တယ်လီဖုန်း ကုမ္ပဏီတို့ကြောင့် ပြာသိုကြည်တင် စိတ်ရောဂါ ရသွားခြင်း

တယ်လီဖုန်း ကုမ္ပဏီတို့ကြောင့် ပြာသိုကြည်တင် စိတ်ရောဂါ ရသွားခြင်း

ပြာသိုကြည်တင်သည် သတင်းထောက်တစ်ဦး၏ ကလောင် အမည်ဖြစ်သည်။  နာမည်ရှေ့တွင် မွေး ဖွားသည့်လကို ကောက်ထည့်၊ နာမည်နောက်တွင် မိဘနှစ်ပါး၏အမည်များထဲမှ သင့်တော်ရာ တစ် လုံးစီဆွဲယူလိုက်ခြင်းဖြင့် ပြာသိုကြည်တင်ဟူ သော ကလောင်အမည် ရရှိလာခြင်းဖြစ်လေ၏။

မိဘနှစ်ပါးမှာ သားဖြစ်သူ၏ လုပ်ရပ်ကြောင့် အလွန်တရာ ဝမ်းမြောက်ကျေနပ်မိကြသည်။ ရိုးရာကို ချစ်မြတ်နိုးသူ၊ မိဘ ကျေးဇူးသိတတ်သူအဖြစ် အမှတ်ကောင်းကောင်း ပေးမိကြ သည်။ မိတ်ဆွေများနှင့် ဆုံတိုင်း သားဖြစ်သူ၏အမည်လှလှမှာ လွန်စွာ အဓိပ္ပာယ်ရှိကြောင်း၊ ခေတ်ဆန်သကဲ့သို့ ကဗျာလည်း ဆန်ကြောင်း၊ လွန်စွာ မွေးရကျိုးနပ်သော သားလိမ္မာဖြစ်ကြောင်း ကြွားလုံးထုတ်လို့ မဆုံး။

ပြာသိုကြည်တင်ကမူ သူ၏ နာမည်ရွေးချယ်မှုနှင့် ပတ် သက်သည့် ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ရည်ရွယ်ချက်မှာ အခြားမဟုတ်၊ မင်းသမီး ဝါဆိုမိုးဦးကဲ့ သို့ နာမည်ကြီး လူကြိုက်များလာစေရန် ကလောင်အမည်ကို ထိုသို့ ရွေးလိုက်ခြင်းဖြစ်သည် ဟူသတတ်။

မပုတုကို တပ်မက်ခြင်း

ပြာသိုကြည်တင်သည် ဖုန်းပွတ်ခြင်း၊ ဖေ့စ်ဘွတ်ခ်တွင် မွေ့ လျော်ခြင်း အစရှိသည့်  ယနေ့ခေတ်လူငယ်တို့ တတ်အပ်သော ပညာရပ်များကို ကောင်းစွာ တတ်ကျွမ်းသူတည်း။ ထိုသို့ တတ် ကျွမ်းရန် ပေးဆပ်ခဲ့ရသော အရင်းအနှီးက မသေးလှ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒုက္ခသီရိတွင် ဖုန်းကုမ္ပဏီ တစ်ခုတည်းသာ ရှိသည်။ မပုတုဟူသော ဖုန်းကုမ္ပဏီဖြစ်သည်။ တခြား ရွေးချယ်စရာ မရှိ။ ဈေးကြီးလွန်းသောကြောင့် တော်ရုံ လူက ဖုန်းကို ဝယ်မသုံးနိုင်။ သတင်းထောက် ပြာသိုကြည်တင်မှာ တော်ရုံလူ ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသီရိသို့ လက်ကိုင်ဖုန်းယဉ် ကျေးမှု ထွန်းကားစ ကနဦးနှစ်များတွင် မဝယ်နိုင်၊ မသုံးနိုင်၊ မကိုင်နိုင်။ ပြာသိုကြည်တင်လို သာမန်ဝန်ထမ်းတစ်ဦးသာ မသုံး နိုင်သည်မဟုတ်၊ လုပ်ငန်းရှင် သူဌေးအများအပြားလည်း သိန်း ငါးဆယ်ကျော်ပေါက်ဈေးရှိသော မပုတုဖုန်းကတ်ကို ဝယ်မသုံး နိုင်ကြချေ။

