ရက်က ပြောသည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ ပြန်ကြားရေးမှူး ဦးဇော်မင်းလှိုင်က “လာပြီးအကူအညီတောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ တရားစွဲခံရတဲ့အမှုပေါ်မှာသုံးသပ်ပြီးတော့ မှန်ကန်မှုဘယ်လောက်အတိုင်းတာရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်”ဟု မော်ကွန်းသို့ပြောသည်။
ယင်းကွန်ရက်၏ ယနေ့ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကြီးတွင် အောင်မြင်သူနှင့် မအောင်မြင်သူတို့အကြား အငြင်းပွားမှုများကို ရွေးကောက်ပွဲကော်မရှင်သို့သာ တင်ပြကာအဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။ တရားဥပဒေကြောင်းအရ ရှေ့ဆက်မသွားဘဲ စွဲဆိုပြီးသားအမှုများကို ပြန်လည်ရုတ်သိမ်းခြင်းဖြင့် မိမိတို့၏ သဘောထားကြီးမှုဂုဏ်ပုဒ်မအလံတော်ကို လွှင့်ထူသင့်ပါသည်ဟု ဖော်ပြထားသည်။
အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂထံ ရောက်ရှိလာသော စာရင်းများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ပညာရေးဝန်ထမ်းများကို လွှတ်တော်ရွေးကောက်ပွဲ ပုဒ်မ ၅၈ (ဃ)နှင့် ၆၁ (က) တို့ဖြင့် အမှုပေါင်း ၃၀ တိုင်ကြားထားသည်ဟု ယင်းသမဂ္ဂက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်မင်းဦးက ဆိုသည်။
ပုဒ်မ ၅၈ (ဃ) သည် ဆန္ဒမဲပေးခြင်းပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းတို့ပြုလုပ်ပါက ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၆၁ (က)သည် မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ဖြစ်စေ မဲဆွယ်ခြင်းပြုလုပ်ပါက ပြစ်မှုထင်ရှားလျှင် အထက်ပါအတိုင်း ပြစ်ဒဏ်ကျခံနိုင်သည်။
တရားစွဲခံရမှုတွင် ပဲခူးတိုင်းကအများဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ပါဝင်ကာ “တော်တော်များများက ပြည်ခိုင်ဖြိုးက တရားစွဲတာများပါတယ်၊ အခြားသောပါတီတွေက လောလောဆယ်မရှိသေးပါဘူး”ဟု ဦးကျော်မင်းဦးက ပြောသည်။
နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ တရားမျှတမှုမရှိ၊ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ယင်းပါတီက ရဲစခန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားသည့် အမှုပေါင်း ၁,၁၀၀ ကျော်ရှိကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ဆိုသည်။
ပုံစာ – ရွေးကောက်ပွဲနေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ တပ်မဲရုံတစ်ခုတွင် ပညာရေးဝန်ထမ်းများ မဲရုံတာဝန်ထမ်းဆောင်နေစဥ်။
ဓာတ်ပုံ – စည်သူ
#Dailynews