ကံကြမ္မာက ပြာသိုကြည်တင်တို့ဘက်တွင် ရှိသည်ဟု ဆို ရမည်လောမသိ၊ ဖုန်းဈေးနှုန်းက ကြာလေကျလေ ဖြစ်လာသည်။ မပုတုကုမ္ပဏီကား စားသုံးသူတို့ကို အထူးစာနာတတ်သူ ဖြစ်မည် ဟု ပြာသိုကြည်တင် ထင်မိ၏။

ဘုရားရှိခိုးတိုင်း ပြာသိုကြည်တင် ဆုတောင်းမိသည်မှာ ”ဖုန်းကတ်ဈေး ပို၍ပို၍ သက်သက်သာသာ ဖြစ်လာပါစေ၊ မပုတု ကုမ္ပဏီ စီးပွားတက်ပါစေ” ဟူ၏။

ပြာသိုကြည်တင် ဆုတောင်းကောင်းသောကြောင့်လား မသိ၊ မပုတုဖုန်းကတ်ဈေးက ကျပ်ငါးသိန်းအထိ ကျလာလေ သည်။ ဆက်ကျရန် အရိပ်အယောင်များ တွေ့နေရသော်လည်း ပြာသိုကြည်တင်က မစောင့်နိုင်တော့။ လက်ကိုင်ဖုန်းသုံးပြီး ဟန် ရေးပြလိုလှပြီ။

ရည်းစားဦး မပုတု

ဖုန်းသုံးလျှင် လုပ်ငန်း လွန်စွာအဆင်ပြေသည်၊ သွားရ လာရ သက်သာသည်၊ ဆက်သွယ်ရေး ကောင်းသည်၊ မြေကြော ရှုံ့နိုင်သည်ဟု မိဘများကို စည်းရုံးပြီး ပိုက်ဆံတောင်း၊ မိတ်ဆွေ တချို့ထံမှ ချေးငှားပြီး စုဆောင်းမိသော ငါးသိန်းဖြင့် မပုတုဖုန်း ကတ်တစ်ခု ဝယ်လိုက်၏။

ပြာသိုကြည်တင် ဖုန်းသုံးပြီဆိုတော့ မိတ်ဆွေများကို ဖုန်း နံပါတ် လိုက်လံဝေငှရသည်မှာ အမော။

နှစ်အနည်းငယ်အတွင်း ဖုန်းကတ်ဈေးက ပြုတ်ကျသည်။ ဝယ်ပြီး သိပ်မကြာခင်မှာပင် ပေါက်ဈေးက နှစ်သိန်းဖြစ်သွား သောကြောင့် ပြာသိုကြည်တင် ရင်ခံသွားသည်။ အကြွေးထက် ဝက်မကြေသေးခင်မှာပင် ဖုန်းဈေးက ထက်ဝက်ကျော် ကျသွား ပြီ။ အကြွေးရှင်တို့ကလည်း ပြာသိုကြည်တင်ကို ဖိအားပေးလာ ကြသည်။ ပိုက်ဆံ ပြန်ရလိုကြပြီ။ ပြာသိုကြည်တင်လည်း သူတို့ရှေ့ တွင် ဖုန်းထုတ်ပြီး မပွတ်ရဲ။ ပေါက်ဈေးနဲ့ ပြန်ရောင်းပြီး အကြွေး ဆပ်လိုက်ပါ သားလေးရယ်ဟု မိဘတို့၏ နားချစကားကိုလည်း ပြာသိုကြည်တင် လက်မခံဖြစ်။ ရောင်းလိုက်ပါက သုံးသိန်းကျော် ရှုံးမည်မဟုတ်လော။

ဤအတောအတွင်း လုပ်ငန်းရှင်တစ်ဦးက  ”မပုတုကုမ္ပဏီ လက်ဝါးကြီးအုပ်မှုကြောင့် ဖုန်းကတ်က ကမ္ဘာ့နိုင်ငံအားလုံးထက် ဈေးတက်နေခြင်း ဖြစ်သည်၊ သူ့ကိုသာ လုပ်ပိုင်ခွင့်ပေးပါက ဖုန်း ကတ်ကို ငါးထောင်နှင့် ရောင်းနိုင်မည်” ဟု ဆိုလာ၏။ မပုတု ဖုန်းကတ်ကြောင့် ကုဋေကြွယ်သူဌေးဖြစ်သွားကြကုန်သော ဝန် ကြီး၊ ဝန်ကလေးအပေါင်းတို့က ထိုကိစ္စ မဖြစ်နိုင်၊ တောမှာသွား ပြောဟု ပယ်ချကြကုန်၏။

မည်သို့ပင် ရူးချင်ယောင်ဆောင်ပြီး ပယ်ချကြစေကာမူ ၎င်းကုမ္ပဏီသစ်နှစ်ခု ပေါ်ပေါက်လာပြီး လအနည်းငယ်အတွင်း မှာပင် ဖုန်းကတ်ဈေးကွက် လုံးဝပျက်စီးခြင်းဆိုက်လေသည်။

လုပ်ကိုင်ခွင့်ရသော မဟာကံထူးရှင် ကုမ္ပဏီနှစ်ခုမှာ အော် ရီပေါင်နှင့် တယ်လီပေါတို့ ဖြစ်သည်။ အော်ရီပေါင်က ဖုန်းကတ်ကို ကျပ်ထောင့်ငါးရာနှုန်းဖြင့် ဖြန့်မည်ဟု ကြေညာသည့်နေ့မှ စတင် ပြီး ဖုန်းကတ်ဈေးကွက် ကမောက်ကမ ဖြစ်လေသည်။

ပြာသိုကြည်တင် ဝယ်ထားသော ငါးသိန်းတန်ဖုန်းကတ် မှာ ငါးသောင်းပေးလျှင်ပင် ဝယ်မည့်သူ မရှိတော့ချေ။ ငါးထောင် ဖြင့် ရောင်းမည်ဆိုလျှင်ပင် ဒူးထောက်တောင်းပန်ပြီးမှ ရောင်း ထွက်မည့်ပုံပင်။ နောက်ဆုံးတော့ ပြာသိုကြည်တင်သည် အစိုးရ မင်းတို့ကိုသာ ကျိန်ဆဲမိတော့သည်။

ထိုသို့ ဖြစ်ပျက်နေစဉ် အကြွေးရှင်တို့ နားပူနားဆာ လုပ် လွန်းသောကြောင့် မိဘဆင်ပေးသော ရွှေလက်စွပ်ကို ရောင်းပြီး အကြွေးဆပ်လိုက်သည်။ ပုံစံတူ ရွှေရည်စိမ် လက်စွပ်တစ်ကွင်း လုပ်ပြီး မိဘတို့ကို မျက်လှည့်ပြတတ်သော သားလိမ္မာလေး ပြာ သိုကြည်တင် ဖြစ်လာလေသည်။

ပွတ်သပ်ခြင်း အဋ္ဌာရသ

ယခုကာလသည် ဖုန်းကတ်ကုမ္ပဏီသုံးခု ဝန်ဆောင်မှုပေး ကြသောကာလဖြစ်သည်။ အပြိုင်အဆိုင် ဆွဲဆောင်ကြ၊ မက်လုံး ပေးကြသည်။ ယနေ့ခေတ်တွင် ဖုန်းသုံးဖြစ်သူတို့ ကံကောင်းလေစွ။

ဆိုက်ကားဆရာ၊ လမ်းဘေးဈေးသည်၊ ဘဏ်အရာရှိ၊ မိတ် ကပ်ပညာရှင်၊ နိုင်ငံရေးသမား စသည့် စသည့် လူထုလူတန်း စားပေါင်းစုံ၏ လက်ထဲတွင် ဖန်သားပြင်ကျယ် စမတ်ဖုန်းများ ရှိ လာသည်။ လုပ်သားပြည်သူတို့သည် စမတ်ဖုန်းဖြင့် စာတိုစာရှည် ပို့၊ အင်တာနက်သုံး၊ ဂိမ်းကစားကြခြင်းကို ခုံမင်လာကြသည်။ စမတ်ဖုန်းကို ပွတ်သပ်ကြသည်။ အိပ်ရာထ၊ ကားစောင့်၊ ကော်ဖီ ဆိုင်ထိုင်၊ ရည်းစားနှင့်တွေ့၊ လုပ်ငန်းခွင်ဝင်၊ အစည်းအဝေးတက် စသည့် စသည့် အချိန်များတွင်လည်း ဖုန်းကို ထုတ်ပြီး ပွတ်သပ် ကြသည်။ လူမနားသည့်အပြင် ဖုန်းကို အနားမပေး၊ အဆက် မပြတ် သုံးသည်။ လူအများအပြားသည် စမတ်ဖုန်းကို ပွတ်သပ် ပြီး စိုက်ကြည့်သူ များဖြစ်လာသည်။ ထိုအထဲတွင် ကျွနု်ပ်တို့၏ဇာတ်လိုက်ကျော် ပြာသိုကြည်တင်လည်းပါဝင်၏။ ဘတ်စ်ကားစီး နေစဉ် ဖုန်းအပွတ်ကောင်းသဖြင့် ပြာသိုကြည်တင် ကားမှတ်တိုင် ကျော်ပေါင်း များပြီ။ ရုံးနောက်ကျသည်မှာလည်း မကြာခဏ။

ပြာသိုကြည်တင်သုံးသော မပုတုဖုန်းကုမ္ပဏီ၏ ကြွေး ကြော်သံမှာ ‘နောက်ပြန်လှည့်ကြည့် လိုင်းမရှိ’ ဟူ၍ ဖြစ်သည်။ ထိုကြွေးကြော်သံကို လမ်းဘေးတွင် ဧရာမဆိုင်းဘုတ်များ ထောင်ပြီး ရေးသားကြော်ငြာသည်။  စနေ၊ တနင်္ဂနွေ မရောက်ခင် မပုတု၏ကြော်ငြာက ပြာသိုကြည်တင်တို့၏ဖုန်းထဲသို့ စာတို အဖြစ် ဝင်လာတတ်သည်။

Happy Friday ! သောကြာနေ့တွင် မပုတုနဲ့ ဖုန်းငွေ ဖြည့်ပြီး ငါးရက်အတွင်း အသုံးပြုနိုင်မည့် Free Data လက်ဆောင် ရယူလိုက်ပါ’

Freeအခမဲ့ ဟူသော စကားလုံးမှာ ကမ္ဘာသူ၊ ကမ္ဘာသား တို့၏ သည်းခြေကြိုက်မဟုတ်လော။ စားသုံးသူတစ်ဦးဖြစ်သည့် ပြာသိုကြည်တင်လည်း ဤသို့သော ကမ်းလှမ်းချက်ကို ငြင်းပယ် ရန်အင်အားမရှိပေ။ ထို့ကြောင့် သောကြာနေ့တိုင်းငွေဖြည့် ပြီလေ။

အင်္ဂါနေ့တွင် နောက်ထပ်ကြော်ငြာတစ်မျိုး လာတတ်သည်။

‘အသက်သာဆုံးနှုန်းထားတွေနဲ့ ည ၁၁ မှ  မနက် ၈ အတွင်း အင်တာနက်အသုံးပြုရန် မပုတုရဲ့ ညပိုင်း ထူးရှယ်အစီ အစဉ်ကို အခုပဲ ဝယ်ယူလိုက်ပါ’

အသက်သာဆုံး၊ ထူးရှယ်၊ အင်တာနက်ဟူသော စကားလုံး တို့ကြောင့် အင်္ဂါနေ့တွင် ဖုန်းငွေဖြည့်သူများထဲ ပြာသိုကြည်တင် ထိပ်ဆုံးမှပါဝင်သည်။ ပိုက်ဆံမရှိပါက မိတ်ဟောင်းမိတ်သစ်များ ထံမှ ချေးငှားပြီး ဖုန်းကတ် ငွေဖြည့်သူ ဖြစ်မှန်းမသိ ဖြစ်လာသည်။ ယခုလ လစာသည် လာမည့်လ အကြွေးဆပ်ရန် ဖြစ်သည်ဟူ သော ဘဝသို့ပင် ရောက်လာ၏။

အမှန်တကယ် စားသုံးသူ

မပုတုချည်းသာ ဝန်ဆောင်မှု ကောင်းသည်မဟုတ်၊ တယ် လီပေါကလည်း စားသုံးသူတို့ကို အထူး ဂရုစိုက်လှသည်ဟူသော သတင်းကြောင့် ပြာသိုကြည်တင်က တယ်လီပေါကိုလည်း ဝယ် သုံး၏။ ဖုန်းကတ်ကို ငါးသိန်းပေးပြီး ဝယ်ခဲ့သူဖြစ်သောကြောင့် ထောင့်ငါးရာတည်းဟူသော အသပြာကို တွက်ချက်နေရန်အကြောင်း မရှိပေ။

တယ်လီပေါ၏ ကမ်းလှမ်းချက် တို့မှာလည်း ရင်ခုန်ဖွယ် ကောင်းလှသည်။ ကြည့်ပါ။

‘စနေနေ့မှာ ချစ်ခင်ရသူတွေကို မိနစ်အများကြီး ဖုန်းခေါ် နိုင်မယ့် အစီအစဉ်’

‘ဈေးနှုန်း အသက်သာဆုံး။ ပိတ်ရက်မှာ အင်တာနက် စိတ် ကြိုက်သုံး’

‘ကျပ်တစ်သောင်းဖိုး ဝယ်ထည့်ရန်သာ သင်တာဝန်ယူပါ။ ကျွန်ုပ်တို့က ကျပ်နှစ်သောင်းဖိုး ထည့်ပေးပါမည်’

ပြာသိုကြည်တင်သည် ဖုန်းကုမ္ပဏီတို့၏ ကမ်းလှမ်းချက်ကို အစွမ်းကုန် လိုက်လျောသူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာသည်။

‘၁ ကျပ် ပေးပြီး Facebook ကို ညလုံးပေါက် သုံးကြပါစို့။ သို့သော် သင့်ဖုန်းထဲတွင် လက်ကျန်ငွေ နှစ်သောင်း ရှိရမည်’ဟူ သော တယ်လီပေါ၏ ကမ်းလှမ်းချက်ကိုလည်း ဝမ်းမြောက်ဝမ်း သာ ရယူ၏။ ညဘက် လုံးဝမအိပ်ဘဲ Facebook သုံး၏။ မနက် ပိုင်း ရေ ကမန်းကတန်းချိုးပြီး အလုပ်ဆင်း၏။ ညဘက် မအိပ်ဖြစ် သောကြောင့် လုပ်ငန်းခွင်တွင် အူကြောင်ကြောင်ဖြစ်ပြီး အမှား မှားအယွင်းယွင်း လုပ်မိပေါင်း မနည်းလှချေ။ ရလဒ်မှာ ပြာသို ကြည်တင် သုံးကြိမ်တိုင် သတိပေးခံရပြီးနောက် အလုပ်ပြုတ် လေသည်။

ပြာသိုကြည်တင်၏ မူဝါဒမှာ ‘လူမသေ အလုပ်မရှား’ဖြစ် ၏။ အလုပ်ကတော့ မရှားပေ။ သို့သော်လည်း အလုပ်ဟူသမျှ လစာကောင်းလှသည် မဟုတ်။ ရရှိသော အလုပ်သစ်မှာ ယခင် အလုပ်ထက် လစာနည်းလှသည်။ သို့သော်လည်း ပြာသိုကြည် တင်က ကံကြမ္မာအနိမ့်အမြင့်ရှိတတ်သည်ဟူသော အမြင်ရှိသူတည်း။

ယခုတလော ဖေ့စ်ဘွတ်ခ်တွင် မီးစိမ်းပြနေသော သူငယ် ချင်းတို့ကို ”တိုယိုတာ လင်ခရူဇာ ဘယ်ဈေးရှိလဲ သယ်ရင်း”ဟု လိုက် လံမေးမြန်း၏။ သူ့ထံ ရောက်လာသော တယ်လီပေါ ကြော် ငြာကြောင့် ထိုသို့ မေးမြန်းနေခြင်းဖြစ်သည်။

‘ပျော်ရွှင်ကံထူး နှစ်သစ်ကူး။ ချစ်ခင်ရသူတွေဆီ စာတိုပေး ပို့ပြီး ဆုမွန်ကောင်းတောင်းပေးလိုက်ပါ။ ထို့ပြင် ညစဉ်ညတိုင်း ငါးရာဖိုး ဖုန်းပြောရုံဖြင့် တိုယိုတာ လင်ခရူဇာကားသစ်ကြီး အပါ အဝင် ဆုမဲပေါင်း ကိုးသန်းကျော် မဲဖောက်ပေးပါမည်’ဟု တယ်လီပေါက ကမ်းလှမ်း၏။

ပြာသိုကြည်တင်လည်း ဒီကားကြီးရရင်တော့ ရောင်းစား ပစ်မယ်၊ အလုပ်ထွက်မယ်၊ ၂၄/၇ ဖုန်းပွတ်မယ်ဟု ကြိမ်းဝါး၏။ ရည်မှန်းချက် အထမြောက်စေရန် ချစ်ခင်သူရော မချစ်ခင်သူတို့ ကိုပါ စာတိုများစွာပို့ပြီး နှစ်သစ်ဆုမွန်ကောင်း တောင်းပေး၏။ လူအများအပြားကို ညစဉ်ညတိုင်း ဖုန်းအဆက်မပြတ်ခေါ်၏။

အကျိုးပေးသော ၅ ဂဏန်း

ပြာသိုကြည်တင် ဤသို့ ဖြစ်ပျက်နေချိန်တွင် အော်ရီပေါင် ဖုန်းကုမ္ပဏီ၏ အထူးအစီအစဉ် ဆိုသည်များ နာမည်ကြီးလာသည်။

‘အများဆုံး ၅ မိနစ်ဖိုးပဲ ပေးပါ။ နောက်ထပ် ၅၅၅ မိနစ် အတွက် အခမဲ့’

‘မည်သည့် အော်ရီပေါင် နံပါတ်ကိုမဆို ဆက်သွယ်ပါက မိနစ် ၃ဝဝ တိတိ အခမဲ့ ဖုန်းပြောနိုင်ပါပြီ’

‘အင်တာနက်လှိုင်းစီးပြီး Facebook မှာ အထာကျလိုပါ သလား’

‘အထူးလက်ဆောင် – ခေါ်သူ နားဆင် တေးသံစဉ် ဝန် ဆောင်မှု တစ်လ နှစ်ထောင်သာ’

‘မြန်နှုန်းမြင့်အင်တာနက် – အနုပညာရှင်များ၏ လတ် တလော လှုပ်ရှားမှု ဗီဒီယိုဖိုင်တစ်ဖိုင်လျှင် ကျပ်သုံးရာနှုန်းဖြင့် ကြည့်နိုင်ပြီ’

ဤသို့သော ကြော်ငြာများကြောင့် ပြာသိုကြည်တင်လည်း အော်ရီပေါင်ဖုန်းကတ်ကို ဝယ်ယူအားပေး၏။ Facebook ကို အငမ်းမရ သုံး၏။ ဖုန်းကို စိုက်ကြည့်ဖန်များသောကြောင့် မျက် မှန် ပါဝါလည်း ပိုကြီးလာသည်။ ပါဝါအပြောင်းအလဲဖြစ်တိုင်း ငွေ ထပ်ကုန်သည်။ အထိုင်များသောကြောင့် ပေါင်ချိန်တိုးလာသည်။ လူဝကြီး ဖြစ်မှန်းမသိ ဖြစ်လာသည်။

ဖုန်းကုမ္ပဏီတို့က ပြာသိုကြည်တင်ကို ပစ်မှတ်ထားနေ သလားဟုပင် ထင်ရသည်။

‘အော်ရီပေါင်နဲ့ဆို Facebook ကို အခမဲ့ သုံးပေတော့’

‘ဒုက္ခသီရိအိုင်ဒိုးမှာ သင်အားပေးလိုသူကို မပုတုက တစ် ဆင့် စာတိုပေးပို့ မဲပေးပါလေ’

‘အဆီပိုတွေများလို့ စိတ်ပျက်မနေနဲ့။ ဝိတ်ချနည်းကောင်း များ တစ်ရက် ကျပ်သုံးရာသာ’

ပြာသိုကြည်တင်က အထူးအခွင့်အရေးများကို လက်လွတ် ခံသူမဟုတ်။ အခွင့်အရေး အများအပြားမှာ ရင်ခုန်ချင်စရာ ကောင်းလှသည်။ လောင်းကစားကဲ့သို့သော အစီအစဉ်များ လည်း ပါဝင်၏။ အစိုးရမင်းတို့ အရေးမယူသဖြင့် ပြာသိုကြည်တင် တို့လည်း ပျော်ပျော်ကြီး ပါဝင်ဆင်နွဲှ အားပေးကြသည်။

ဤသို့ အားပေးခြင်းဖြင့် ပြာသိုကြည်တင် ပျော်ရွှင်နေသည် ဟု မိတ်ဆွေယူဆပါသလား။ ထိုသို့ ယူဆပါက မှားပေမည်။ ပြာ သိုကြည်တင် မပျော်ရွှင်နိုင်ပေ။ အလုပ်ခွင်တွင် အာရုံအပြည့်အဝ မစိုက်နိုင်သဖြင့် အလုပ်ရှင်က ရွှေစိတ်တော်ညိုပြီး ဖိအားပေးမှု၊ ငေါက်ငမ်းပြစ်တင်မှုတို့ ပြုလေရာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် မည်သို့ ပျော်ရွှင်နိုင်အံ့နည်း။

စိတ်ညစ်နေသူအတွက် ထွက်ပေါက်မှာ ဖုန်းပွတ်ခြင်းသာ တည်း။ ပွတ်သည်၊ ပြာသိုကြည်တင် ပွတ်သည်။ တစ်နေ့သား ထို သို့ ပွတ်နေစဉ် ကြော်ငြာတစ်ခု ဝင်လာ၏။ မျက်မှန်ကိုချွတ်၊ မျက် လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး ဖတ်လိုက်သည်။

‘သင်ဘယ်နေ့ဖွားလဲ။ တနင်္လာနေ့မွေးဖွားသူဆိုရင် MON1234 သို့ စာတိုပို့ ကံစမ်းပါ။ ကျပ် ၄၅ဝ သာ။ တစ်သောင်းတန် ငွေဖြည့်ကတ်များ ကံထူးဖို့ ဝန်ဆောင်မှုများ ရယူလိုက်ပါ’ ဟူ သော ကမ်းလှမ်းချက်ကြော်ငြာ ဝင်လာ၏။  ထိုနေ့က ငါးရက်နေ့ ဖြစ်သောကြောင့် ပြာသိုကြည်တင် ငါးကြိမ် ကံစမ်းလိုက်၏။ ‘ကျေးဇူးတင်ပါတယ်၊ ဆက်ကြိုးစားပါဦး’ ဟူသော စာတို ငါး ကြိမ် ပြန်ဝင်လာရာ ပြာသိုကြည်တင်လည်း F နှင့် အစပြုသော  အင်္ဂလိပ်စကားလုံး အသုံးပြုပြီး ငါးကြိမ် အော်ဆဲလိုက်လေသည်။

နိဂုံး

နွေမိုးဆောင်း သုံးကြိမ်ပြောင်းလာပြီးနောက်တွင် ကုမ္ပဏီ သုံးခု၏ ဖုန်းကတ်များက ပြာသိုကြည်တင်ထံသို့  ရင်ခုန်ခြင်း၊ ရင် မောခြင်း ခံစားချက်အဖုံဖုံကို ယူဆောင်လာကြသည်။ ပြာသို ကြည်တင်တွင်လည်း ဖြစ်ထွန်းမှု များစွာ ရှိနေသည်။ စမတ်ဖုန်းကို စူးစိုက်ကြည့်သည့်အချိန် များလာသဖြင့် လူမှုဆက်ဆံရေး အဆင် မပြေသူဖြစ်လာသည်၊ မျက်မှန်ထူသည်ထက် ထူလာခြင်းက သိ သာထင်ရှားလွန်းသော ဖြစ်ထွန်းမှုပင်။ ယခင်က အနီးမှုန်သူသာ ဖြစ်သော်လည်း ယခု အဝေးပါ မှုန်လာသည်။ ရသမျှ မဖြစ် စလောက် လစာ၏ ထက်ဝက်ကျော်မှာ ဖုန်းထဲ ငွေဖြည့်ခြင်းဖြင့် ကုန်ဆုံး၏။ သိကျွမ်းသူမှန်သမျှထံမှ ငွေချေးဖူးသူ ဖြစ်လာ၏။ အကြွေးရှင်များကို ရှောင်ရှားရာတွင် ကျွမ်းကျင်လာ၏။ မရှောင် နိုင်သည့်အဆုံး မျက်နှာပြောင်တိုက်ရသည့် အတတ်ကိုလည်း အထူးကျွမ်းကျင်သူ ဖြစ်လာ၏။

မည်သို့ပင် ဖြစ်စေကာမူ ဖုန်းကတ်သုံးခုအနက် တစ်ခုက ကံကောင်းခြင်းလက်ဆောင် ယူလာမည်ဟု ပြာသိုကြည်တင် မသိစိတ်ကရော သိစိတ်ကပါ ယူဆနေသည်။

ယခုတလော ပြာသိုကြည်တင် အာရုံကျနေသည်က နောက်ပြန်လှည့်ကြည့် လိုင်းမရှိဟု ကြွေးကြော်ထားသည့် မပုတု ဖြစ်သည်။ မပုတု ကမ်းလှမ်းလာသမျှကို မပျက်မကွက် အားပေး နေမိသည်။ ဖုန်းကတ်ထဲ ငွေလိုလျှင် မဆိုင်းမတွပင် ငွေဖြည့်၏။ လုံးဝ အလစ်မပေး။ မပုတုက ကံထူးရှင်ရွေးချယ်ပွဲ ကျင်းပနေ သည်မှာ ရက်အတန်ကြာပြီ။ ကံထူးရှင်အဖြစ် အရွေးခံရပါက တန်ဖိုးသင့် တိုက်ခန်းရမည်။ တိုက်ခန်းမလိုချင်လျှင် သိန်းရှစ်ရာ ပေးမည်ဟု ဆိုသည်။   ပြာသိုကြည်တင်က နေ့စဉ်ရက်ဆက် အား ပေးလာသည်မှာ ယနေ့ ဆယ်ရက်မြောက်ပြီ။ ဆယ်ရက်မြောက် ဖြစ်သောကြောင့် တစ်ခုခု ထူးခြားမည်ဟု အလိုလို သိလာသည်။ ဆယ်ဂဏန်းက အကျိုးပေးမည်ဟု ဝါရင့် စမတ်ဖုန်းသုံးသူ ပြာသို ကြည်တင် ယုံကြည်၏။ ပြက္ခဒိန်နှင့် နာရီကို လှမ်းကြည့်လိုက်သည်။

”ဟာ…ဒီနေ့ လဆန်းဆယ်ရက်နေ့ပဲ။ ဟောဗျာ…ည ဆယ်နာရီတောင် ထိုးတော့မှပဲ”ဟု ပြာသိုကြည်တင် အသံထွက် ရေရွတ်လိုက်မိ၏။

ပြာသိုကြည်တင် ကြာကြာ မစောင့်လိုက်ရပေ၊ ၁ဝ ရက်နေ့ ည ၁ဝ နာရီ ၁ဝ မိနစ် အချိန်တွင် မပုတုထံမှ စာတို ဝင်လာ၏။ ပြာ သိုကြည်တင် စာဖတ်ပြီး ငြိမ်ကျသွားသည်။ စာတွင် ရေးထား သည်မှာ ‘ကံထူးရှင်ရွေးပွဲ အစီအစဉ် – ငွေဖြည့်ပမာဏ ၁ဝ ကျပ် ကံထူးရှင်အဖြစ် လူကြီးမင်းကို ရွေးချယ်လိုက်ပါပြီ’ ဟူ၏။

၁ဝ စက္ကန့်ကြာ ငြိမ်ကျသွားပြီးနောက် ပြာသိုကြည်တင်၏ မျက်နှာတွင် ပြုံးရိပ်သန်းလာသည်၊ မျက်လုံးနှစ်ဖက် ပိုပြူးလာ သည်၊ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ပြီး အော်ဟစ် ရယ်မောလိုက် သည်။ ထို့နောက် ”၁ဝ ကျပ်၊ ၁ဝ ကျပ်။ မဟာကံထူးရှင်အတွက် ၁ဝ ကျပ်”ဟု အကြိမ်ကြိမ် အော်ဟစ်လိုက်လေသတည်း။   ။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈)မှ သရော်စာ  ဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."